ကျွန်တော့်ဇာတိမြို့လေး (၂)

0
188

သံတံတားကြီး အနောက်ဘက်ခြမ်းကို တစ်နည်းပြောရင် မြို့တွင်းပိုင်းလို့ ခေါ်နိုင်ပါတယ်၊ လမ်းရဲ့ ဘယ်ဘက် တစ်လျောက်မှာ လူနေအိမ်နဲ့ စတိုးဆိုင်အချို့ ရှိပြီး လမ်းရဲ့ညာဘက် တစ်လျောက်မှာတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မာန်ဘရာဘုန်းကြီ:ကျောင်း ၊ ရွှေစေတီဘုရားဝင်း၊ ဇောတိက ဘုန်းကြီ:ကျောင်း တို့ ရှိပါတယ်။ ဇောတိက ဘုန်းကြီးကျောင်းမှာ တစ်မြို့လုံး နီးပါး ကြားနိုင်လောက်တဲ့ အသံချဲ့စက်နဲ့ ချိန်ပြီး တပ်ဆင်ထားတဲ့ တိုင်ကပ်နာရီတစ်လုံး ရှိပါတယ်။ မြို့ကြီးပြကြီ:တွေလို နာရီစင် မဟုတ်ပေမယ့် ဘုန်းတော်ကြီ:ကျောင်းက နာရီဟာ တစ်မြို့လုံး အတိုင်းအတာနဲ့ ဘယ်နှနာရီထိုးပြီဆိုတာ အမြဲတစေ မဟုတ်တောင် မကြာခဏ သတိထား နားထောင်မိကြတဲ့ အချိန်မှန် ရေဒီယိုတစ်လုံးပါပဲ။ ဇောတိက ဘုန်းကြီ:ကျောင်းနဲ့ ကပ်လျက် လမ်းတစ်ခုခြားပြီးတော့ မြို့မစျေးကို တွေ့ရပါမယ်၊ စည်ပင်သာယာစျေးကြီ:ပေါ့။ အနယ်နယ် အရပ်ရပ် ကျေးရွာများက လာရောက်သောကြောင့် မြို့မစျေးဟာ နံနက် (၅) နာရီခန့်မှ စ၍ (၁၀)နာရီခန့်ထိ စည်ကားပြီး နေ့ခင်းတွင် ကျေးရွာများမှ လူများ ပြန်သွားသောကြောင့် အနည်းငယ် ခြောက်သွေ့သွားလေ့ ရှိပါတယ်၊ ဒါပေမယ့် မြို့မစျေး ပတ်လည်ရှိ ဆိုင်ခန်းများကတော့ ပုံမှန်အတိုင်းပဲ ရှိနေပြီး ညနေ (၄)နာရီခန့်မှ (၆)နာရီထိ ပြန်လည်၍ စည်ကားလာလေ ရှိပါသည်။ သို့သော် နံနက်ပိုင်း လောက်တော့ စည်ကားမှုမရှိ ပါဘူး။ ရာသီပေါ်သီးနှံများ စျေးချိုတာကြောင့် သီးနှံရောင်းဝယ်သူ ပိုများလို့ ပေါ့။

Yinmarbin-Market

မြို့မစျေး၏ မြောက်ဘက်တွင် (ဃ)ရပ်ကွက် တစ်ဆက်တည်း တည်ရှိသည်။ စျေး၏ မျက်စောင်းထိုး (ဇောတိက ဘုန်းကြီးကျောင်း မုဒ်ဝနှင့် မျက်နှာချင်းဆိုင်) နေရာတွင် ပြည်ထောင်စု ကျောက်တိုင် တည်ရှိပြီး ၎င်းကျောက်တိုင်ကို တစ်နှစ်တစ်ခါ ထုံးသုတ်ပြီး လွတ်လပ်ရေးနေ့တွင် ရောင်စုံ မီးပုံများ တပ်ဆင်လေ့ ရှိပါသည်။ ထိုကျောက်တိုင် ရှိတဲ့ ဝင်းလေးကို လွတ်လပ်ရေးပန်းခြံဟုလည်း ခေါ်ကြပါသည်။ တန်ခူးလ ရောက်လျှင် ထိုလွတ်လပ်ရေးပန်းခြံ ရှေ့ရှိ နေရာ တစ်ဝိုက်မှာပင် သင်္ကြန်အတွက် ဗဟိုမဏ္ဍပ် ဆောက်လေ့ရှိပါတယ်။ ပြည်ထောင်စုကျောက်တိုင်ရဲ့ လမ်းတစ်ဖက် ရှေ့တည့်တည့်တွင် “ယင်းမာပင်မြို့” ဆိုသည့် ဆိုင်းဘုတ်ငယ်လေးကို လည်း အတန်အသင့် လှလှပပဖြင့် တွေ့ရပါမယ်။ မြို့မစျေး၏ ရှေ့တည့်တည့်တွင် ဆောက်လုပ်ရေးဝင်းကြီး တည်ရှိသည်။ ၎င်းရုံး၏ မျက်နှာစာတွင် ယခုအခါ ဆိုင်ခန်းတွေ အစီအရီနဲ့ပေါ့၊ ၁၉၉၂ ခန့်က ထိုဆိုင်ခန်းတွေကို စတင် ဆောက်လုပ်ခဲ့သည်ဟု ကျွန်တော် စဉ်းစားရသမျှ ခန့်မှန်းမိသည်။ ထိုဝန်းရဲ့ တစ်ဘက်တွင် “ဝန်ထမ်းသက်သာ” မှ ဆိုင်ခန်းများကိုလည်း လမ်းရဲ့ထောင့်ချိုးမှာ ဆောက်လုပ်ဆဲပေါ့။ စျေးရဲ့ ပတ်ဝန်းကျင်ဟာ ယခုတော့ ပလက်ဖောင်းတွေနဲ့ပေါ့။ ၂၀၀၄ ခုနှစ်လောက်က ပလက်ဖောင်းတွေ စလုပ်ခဲ့တာလို့ ထင်တယ်။ လမ်းအပြည့် မဟုတ်ပေမယ့် အနည်းငယ်တော့ ပိုကြည့်ကောင်းသွားတယ်။
Yinmarbin-rock

စျေးရဲ့ ညာဘက် မျက်စောင်းထိုးတွင် သစ်တော့ရုံးဝင်း တည်ရှိပါတယ်။ အုပ်ဆိုင်းပြီ: ကြီ:မားတဲ့ သစ်ပင်တွေကြောင့် သစ်တောရုံးနဲ့တော့ လိုက်ဖက်ညီ နေလေရဲ့။ စျေးနဲ့ တစ်ဆက်တည်း မှာလည်း အိမ်ဆိုင်တွေ ရှိကြပါတယ်။ အဲဒီစျေးရဲ့ အနောက်ဘက်က (က) ရပ်ကွက် ဖြစ်ပါတယ်။ (က)ရပ်ကွက်ရဲ့ ဧရိယာဟာ လမ်းရဲ့ ထောင့်ချိုးကနေ မြို့အထွက်ထိ လမ်းညာဘက်ခြမ်းပေါ့။ အဲဒီရပ်ကွက်ကနေ အမေရေရင်ပွဲတော်ကို သွားတဲ့ လမ်းရှိတယ်၊
Yinmarbin-to

လမ်းရဲ့ ဘယ်ဖက်မှာ အ.မ.က(၂)၊ ရဲစခန်း၊ မြန်မာ့စီ:ပွားရေးဘဏ်၊ ဆက်သွယ်ရေးရုံး၊ မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ) ဝန်ထမ်းအိမ်ယာတွေ၊ နောက်… တံတားဖြူလေး၊ အရင်က အလှပြင်ဆိုင်ဆိုလို့ တစ်ဆိုင်တည်းရှိခဲ့စဉ်က အလှပြင်ဆိုင် ဖွင့်ခဲ့တဲ့ အိမ်တစ်အိမ်ရယ် (ဆိုင်နာမည်က “စိမ်း” တော့ပါတယ်၊ မေ့နေလို့)၊ စက်မှုလယ်ယာရုံး၊ အမျိုးသမီး အိမ်တွင်းမှုကျောင်း တို့ကို အစဉ်လိုက် တွေ့ရမှာ ဖြစ်ပါတယ်။
Yinmarbin-Primary-School-2

Yinmarbin-Police-Office

Yinmarbin-White-Bridge

Yinmarbin-Farm-Office

လမ်းရဲ့ ညာဘက်မှာတော့ အမေရေရင် နတ်နန်းသို့ သွားရာလမ်း၊ အစ္စလာမ် ဘုရားဝတ်ပြုကျောင်း (ဗလီကျောင်း)၊ သောက်ရေကန်နဲ့ တွဲထားတဲ့ ရေချိုးကန် (ကုလားတန်း ရေကန်လို့ ခေါ်ကြပါတယ်)၊ ဆေးရုံ၊ နောက်… တံတားဖြူ၊ အမျိုးသားဥယျာဉ်၊ ဆည်မြောင်ရုံး စသည်တိုကို တွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်ကနေပြီး နိုင်ငံခြားသား ခရီးသွားများအတွက် အလောင်းတော် ကဿပသို့ သွားလာရေးကိစ္စတွေကို ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ အလောင်းတော် ကဿပ သစ်တောအတွင်းမှာ ရှိတဲ့ ကျားမျိုးထိန်းသိမ်းရေးအတွက် ကမ္ဘာကျားမျိုး ထိန်းသိမ်းစောင့်ရှောက်ရေး ဖွဲ့ပြီး၊ အဖွဲ့အစည်းကို WHO သဘာဝ ထိန်းသိမ်းရေးအဖွဲ့ ဆိုပြီး ကမ္ဘာကနေ နှစ်စဉ် ဒေါ်လာနဲ့ ပေးထားတယ်လို့ သိရပါတယ်။ သဘာဝ သစ်ခွပန်းမျိုးနှင့် တိရိစ္ဆာန် ဘူမိဗေဒအတွက် နိုင်ငံခြားသားများ ပွင့်လင်းရာသီတွင် အတော်များများ လာလေ့ရှိပါတယ်။
Yinmarbin-West-Pool

Yinmarbin-National-Park

ယင်းမာပင်မြို့ရဲ့ အစ၊ အလယ်၊ အဆုံး နေရာ အတော်များများမှာ ဌာနဆိုင်ရာ အဆောက်အအုံတွေ ပေါများပါတယ်။ ၂၀၀၄ ခုနှစ်ခန့်က “အမျိုးသမီး အိမ်တွင်းမှုကျောင်း” ကိုလည်း မြို့ရဲ့ အထွက် စက်မှုလယ်ယာရုံးရဲ့ တောင်ဘက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဖွင့်လှစ်ခဲ့စဉ်က အပတ်စဉ်အလိုက် သင်တန်းသူ အရေအတွက်ဟာ ၂၅၊ ၃၀ ဦးခန့် ရှိပြီး သင်တန်းသူ အချို့ကို နည်းပြဆရာမ ပြန်ခန့် ခဲ့တာကြောင့် ဆရာမ အင်အား လုံလောက်သွားပါတယ်။ သင်ကြားသူတွေ အနေနဲ့ ယခုအချိန်မှာ သင်တန်း တစ်ပတ်စဉ်လျှင် အယောက် (၃၀) မှ (၄၀) ကြားတွင် ရှိနေပါတယ်။ ယောမြို့၊ ဂန်ဂေါမြို့၊ ကောလင်း၊ ဝန်းသို၊ ရွှေဘိုနှင့် ယင်မာပင်မြို့နယ် ပတ်ဝန်းကျင်မှ မိန်းကလေးများ သင်တန်းသူအဖြစ် တက်ရောက်ကြပါတယ်။ ဖွင့်စအချိန်က သင်တန်းတက်ရောက်သူ အရည်အချင်းကို ဆယ်တန်းအောင်ပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဘွဲရပြီးသူ ဖြစ်ရမည်ဟု ပြောင်းလဲသတ်မှတ်လိုက်တာကို တွေ့ရပါတယ်။ သင်တန်း တက်ရောက်စဉ် ကာလအတွင်း ကျောင်းကနေ စားရိတ်ငြိမ်း စားရေးနဲ့ နေရေးအတွက် ဆောင်ရွက် စီစဉ်ပေးပါတယ်။ သင်တန်းကာလကတော့ (၆) လခန့် ဖြစ်မည် ထင်သည်၊ အဘယ်ကြောင့် ဆိုသော် တစ်နှစ်လျှင် သင်တန်းအပတ်စဉ် နှစ်ခုခန့် ဖွင့်သောကြောင့် ဖြစ်သည်။
အမျိုးသမီး အိမ်တွင်းမှုကျောင်း

အဲဒီ အိမ်တွင်းမှုကျောင်း ရှေ့မှာ လူငယ်တစ်ချို့လည်း ညဦးပိုင်းမှာ ဂီတာသွားတီးလေ့ ရှိပါတယ်။ ဒါပေမယ့် ကျောင်းတက်တဲ့ အဆောင်တွေရှေ့မှာ သွားတီးတတ်တဲ့ ဂီတာဝိုင်းတွေလို ပုံမှန်တော့ မဟုတ်ပါဘူး။ အိမ်တွင်မှုကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ဆည်မြောင်ရုံး ရှိပြီး ကျောင်းနဲ့ တစ်ဆက်တည်း လမ်းဘေးဘယ်ညာမှာ တမာပင်တွေဟာ ယိမ်းထိုးအုံ့ဆိုင်းနေပြီး လမ်းအကွေ့လေးနဲ့ ကြည့်၍ အလွန်လှတဲ့ နေရာလေး ဖြစ်နေပါတယ်။ နောင်တစ်ချိန်မှာ အဲဒီနေရာ ပတ်ဝန်းကျင်လေးက စည်ကားမှု အသင့်အတင့် ရှိလာနိုင်မယ့် နေရာလေးပေါ့။
R1 ရေကန် လမ်း

မြို့အဝင်ထက်စာရင် မြို့အထွက်က ကျွန်တော့် သူငယ်ချင်းတွေ ပြောသလို ပိုပြီး ဆွဲဆောင်အား ရှိတယ်လို့ ထင်မိပါတယ်။ မြို့အထွက်ဆိုင်းဘုတ် ကိုလည်း မြို့အဝင် ဆိုင်းဘုတ်ကဲ့သို့ အရောင်တူ ချယ်မှုန်းထား ပါတယ်။ ထိုဆိုင်းဘုတ်ရဲ့ ဘယ်ဘက်မှာတော့ လှပအုံ့ဆိုင်းနေတဲ့ ယူကလစ်ပင်တွေ ဝန်းရံနေသော မြေနီလမ်းနဲ့ ရေကန်တစ်ကန် ရှိနေပါတယ်။ ဒီရေကန်ဟာ (၉၉) ကန်ထဲမှာ အပါအဝင် ဖြစ်တဲ့ ရေကန်တစ်ခု ဖြစ်ပေမယ့် အနည်းငယ် အသွင်မတူတဲ့ ပုံစံနဲ့ တည်ရှိနေတဲ့ ကန်လေးပါ။ ယင်းမာပင်မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရေကန်တွေ အားလုံးထဲမှာ Hit အဖြစ်ဆုံး R.1 ဆိုတဲ့ ရေကန်လေးပေါ့။ R.1 ရေကန်ဟာ ယင်းမာပင်မြို့ရဲ့ အထွက်၊ မြို့အထွက်ဆိုင်းဘုတ်ရဲ့ ဘေးမှာ ရှိပါတယ်။ ယင်းမာပင် – ပုလဲ ကတ္တရာလမ်းမ ကနေ တစ်ပြခန့် မြေနီလမ်းလေးလည်း ခင်းထားပါတယ်။ တမာပင်တွေ၊ ထနောင်းပင်တွေ မရှိဘဲနဲ့ ဖြူဖြူဖွေးဖွေး ယူကလစ်ပင်ကြီးတွေကို အစီအရီ လမ်းဘေးဘယ်ညာမှာ စိုက်ပျိုး ထားပြီးတော့ အုန်းပင်တွေ အချို့ကိုလည်း ကန်ဘောင်ဘေး ပတ်ဝန်းကျင်မှာ စိုက်ပျိုးထားပါတယ်။ အဖြူရောင်စွတ်စွတ် ယူကလစ်ပင်တွေနဲ့ မြေနီလမ်းက မြင်သူတိုင်းကို ဆွဲဆောင်မှု ရှိလှပါတယ်။ ဖြူဖွေးနေတဲ့ ယူကလစ်ပင်တွေဟာ တစ်ခုခုကို သတိရစေဟန် ရှိနေပါတယ်။ အဲဒီရေကန်ကို ရေကူးသူတွေလည်း လာကြတယ်၊ ပြီးတော့ လူငယ်တွေ စိတ်အပန်းဖြေတဲ့ နေရာလေးပေါ့။ နယ်ဝေး ရပ်ဝေးမှ ဧည့်သည် ဆွေမျိုးတွေကိုလည်း အဲဒီနေရာ (R.1 ရေကန်) ကို ခေါ်ပြီး အရောက်သွားပြလေ့ ရှိပါတယ်။ တစ်ချို့ ကျောင်းသားစုံတွဲတွေ၊ သူငယ်ချင်းတွေ အတွက် အဲဒီနေရာလေးက ဆုံမှတ်တစ်ခုပေါ့။ အဲဒီ နေရာလေးမှာ တွေ့ပြီ: အဲဒီ နေရာလေးမှာပဲ လမ်းခွဲခဲ့ကြတဲ့ ချစ်သူစုံတွဲ တွေလည်း ရှိခဲ့ကြဟန်တူပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ယူကလစ်ပင်စည်တွေ ပေါ်မှာ ရေးသားထားတဲ့ ယူကလစ်စာတွေက သက်သေပြနေလို့ ပဲပေါ့။ (ဒီရေကန်နားက ယူကလစ်ပင်တွေမှာလည်း လူငယ်တွေ၊ ချစ်သူစုံတွဲတွေရဲ့ ယူကလစ်စာတွေဟာ ထင်ကျန် နေခဲ့ပါတယ်။) ပုဂံခေတ်က မြကန်သာ မဟုတ်ပေမယ့်လည်း ယခုခေတ်ရဲ့ (ကျွန်တော်တို့ မြို့ကလေး အတွက်ပေါ့) No.R.1 မြကန်သာ လေးပေါ့။
ယူကလစ်စာ

ယင်းမာပင်မြို့ အဝင်အထွက် အပါအဝင် မြို့ပတ်ဝန်းကျင်မှာ (၉၉) ကန်လို့ ခေါ်တဲ့ ရေကန်တွေ စုစုပေါင်း (၉၉) ကန် ရှိပါတယ်။ ရေလျှံတွင်းတွေပေါ့၊ သူ့အလိုလို (၂၄)နာရီ အချိန်ပြည့် ရေတွေ ထွက်နေတတ်တဲ့ ရေကန်မျိုးတွေပါ။ အဲလို ရေကန်တွေရဲ့ အကျယ်အဝန်းဟာ ခန့်မှန်း တစ်ဧကလောက် ရှိမယ် ထင်ပါတယ်။ ဒီလို ရေကန်တွေကို ၁၉၉၄ ခန့်က ဆောက်လုပ်ခဲ့တာပါ၊ အဲဒီတုန်းက လုပ်အားပေးကို စိတ်ညစ်အောင် ပေးလိုက်ရတာကို မှတ်မိနေပါတယ်။ စိုးလှိုက်ဦးကတော့ ဒါဟာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု (Forced Labour) ကွ၊ ငါတို့များ အဲဒါကို နောင် ငါးနှစ်လောက်ကျမှ နားလည်တယ်လို့ ပြောလေ့ ရှိပါတယ်။ ရေလျှံတွင်းတွေရဲ့ ရေထွက်အားကတော့ ယခင်ကလောက် မကောင်းတော့ပါဘူး။ အချိန်ကာလ ကြာလာတာနဲ့ အမျှ ရေပိုက်တွေမှာ သဲပိတ်ဆို့မှု၊ ရေညှို့တက် ပိတ်ဆို့မှု၊ ရေထွက်အား ကျဆင်းလာမှု တို့ကြောင့် တစ်ချို့ ရေကန်တွေ ဆိုရင် လုံးဝ ခမ်းခြောက်သွားတာ တွေလည်း ရှိပါတယ်။ တစ်ချို့လည်း အဲဒီရေကန်တွေမှာ ဆည်မြောင်းဌာနကို အခွန်ဆောင်ပြီး ငါးမွေးမြူရေးကို လုပ်ဆောင်ကြပါတယ်။ ကျွန်တော်လည်း လုပ်ခဲ့ဖူးပါရဲ့၊ ဒါပေမယ့်ဗျာ ကန်တွေမှာ အစောင့် မထားနိုင်ရင် ဆေးချတယ်၊ ပိုက်ချတယ် နောက်ဆုံးတော့ ငါးမွေးမြူရေးကို လုံးဝ လက်လျှော့လိုက်ရ တော့တယ်။ တစ်ချို့လည်း အစောင့်တစ်ယောက် ထားပြီး ဆက်လုပ်ကြတာ တွေ့ရပါတယ်။
Yinmarbin-R1

ဒီမြို့လေးကို ယေဘူယျ ချုံ့ကြည့်မယ် ဆိုရင် ဌာနဆိုင်ရာ အဆောက်အဦးတွေ ပေါများတာကြောင့် ဝန်ထမ်းတွေ ပေါများတယ်ပေါ့၊ ဒါတော့ အထူးပြောစရာ မလိုတော့ ပါဘူး။ ဝန်ထမ်းမြို့လေးလို့ပဲ ဆိုကြပါစို့၊ ဒါကြောင့် တစ်ချို့လည်း မနှစ်က ပြောင်းလာလိုက် ဒီနှစ် ပြောင်းသွားလိုက်နဲ့ Hello ဖြစ်လိုက်၊ Goodbye ဖြစ်လိုက်နဲ့ပေါ့။ ဒါဟာ မြို့ကလေးရဲ့ မသိမသာ ပြောင်းလဲတတ်တဲ့ လည်ပတ်မှုတစ်ခုပေါ့။ ဒါပေမယ့် အလွမ်းဓာတ်ခံ ရှိသူတွေအဖို့ ဘယ်လိုလုပ် ဝန်မခံဘဲ နေနိုင်ပါ့မလဲ၊ နိုင်ငံတော်ရဲ့ တာဝန်ပေးမှုအရ ပြောင်းရွေ့ စွန့်ခွာ သွားရပေမယ့် လွမ်းတမ်းတ ချစ်ခင်စိတ်တွေနဲ့ ခွဲခွာသူတွေသာ များပါတယ်။ ကျွန်တော်တို့ မြို့သူ/သား တွေရဲ့ ထူးခြားမှုတစ်ခုက ဒီမြို့လေးကို ရပ်ဝေးက သူစိမ်းတွေ ရောက်လာရင် အနည်းငယ် သတိထားမိကြပြီး ပြန်သွားရင်တော့ တော်တော်များများက သတိမထားမိလိုက် ကြပါဘူး။

ဒီမြို့လေးဟာ ဘာပဲပြောပြော ခေတ်နောက်မကျပေမယ့် ခေတ်ရှေ့ကိုလည်း မပြေးတဲ့ မြို့လေးပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ဝန်ထမ်းတွေ အနေများပြီး စာဖတ်သူတွေ၊ ဘွဲ့ရပညာတတ်တွေ များတာကြောင့်ပါပဲ။ ဒါပေမယ့် ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို လုပ်ကိုင် နေကြသူတွေထက် စာရင် ဝန်ထမ်း လခစားတွေက ပိုပြီး များတာကြောင့် တစ်လစာ တစ်လ အလျင်မီမီနဲ့ အဆင်ပြေအောင် ကြိုးစားနေရတာတွေ များပါတယ်။ မိဘနဲ့အတူ ကလေးတွေလည်း မီခိုနေထိုင်ကြသူတွေ များတယ်။ သားသမီး အတော်များများ ကိုလည်း အနည်းဆုံး ဆယ်တန်းအောင်သည်အထိ ထားလေ့ရှိပြီး ဘွဲ့ရတဲ့သူတွေလည်း ပေါများပါတယ်။ မိဘတိုင်းလိုလို ပညာရေးကို ဦးစားပေးပြီး သင်ခိုင်းဖို့ တွန်းအားပေးတဲ့ မြို့လေးပေါ့။ အခု နောက်ပိုင်းမှာ ကိုးတန်း၊ ဆယ်တန်း ဘော်ဒါဆောင်တွေ အပြိုင်အဆိုင် ပေါ်ပေါက်လာပြီး ကျွန်တော်ရဲ့ ဇာတိမြို့လေးဟာ ပညာရေးမြို့တော်လေး ဖြစ်မှန်းမသိ ဖြစ်နေပါတော့တယ်။

Yinmarbin-School-Students