ကျွန်တော့်ဇာတိမြို့လေး (၁)

0
180

ယင်းမာပင်မြို့ အကြောင်းကို သူ့ရဲ့ မြို့သူ/သားတွေ ပြန်ရေးတာကို ဖတ်ကြည့်ရင် မြို့လေးရဲ့ သရုပ်က ပိုပြီး ပီပြင်လာတယ်လို့ ကျွန်တော် တွေးမိတယ်။ ကျွန်တော် ယင်းမာပင်မြို့ အကြောင်းကို အန်တီ မိမိလေး ရေးတာဖတ်တယ်၊ အလင်းနစ် ရန်ကုန်မှာ နေတုန်းက ရေးသွားတဲ့ စာတွေ ပြန်ဖတ်တယ်။ ယင်းမာပင်မြို့လေးကို တမာပင်နဲ့ တွဲမြင်တဲ့ သူတို့ အတွေးတွေ တူတယ်၊ တမာတန်းနဲ့ လမ်းလေးကို ချစ်တာချင်း တူတယ်။ သူတို့က ကိုယ်မမြင်တဲ့ အချက်လေးတွေကို တွေ့တယ်၊ ဥပမာ− အန်တီ မိမိလေးက မြို့လေးရဲ့ လုံခြုံမှုကို မြင်တယ်၊ အလင်းနစ်က ဇောတိက ဘုန်းကြီးကျောင်းက တစ်နာရီထိုးတိုင်း တစ်ခါမြည်တဲ့ နာရီကို မြင်တယ်။ အန်တီ မိမိလေးပြောတဲ့ လုံခြုံမှုဆိုတာကို မလုံခြုံတဲ့ အချိန်မှာ ပိုတန်ဖိုးထား ဖြစ်တယ်၊ အဲလိုပဲ အလင်းနစ်ပြောတဲ့ အသံချဲ့စက်နဲ့ ဆက်ထားတဲ့ တိုင်ကပ်နာရီကြီး အသံကိုလည်း လွမ်းတယ်၊ ယင်းမာပင်ကို ဖုန်းဆက်တော့ တစ်ခါမှာ နာရီကြီ: မြည်တဲ့အချိန်နဲ့ တိုက်တော့ ဖုန်းထဲကနေ ကြားလိုက်ရတယ်။ အာ…. ကိုယ့်မြို့ကို ချက်ချင်း ပြန်ရောက် သွားသလိုပဲ။

အန်တီ မိမိလေးရဲ့ ဆောင်းပါးကိုတော့ “စိမ်းလန်းသစ်ပင်” ဆိုပြီး တင်ပြီးပါပြီ၊ အခု အလင်းနစ် ရေးတဲ့ ယင်းမာပင်မြို့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဒီကောင်နဲ့ ရန်ကုန်မှာ အတူနေတုန်းက သူက သီချင်းပဲ ရေးနေတဲ့ အချိန်ပေါ့။ ကျွန်တော်က ယင်းမာပင်ဘလော့ကို ရေးနေတော့ သူ့ကို ယင်းမာပင်အကြောင်း စာလေးတစ်ပုဒ် ရေးပေးပါကွာ ဆိုပြီး တောင်းတယ်။ သူလည်း ရေးဖို့ လုပ်နေရင်း တစ်ဝက်တစ်ပျက်မှာပဲ အိမ်ပြန်သွားရတယ်။ သူရေးနေတဲ့ ယင်းမာပင်မြို့ အကြောင်း စာလေးက တစ်ပိုင်းတစ်စနဲ့ ကျွန်တော့်ဆီမှာ ကျန်ခဲ့ပါတယ်။ နောက်ပိုင်း ယင်းမာပင်မှာ တွေ့တော့လည်း ခဏဆိုတော့ အဲဒီစာလေးကို ဆက်မရေးခိုင်းဖြစ်တော့၊ ခုမှ ပြန်ဖတ်မိလို့ တင်ပေးလိုက်တာပါ။

ဓာတ်ပုံတွေကတော့ ကျွန်တော်ကိုယ်တိုင် ရိုက်ထားတဲ့ အထဲကနေ သင့်တော်သလို ရွေးထည့်ထားတာပါ။ ရယ်ရတယ် ဗျ… ညောင်ပင်ကြီးဆိပ်ကမ်းမှာ စက်လှေပေါ်ကနေ ကျွန်တော်က လှမ်းရိုက်နေတုန်း တိုးရစ်တစ်ယောက် ကလည်း ကိုယ့်စက်လှေကို လှမ်းရိုက်နေတာနဲ့ ကြုံလိုက်ရသေးတယ်။ အဲဒီ ပုံလေးလည်း ထည့်ထားတယ်… :D/

တစ်ခုဗျ… ဒီစာတွေကို အလင်းနစ် ရေးတဲ့ အချိန်ကာလက ၂၀၀၆-၀၇ ဆိုတာလေးကိုတော့ အမှတ်ရပေးပါ။ အခုနောက်ပိုင်းမှာ သူရေးထားတဲ့ အချက်တွေနဲ့ မကိုက်ညီတော့တဲ့ ပြောင်းလဲ တိုးတက်မှုတွေ ရှိနေပါပြီ။ နောက်တစ်ခု ကြိုပြီး တောင်းပန်ချင်တာက အလင်းနစ်က အန်တီ မိမိလေးလို စာရေးမကောင်းဘူးဗျ၊ ဒါပေမယ့် သူ့စာထဲမှာ ယင်မာပင်မြို့လေးအပေါ် ထားတဲ့ သူ့သံယောဇဉ်ကို မြင်တွေ့ နိုင်ပါတယ်−

ယင်းမာပင်မြို့ ဆိုတာ ပြောရရင် “ယင်းမာပင်” တွေ ပေါတဲ့ နေရာတော့ မဟုတ်ပါဘူး။ ဒါ No.1 ပဲလေ။တကယ်တော့ တမာပင်တွေ၊ ထနောင်းပင်တွေ … ကန္တရပင်တွေ ရင့်ရင့်သီးသီး ပေါတဲ့ အညာမြို့လေးပေါ့။အဲ… တစ်နှစ်ပြည့်ရင်တော့ ယင်းမာပန်း ရနံ့တွေ လှိုင်လှိုင် သင်းပျံ့ တတ်ပါတယ်။အဲဒီမြို့လေးကို ၁၂လ ရာသီ အချိန်မရွေး သွားလို့ရတဲ့ ကတ္တရာလမ်း ခင်းထားတာမို့ သွားရေးလာရေး အတွက်တော့ အဆင်ပြေပါတယ်။ မြို့ကိုဝင်တာနဲ့ ကွေ့ကောက်တဲ့ ကတ္တရာလမ်းနဲ့ အညီ အစီအရီ ပေါက်နေတဲ့ တမာပင်တွေ၊ ထနောင်းပင်တွေနဲ့ ချည်းပဲ အုံ့ဆိုင်းနေတာကို တွေ့ရမှာပါ။ အဲဒါကလည်း အညာပီသစေတဲ့ လက္ခဏာ တစ်ခုလို့ ပြောရင် ရပါတယ်။ ဟိုးအရင် ကိုလိုနီခေတ် ကတည်းက ဒီသစ်ပင်တွေကို စနစ်တကျ စိုက်ပျိုးထားခဲ့ တာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ တော်တော်လေး စနစ်ကျပြီး လှပလွန်းတာမို့ အဲဒီခေတ်က လူတွေရဲ့ ကျေးဇူးကိုလည်း အောက်မေ့မိပါရဲ့။

မုံရွာမြို့နဲ့ (၁၇) မိုင် ကွာဝေးတာကြောင့် ခရီးအားဖြင့် ကား၊ ဆိုင်ကယ်နဲ့ ဆိုရင် (၄၅)မိနစ် / တစ်နာရီလောက်ပဲ ကြာလိမ်မယ် (ညောင်ပင်ကြီး − ယင်းမာပင် လမ်းဆိုရင်ပေါ့)။ လာမယ်ဆိုရင် (၂)လမ်း ရှိပါတယ်−
(၁) ပထမလမ်းကတော့ ချင်းတွင်းမြစ်ရဲ့ တစ်ဖက်ကမ်း ကူတို့ဇက်ဆိပ်ကနေ စက်လှေဖြင့် လာလို့ရနိုင်တဲ့ လမ်းပါ၊ ညောင်ပင်ကြီးတစ်ဘက်ကမ်း မုံရွာဆိပ်ကမ်းကနေ အနောက်ဘက် တည့်တည့်သို့ ချင်းတွင်းမြစ်ကို ဖြတ်ပြီး လာရမှာပေါ့။

NyaungPinGyi

NyaungPinGyi2

နောက်တစ်လမ်းကတော့ မုံရွာမြို့နဲ့ အလုံတပ်မြို့ ကြားကနေ ချင်းတွင်းမြစ်ကူးတံတား ဆောက်လုပ် ပေးထားသောကြောင့် ကားနဲ့ တိုက်ရိုက်လာနိုင်တဲ့ လမ်းပါ၊ အဲဒီ တံတားကို ချင်းတွင်းတံတား (မုံရွာ) ဟု အမည်တွင်ပြီး၂၀၀၂ ခုနှစ် ခန့်က အစိုးရက ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ChindwinBridge

JunctionOfSTO

အဲဒီတံတားရဲ့ တစ်ဖက်မှာ ယခု လူသိများနေတဲ့ ရွှေတောင်ဦးဘုရား ရှိပြီး ဘုရားကနေ အနောက်တောက်ဘက်ကို ချိုးသွားတဲ့ လမ်းကနေ ယင်းမာပင်ကို လာလို့ ရပါတယ်။ (အဲဒီ လမ်းမကြီးဟာ ကလေး၊ ယာကြီ: စသည့်မြို့များကို သွားလို့ရပြီး အိန္ဒိယ နယ်စပ်ထိအောင် ရှည်လျားပါတယ်)။ ချင်းတွင်းတံတား(မုံရွာ) ကနေ လာရင် ကား၊ ဆိုင်ကယ် များအတွက် တံတားခွန် ပေးရပါတယ်။ အဲလိုပဲ ယမာင်းချောင်း တံတားမှာလည်း တံတားခွန် ကောက်ပါတယ်။ ယခုအခါ ယမားချောင်းတံတားကို ပြင်ဆင်ပြီ:တာကြောင့် ခရီး အဆင်ပြေစေပါတယ်။ (တံတားပုံသဏ္ဍာန်မှာ ကြိုးတံတားပုံစံ အသေးစား ဖြစ်ပါတယ်)။

NorthYamar

STORoad

အဲဒီ တံတားကနေ လာရင်းနဲ့ မြေနီခင်းထားတဲ့ လမ်းဟာ မိုင်းမြို့ (ကြေးနီမိုင်း) ကို ဖြတ်သန်းပြီး ကတ္တရာလမ်းမထိ ရောက်သွားပါလိမ့်မယ်။ (ယခုအခါ လမ်းဖောက်လုပ်နေတာ ပြီးဆုံးသွားပြီမို့ ကတ္တရာလမ်း ဖြစ်သွားပါပြီ။) အဲဒီလမ်းဆုံကို ရောက်ရင် အနောက်ဘက်ဆီ ချိုးသွားတဲ့ ကတ္တရာလမ်းမကြီးဟာ ယင်းမာပင်မြို့ဆီကို ဦးတည်နေတဲ့ လမ်းမကြီးပေါ့။ အဲဒီ ကတ္တရာလမ်းအတိုင်း လာလိုက်ရင် ခရီးအကွာအဝေး (၁၂)မိုင် လောက်ပဲ ရှိမယ် ထင်ပါတယ်။

STOJunction

PoeWinTaungRoad

၎င်းလမ်းတစ်လျှောက်မှာ မိုင်းမြို့၊ သမိုင်းဝင် အင်ကြင်းတောင်၊ သမိုင်းဝင် ဖိုးဝင်တောင် စသည်တို့ကို ဖြတ်သန်း၍ (တည်ပင်ကန် ကောင်းဆင့် နှောရိုး၊ မြို့သစ် စသည့် ကျေးရွာများ) ရောက်လျှင် တွေ့သည့် မြို့ဟာ ယင်းမာပင်မြို့လေးပေါ့။ မြို့ဝင်တာနှင့် လယ်ကွင်းတွေ လမ်းရဲ့ ဘေးဘယ်ညာမှာ ရှိပြီး ရေကန်တွေနဲ့ တမာပင်၊ ထနောင်ပင်အချို့ကိုလည်း မြင်တွေ့ရပါမယ်။ ပြီ:တော့ ဓာတ်ဆီဆိုင်များကို အရင်ဆုံး တွေ့မြင်ရမှာဖြစ်ပြီး ဆက်လာလိုက်ရင်တော့ မြို့ဝင် ရွှေပေါက်ပင် ဘုရားဝင်း၊ ထိုဘုရားဝင်းနှင့် မျက်နှာချင်းဆိုင်တွင် မယ်သီလရင်ကျောင်း စသည်တို့ကို တွေ့ရမယ်ပေါ့။

OilShops

PautPinKuuPagoda

Nane

အဲဒါတွေ ကျော်တာနဲ့ လူနေအိမ်တစ်ချို့ကို တွေ့မြင်ရပါ လိမ့်မယ်။ ယခင် သတ်မှတ် တည်ရှိခဲ့တဲ့ နေရာထက် မြို့လေးဟာ အနည်းငယ် တိုးချဲ့လာတာကြောင့် မြို့ဝင်ဆိုင်းဘုတ်ထက် စောပြီး ၎င်းအိမ်တွေကို တွေ့ရတာ ဖြစ်ပါတယ်။ ယခင်က မြို့ဝင်ဆိုင်းဘုတ်လေးကို နောက်ခံ မိုးပြာရောင်မှာ စာလုံးအဖြူရောင်လေးဖြင့် ” လှိုက်လှဲစွာ ကြိုဆိုပါ၏ ယင်းမာပင်မြို့” ဟု ရိုးသားစွာ တွေ့မြင်ရပါတယ်။

YMB_WelcomeSignboard2

ယခုအခါမှာတော့ ယခင်နေရာထက် ရှေ့တိုးပြီး လှလှပပ ကြည့်၍ တင့်တယ်အောင် ဆိုင်းဘုတ်ကို အနီရောင် နောက်ခံတွင် စာလုံးအဝါရောင်ဖြင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်လောက်က မြို့ဝင်ဆိုင်းဘုတ်ကို ပြောင်းလဲ လိုက်တယ်လို့ ကျွန်တော် မှတ်မိသလောက် ယူဆမိပါတယ်။

YMB_WelcomeSignboard

မြို့ဝင် မြို့ထွက်မှာ အလျား (၂) မိုင်ခန့် ရှိမည် ထင်ပါတယ်၊ ဒီထက်လည်း နည်းကောင်း နည်းနိုင်ပါတယ်။ ယင်းမာပင် မြို့အဝင် မြင်ကွင်းမှာ တမာပင်စိမ်းစိမ်းတို့ဖြင့် ချစ်စရာကောင်းလှသလို အနောက်ဘက် မြို့အထွက်က မြင်ကွင်းကလည်း လွမ်းတမ်းတဖွယ် ကောင်းလှပါတယ်။ ကျွန်တော့် သူငယ်ချင်းများ ကတော့ မြို့အထွက် မြင်ကွင်းက ပိုလှပြီး စိတ်ထဲစွဲတယ်လို့ ပြောလေ့ ရှိကြပါတယ်။ မြို့ဝင်ကနေ မြို့ထွက်ထိ တမာနဲ့ စပြီ: တမာနဲ့ ဆုံးတာမို့ ကျွန်တော်တို့ သူငယ်ချင်းတစ်ချို့လည်း “တမာပင်မြို့” လေး ဆိုပြီး ချစ်စနိုး ပြောင်းလဲ ခေါ်နေလေရဲ့။ (စိုးလှိုက်ဦးကလည်း သူ့ကဗျာ တစ်ပုဒ်မှာ တမာပင်မြို့လို့ ပြောင်းခေါ်ရင် ကောင်းမယ်တဲ့)

မြို့ဝင်ဆိုင်းဘုတ်ကို ကျော်ပြီး ဆက်ဝင်လာ လိုက်တာနဲ့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ လူနေအိမ်တွေ၊ မြို့အဝင် အကောက်ခွန်ဂိတ်၊ မီးသတ်ရုံး၊ အ.ထ.က(ယင်းမာပင်)၊ ပညာရေးမှူးရုံး…. စသည်များကို အစဉ်အတိုင်း တွေ့ရပြီး မကြာခင်မှာပဲ သံတံတား တစ်ခုကို တွေ့ရမယ်ပေါ့။ ယင်းမာပင်သူ/သား တွေက အဲဒီ တံတားကို သံတံတားကြီး (ဝါ) မြို့လယ် သံတံတားကြီးလို့ ခေါ်လေ့ ရှိပါတယ်။ ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက သံတံတားကြီး လို့ နှုတ်ကျိုးနေလို့သာ၊ အမှန်က ကျွန်တော်တို့ သံတံတားဟာ အကြီးစားထဲမှာ မပါဘူးလို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ အဲဒီတံတားရဲ့ အရှေ့ဘက်ပိုင်းကို တိုးချဲ့ကွက်သစ် (တိုးချဲ့) လို့ ခေါ်ကြပါတယ်။ တံတားရဲ့ အနောက်ပိုင်းကိုတော့ မြို့ထဲလို့ ခေါ်လေ့၊ ပြောလေ့ ရှိပါတယ်။ အဲဒီ သံတံတားကြီးကို ဂျပန်ခေတ် (၁၈၇၉ ခုနှစ် ခန့်တွင်) စစ်ပြေးလမ်းကြောင်း လုပ်ခဲ့စဉ်က အဲဒီတံတားကို တည်ထားခဲ့တယ်လို့ ရှေးလူကြီးများ ပြောစကားအရ မှတ်သားဖူးပါတယ်။

SteelBridge

သံတံတားကြီးဟာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီမို့ Over Date ဖြစ်နေပြီပေါ့၊ သံတံတားကြီးရဲ့ အောက်က ချောင်းကြီးကို ပုန်းချောင်း (ဘုန်းချောင်းဟု အသံထွက်ပါသည်) လို့ ခေါ်ကြပါတယ်။ အဲဒီ သံတံတားနဲ့ ပုန်းချောင်းကို ရှေးလူကြီးတွေ၊ ဘုန်းကြီးတွေ နိမိတ်ဖတ်ခဲ့ တာကတော့ နောင်တစ်ချိန် သံတံတားကြီးက မြို့ရဲ့ အလယ်ခေါင် Center ဖြစ်ပြီးတော့ ယခုလက်ရှိ ပုန်းချောင်းကြီးဟာ ရေတွေ လုံးဝ ခမ်းခြောက်သွားမယ်တဲ့။ ရှေးလူကြီ:တွေရဲ့ ပြောစကား နိမိတ်ဖတ်တာတွေဟာ အခုတော့ အတော်လေးတော့ မှန်နေပြီပေါ့။ ပုန်းချောင်းဟာ အများအားဖြင့် ဝါဆို၊ ဝါခေါင်မှာ ရေကြီးလေ့ ရှိပါတယ်။ သံတံတားကြီးရဲ့ တောင်ဘက်အရပ်ဟာ (ခ) ရပ်ကွက် ဖြစ်ပြီး၊ သံတံတားကြီးရဲ့ အနောက်ဘက် အရပ်မှာ မြို့ရဲ့ စည်ကားမှုကို အထိုက်အသင့် မြင်တွေ့ရပါမယ်။

ဆက်ပါဦးမည်………..