ချင်းတွင်းမြစ် သတင်းများ

0
131

ချင်းတွင်းမြစ်ကြောင်း အမြန်ရေယာဉ် လိုင်းသစ်တစ်ခုတိုး

ချင်းတွင်းမြစ်ကြောင်းဟာ မြစ်ရေမြင့်တက်ချိန်များတွင်သာ သင်္ဘောခရီးစဉ်များ ရှိပြီး နွေရာသီမှာတော့ အမြန်ရေယာဉ် (ရှော်တယ် ဟု ခေါ်ကြပါတယ်) များနဲ့သာ သွားလာဖို့ အဆင်ပြေလေ့ ရှိပါတယ်။ ဒါပေမယ့် အမြန်ရေယာဉ်တွေဟာ မြစ်ရေ မြင့်မြင့်၊ နိမ့်နိမ့် ဆယ်နှစ်လ ရာသီလုံး ပြေးဆွဲပေးပါတယ်။ ပြေးဆွဲလျက်ရှိတဲ့ အမြန်ရေယာဉ်လိုင်းတွေ ကတော့ ရွှေနဒီ၊ ငွေဇင်ဦး နဲ့ MGRG တို့ ဖြစ်ကြပါတယ်။ အဆိုပါ အမြန်ရေယာဉ်လိုင်း သုံးခုပေါင်းမှာ အမြန်ရေယာဉ်ပေါင်း (၄၅) စီး ရှိတယ်လို့ သိရပါတယ်။

၂၀၁၂ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စပြီးတော့ သီဟထွန်း အမြန်ရေယာဉ်လိုင်းသစ်တစ်ခု ထပ်မံ တိုးမြှင့် ပြေးဆွဲလာပါတယ်။ သီဟထွန်း ခရီးသည်တင် အမြန်ရေယာဉ် လိုင်းဟာ မုံရွာ − ဟုမ္မလင်း၊ မုံရွာ − မင်းကင်း ခရီးစဉ်များကို နေ့စဉ် နံနက် ၄ နာရီခွဲတွင် တစ်စီးစီ ပြေးဆွဲပေးမှာဖြစ်ပြီး သီဟထွန်း ခရီးသည်တင် ရေယာဉ်ပို့ဆောင်ရေးတွင် ရေယာဉ်အစီးပေါင်း ၂၀ ရှိတယ်လို့လည်း သိရပါတယ်။

သီဟထွန်း အမြန်ရေယာဉ်တိုင်းမှာ ခရီးသည် (၁၅၀)ဦး လိုက်ပါနိုင်တဲ့ ဆိုဖာထိုင်ခုံများ တပ်ဆင်ထားပြီး ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ ရုပ်မြင်သံကြားစက် ၄ လုံးစီ တပ်ဆင်ပေး ထားတယ်လို့လည်း သိရပါတယ်။ သီဟထွန်း အမြန်ယာဉ်လိုင်း အခြေစိုက်တဲ့ မုံရွာဆိပ်ကမ်းမှာလည်း သူတို့ ရေယာဉ်လိုင်း အတွက် သီးသန့် သစ်သားဆိပ်ခံ တံတားတစ်စင်ကိုလည်း ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အလိုက် ရေယာဉ်စီးနင်းခများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် −

မုံရွာ − ဟုမ္မလင်း ။ ၁၄,၀၀၀ ကျပ်
မုံရွာ − မင်းကင်း ။ ၄,၅၀၀ ကျပ်
မုံရွာ − ကလေးဝ ။ ၆,၅၀၀ ကျပ်
မုံရွာ − မော်လိုက် ။ ၉,၀၀၀ ကျပ်
မုံရွာ − ဖောင်းပြင် ။ ၁၂,၀၀၀ ကျပ်
ဟုမ္မလင်း − ဖောင်းပြင် ။ ၄,၀၀၀ ကျပ်
ဟုမ္မလင်း − မော်လိုက် ။ ၆,၀၀၀ ကျပ်
ဟုမ္မလင်း − ကလေးဝ ။ ၆,၀၀၀ ကျပ်
ဟုမ္မလင်း − မင်းကင်း ။ ၁၀,၀၀၀ ကျပ်
ဟုမ္မလင်း − မုံရွာ ။ ၁၀,၀၀၀ ကျပ်

အမြန်ရေယာဉ်လိုင်းတွေ တိုးတက်လာပေမယ့် ချင်းတွင်းမြစ်ကြောင်း ကတော့ ယခင်နှစ်တွေထက် ပိုဆိုးလာ ခဲ့ပြီး ယခုနှစ်မှာ မင်းကင်းမြို့ မြစ်ဆိပ်ကမ်းကို မင်းကင်းမြို့ အထက်ပိုင်း လေးမိုင်အကွာ တောင်ယာတော ကျေးရွာမှာ “ယာယီဆိပ်ကမ်းအဖြစ်” ပြောင်းလဲ ဖွင့်လှစ်လိုက်ရတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ် ရေလမ်းထိန်းသိမ်းရေး ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် မပေးတော့

မကြာသေးခင်က ချင်းတွင်းမြစ် ရေလမ်းထိန်းသိမ်းရေးအတွက် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ချပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ခုနောက်ပိုင်းမှာတော့ အဲဒီအစီအစဉ်ကို ပြန်လည် ရုတ်သိမ်း သွားခဲ့ပါတယ်။

“ကုမ္ပဏီတွေကို ပေးလိုက်ရင် ရွှေတူးကြမှာပါ။ ဒါမှ ပိုပြီး မြစ်ကိုပျက်ကုန်မှာ စိုးလို့ ရပ်လိုက်ပြီ။ အခုလို ချင်းတွင်းမြစ်ရဲ့ သဘာဝပတ်ဝန်းကျင် ပျက်ခဲ့တဲ့ အဓိက အကြောင်းရင်းက ရွှေကျင်တာကြောင့် ဒီလိုဖြစ်တာ များတယ်။ သစ်တောတွေ ပြုန်းတီးသွားတာလည်း ပါတာပေါ့။ ရေလမ်းထိန်းသိမ်းနိုင်ဖို့ အတွက် နိုင်ငံတော် အစီအစဉ်နဲ့ မလုပ်ခဲ့ဘူး ဆိုရင်လည်း ဒေသအစီအစဉ်နဲ့ လုပ်ဖို့ စိတ်ကူး ရှိပါတယ်။ ဧပြီလ တစ်လလုံး ရေနည်းပါးမှု အခက်အခဲ ဒဏ်ကို ခံကြရဦးမှာပါ” လို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်က မင်းကင်းမြို့မှာ ပြောကြားသွားခဲ့ပါတယ်။

ယခင်နှစ်များကတော့ ချင်းတွင်းမြစ် ရေလမ်း ထိန်းသိမ်းရေးအတွက် ကုမ္ပဏီများကို ချထားပေးခဲ့တာပါ။ ဒါပေမယ့် ကုမ္ပဏီများကလည်း ရေလမ်း ထိန်းသိမ်းရေး လုပ်ကိုင်ခွင့် ဆိုတာကို ရွှေကျင်ခြင်း၊ ရွှေတူးခြင်းများ လုပ်ကိုင်ခွင့် လို့ မှတ်ယူပြီး သူတို့ စိတ်တိုင်းကျ အသုံးချခဲ့ ကြပါတယ်။ ချင်းတွင်းမြစ်ထဲက သဲတွေကို စုပ်ယူတယ် ဆိုပေမယ့် ကမ်းပေါ်မှာ ဒီအတိုင်း ပြန်တင်ပစ် ထားခဲ့တာမို့ မိုးရွာတာနဲ့ သဲတွေဟာ မြစ်ထဲ ပြန်ကျပြီး မြစ်ကြောင်း ပျက်ဆီးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေထုတ်ဖို့ အသုံးပြုတဲ့ ဆိုင်ယာနိတ် အက်ဆစ် များကြောင့်လည်း ချင်းတွင်းမြစ်ကြောင်းမှာ ရှိတဲ့ သက်ရှိ သတ္တဝါအားလုံး အဆိပ်သင့်မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်လာခဲ့ ရပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်တန့်သွားပြီး နောက်ပိုင်း ချင်းတွင်းမြစ်ကိုပါ လူအများက ပြောလာကြတဲ့ အတွက် ၂၀၁၂ နှစ်ဆန်းပိုင်း လောက်က စပြီး ကုမ္ပဏီတွေကို ချင်းတွင်းမြစ်ကြောင်းမှာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ချင်းတွင်းမြစ်လက်တက်တွေ ဖြစ်တဲ့ ဥရုမြစ်၊ မြစ်သာမြစ်နဲ့ ချောင်းတွေမှာတော့ ကုမ္ပဏီတွေက ဆက်လက် လုပ်ကိုင်နေတုန်း ပါပဲ။ ဥရုမြစ်လို့ ယခင်က သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဥရုချောင်းလို့လည်း အမည်တွင်လာတဲ့ ဥရုမြစ်ရဲ့ ရေစူးဟာ ခုအချိန်မှာ တစ်တောင်ကျော် သာသာပဲ ရှိတော့ပြီး ခြေလျင် ဖြတ်ကူးနိုင် နေပါပြီ။

၂၀၁၂ မတ်လ ကတော့ သတ္တုတွင်းဝန်ကြီး ဌာနကနေ မြန်မာနိုင်ငံရဲ့ အဓိက မြစ်ကြီး လေးစင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆိုပြီး “မြစ်ကြောင်း အတွင်းနဲ့ မြစ်ကမ်းစပ် ကနေ ပေ ၃၀၀ အတွင်း ကျောက်မျက်ရတနာ၊ ဓာတ်သတ္တု နဲ့ စက်မှုတွင်းထွက် ပစ္စည်းများ ထုတ်လုပ်ခြင်း မပြုရ” လို့ အမိန့် ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ တစ်ချို့ကတော့ ချင်းတွင်းမြစ်လက်တက် တွေ ဖြစ်တဲ့ ဥရုမြစ်၊ မြစ်သာမြစ်နဲ့ ချောင်းတွေမှာ နယ်မြေခံ အုပ်ချုပ်သူတွေနဲ့ ပေါင်းပြီး မသိကျိုးကျွံ ပြုနေကြဆဲ ပါပဲ…

အိန္ဒိယ NHPC ကလည်း ရေအားလျှပ်စစ် ရယူဖို့ စိတ်ဝင်စားနေ

ချင်းတွင်းမြစ်ပေါ်တွင် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ အကုန်အကျခံ တည်ဆောက်လျှက်ရှိတဲ့ ထမံသီနဲ့ ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း ကိုလည်း အိန္ဒိယက သူ့ရဲ့ အရှေ့မြောက်ပြည်နယ်များကို သွယ်တန်း မီးပေးနိုင်ဖို့ အထူးစိတ်ဝင်စားနေတယ်လို့လည်း ကြားသိရပါတယ်။ ထမံသီနဲ့ ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုဟာ လက်ရှိ မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်ဓာတ်အား စီမံကိန်းများမှ ထုတ်လုပ်နိုင်စွမ်းထက် ပိုများတဲ့ လျှပ်စစ်ဓာတ်အား (၁၈၄၀) မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်မယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယဟာ ဟိုးယခင်ကတည်းက စိတ်ဝင်စား အဆိုပြုနေခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အဆိုပြုထားမှု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ယခုအခါမှာ နောက်တစ်ကြိမ် ပြန်လည် အဆိုပြုလာခြင်း ဖြစ်ပါတယ်။ အိန္ဒိယ အမျိုးသား ရေအားလျှပ်စစ် ကော်ပိုရေရှင်း (NHPC) ဟာ ရခိုင်ပြည်နယ်မှာလည်း ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုကို တည်ဆောက်ရန် သဘောတူညီချက် ရရှိပြီးနောက် ချင်းတွင်းမြစ်ဝှမ်း ရေလှောင်တမံများကို ပြန်လည် မျက်စောင်းထိုးလာ ခဲ့ခြင်း ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ဝှမ်း ဒေသနဲ့ ပတ်သက်ပြီး မြန်မာဝီကီပီးဒီးယား (ဇော်ဂျီ) မှာတော့ အောက်ပါအတိုင်း ဖော်ပြ ထားပါတယ် −

ချင်းတွင်းမြစ်ဝှမ်းဒေသ အတော်များများသည် တောင်တန်းများနှင့် တောနက်ကြီးများအကြား တည်ရှိ နေပါသည်။ သွားလာ ရေးခက်ခဲသောကြောင့် မြစ်၏ နေရာအတော်များများ ကိုလည်း မစူးစမ်း၊ မလေ့လာနိုင်သေးဘဲ ရှိနေပါသည်။ ချင်းတွင်းမြစ်သည် လူအထိအတွေ့ နည်းသေးသော ထမံသီ ဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တော များကို ဖြတ်သန်းစီးဆင်း နေပါသည်။ ဤကျားဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အခြား သားရိုင်းတိရိစ္ဆာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ ကျားများ၊ ဆင်များ၊ မြန်မာနိုင်ငံတွင်သာ ရှိသည့် အခွံမာ လိပ်မျိုးများအတွက် ခိုလှုံနေထိုင်ရာ ဒေသ တစ်ခုလည်း ဖြစ်ပါသည်။