ချင်းတွင်းအခက် ထမံသီအချက်

0
222
မြန်မာနိုင်ငံ၏ အသက်​သွေးကြောသည် ဧရာဝတီဟု ဆိုကြသည်။ ဧရာဝတီ၏ အသက်သည် ချင်းတွင်းဟု ဆိုအပ်သော် မမှားနိုင်ပေ။ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် အကြီးဆုံး ရေဝေမြစ်ဖြစ်သော ချင်းတွင်းမြစ်ကို နောင်လာ နောက်သားတို့ မြင်ရပါစေဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပိုရေရှင်း (India’s National Hydroelectric Power Corporation – NHPC) သည် ချင်းတွင်းမြစ်ပေါ်တွင် ဒေလီမြို့ အကျယ်အဝန်းခန့် ရှိသော ရေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရန် မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အနောက်ဘက် ဆိုရင် အိန္ဒိယ၊ အရှေ့နဲ့ မြောက်ဘက်ဆိုရင် တရုတ်ကြီး (တရုတ်နိုင်ငံ) က သဘာဝ ရင်းမြစ်တွေ ထုတ်နေကြတယ်” ဟု ECODEV မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူက ဟောပြောပွဲ တစ်ခုတွင် ပြောဆိုထားသည်။

ချင်းတွင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်း ထမံသီ ကျေးရွာ အနီးတွင် အမြင့်ပေ ၈၀၀ မီတာ ရှိမည့် ထမံသီဆည်မှ လျှပ်စစ်စွမ်းအင် ၁၂၀၀ မဂ္ဂါဝပ် (MW) ထုတ်လုပ်မည် ဖြစ်ပြီး ရရှိသော လျှပ်စစ်ဓာတ်အား၏ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ထို့အတွက် NHPC သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းက လိုအပ်သည့် စစ်တမ်း ကောက်ယူမှုများကို ပြုလုပ်နေပြီ ဖြစ်သည်။ ထမံသီဆည် တည်ဆောက်ရေး စီမံကိန်းကြီးမှာ ယခင် တပ်မတော်အစိုးရ၏ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် NHPC တို့ လက်မှတ်ရေးထိုး ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ရေအားလျှပ်စစ် လုပ်ငန်းများ အကောင်အထည်ဖော်ရေး ဌာန (DHPI) နှင့် အကျိုးတူ ဖက်စပ် လုပ်ဆောင်ကြရန် သဘောတူညီ ခဲ့ကြသည်။

ထိုသဘောတူညီချက်မှာ ကနဦး အဖြစ် ၂၀၀၄ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုးထားခြင်းကို ဒုတိယမြောက် စာချွန်လွှာအဖြစ် ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

စတုရန်း ကီလိုမီတာ ၁၄၀၀ နီးပါးကျယ်ဝန်းမည့် ယင်း ရေလှောင်တမံကြောင့် ခန္တီးမြို့ အပါအဝင် ခန့်မှန်းခြေ ကျေးရွာပေါင်း ၅၂ ရွာကို ရေလွှမ်းမိုးမည် ဖြစ်ပြီး ပြည်သူပေါင်း လေးသောင်း ငါးထောင် ဝန်းကျင်ခန့်မှာ ၎င်းတို့၏ လယ်ယာမြေများနှင့် အိုးအိမ်များကို စွန့်ခွာရမည် ဟု ၂၀၁၁ ဒီဇင်ဘာလတွင် ထုတ်ဝေသော ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေး စာစောင်တွင် ဖော်ပြထားသည်။

ယင်းရေလှောင်တမံ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ကူကီးလူမျိုး အများဆုံး နေထိုင်သော လေဝေယံရွာ (လူဦးရေ ၆၀၀ ခန့်) နှင့် တဇုံးရွာ (လူဦးရေ ၆၀၀ ခန့်) တို့မှာ ပြောင်းရွှေ့ထားရသည်။

“အိန္ဒိယလူမျိုးတွေပဲ အလုပ်လာ လုပ်ကြတယ်။ ကျွန်မတို့ ကူကီး လူမျိုးတွေတော့ အိမ်ရာတွေနဲ့ လယ်တွေ ဆုံးသွားတာပဲ အဖတ်တင် ကျန်မယ်။ အကျိုးရှိမှာ မဟုတ်ဘူး” ဟု အသက် ၄၀ ဝန်းကျင် အရွယ် ကူကီး အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းဒေသအတွင်း နေထိုင်သူတို့နှင့် ရေလှောင်တမံ တည်ဆောက်ရေးကို ဆွေးနွေးညှိနှိုင်းမှု မရှိဘဲ အချို့ကျေးရွာ များမှာ ပြောင်းရွှေ့နေရပြီ ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

ထိုကျေးရွာများသို့ သွားရောက်ခဲ့သည့် ကိုခွန်ချန်ကီက “အရင်ပြောင်းရွှေ့ရတဲ့ အိမ်တွေဆိုရင် လျော်ကြေးငွေ တစ်သောင်းတောင် မပြည့်ကြဘူး” ဟု ဆိုသည်။

သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းတစ်ခု ဖြစ်သော BANCA ကလည်း သဘာဝ ပတ်ဝန်းကျင် အကျိုးအသက်ရောက်မှု ဆိုင်ရာ လေ့လာမှု ပြုလုပ်ရာတွင် ယင်းဆည် တည်ဆောက်ခြင်းကြောင့် ကမ္ဘာ့ရှားပါး မျိုးစိတ် အများအပြား ရှင်သန်နေထိုင်ရာ နေရာများကို ရေလွှမ်းမိုးမည် ဟု တွေ့ရှိထားသည်။

ယခင် တပ်မတော်အစိုးရ လက်ထက် ထမံသီ ရေလှောင်တမံ တည်ဆောက်ရေးအတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု အကဲဖြတ်အဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း ရေတိုအဖွဲ့သာ ဖြစ်ခဲ့သည်။

ယင်းအဖွဲ့သည် ထမံသီဆည် တစ်ဝိုက်တွင် ငှက် ၃၃၂ မျိုး၊ နို့တိုက် သတ္တဝါ ၅၉ မျိုး၊ အင်ဆက် ပိုးမွှား ၃၃၃ မျိုး၊ တွားသွား သတ္တဝါ ၅၇ မျိုး၊ ငါး ၆၇ မျိုးနှင့် အပင် ၅၂၆ မျိုး ရှိကြောင်းကို မှတ်တမ်းတင်ခဲ့သည် ဟု ကူကီးအမျိုးသမီး ဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး စာစောင်တွင် ဖော်ပြထားသည်။

လက်ရှိ ရာသီကာလတွင် ချင်းတွင်းမြစ်သည် ခြောက်သွေ့ခန်းခြောက်ကာ သောင်ထွန်းမှု ဖြစ်ပေါ်လျှက် ရှိပြီး ယင်းဒေသ တစ်ဝိုက်တွင် သောက်သုံးရေ ပြဿနာများပင် ကြုံတွေ့ရလျှက်ရှိကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။

“သောက်ရေရဖို့ကို မိုင်ဝက်လောက် သွားပြီး ခပ်ရတယ်” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လတ်တလော အနေအထားတွင်ပင် ကျေးရွာအချို့ သောက်သုံးရေ ရှားပါးမှုပြဿနာများ ကြုံတွေ့လာနေပြီ ဖြစ်ရာ ထမံသီဆည် ပြီးစီးသွားပါက ချင်းတွင်းမြစ် အောက်ပိုင်း ဒေသတို့မှာ ပိုမိုဆိုးရွားစွာ ခံစားရဖွယ် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် တို့က ခန့်မှန်းထားသည်။

၁၂၀၇ ကီလိုမီတာ ရှည်လျားသော ချင်းတွင်းမြစ်ကြောင်းသည် မြန်မာနိုင်ငံ၏ အဓိက ငလျင်ကြောဖြစ်သော စစ်ကိုင်း ပြတ်ရွေ့ကြောနှင့်လည်း အပြိုင် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းလာသည်။

ဆည် တည်ဆောက်မည် ဆိုပါက ငလျင်ဒဏ် ခံနိုင်အားတို့ကို တိကျစွာ တွက်ချက် ဆောက်လုပ်ရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဆည်ကျိုးကာ ရေလွှမ်းမိုး စေနိုင်မည့် အနေအထားက ခြိမ်းခြောက်နေမည် သာဖြစ်ကြောင်း ငလျင်ပညာရှင် တစ်ဦးက ဧရာဝတီစီမံကိန်းနှင့် ပတ်သက်၍ မှတ်ချက်ပေးဖူးသည်။

ထမံသီဆည် တည်ဆောက်ရေးနှင့် ပတ်သက်သည့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အစီရင်ခံစာ၊ လူမှုပတ်ဝန်းကျင် သက်ရောက်မှု အစီရင်ခံစာ တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ အများစုပင် မသိရှိသေးသည့်အတွက် ဒေသခံတို့ သိရှိရန်မှာ အလှမ်းဝေးနေသေးသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ပေါ်၌ မြစ်ဆုံဆည် မတည်ဆောက်ရေး လှုပ်ရှားမှုများကြောင့် နိုင်ငံတော် သမ္မတကြီးက ၎င်းတို့အစိုးရ လက်ထက်တွင် ရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများပင် မတ်လ ၃၀ ရက်နေ့က မြစ်ဆုံဆည် ရပ်တန့်ခြင်း ခြောက်လပြည့် အဖြစ် ကျင်းပကြသေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်မြစ်များ အတွင်းနှင့် မြစ်ကမ်းစပ်မှ ပေ ၃၀၀ အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တားမြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကိုလည်း အတည်ပြု ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံ ဖြစ်သည့် အားလျော်စွာ နိုင်ငံ့စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် သဘာဝရင်းမြစ်များ ဆုံးရှုံးရမည်သာ ဖြစ်သည်။

သို့သော် သဘာဝရင်းမြစ်များ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနှင့် ရေရှည် တည်တံ့ခိုင်မြဲစေရန်နှင့် ချမှတ်ထားသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို အတိအကျ လိုက်နာရမည်သာ ဖြစ်သည်။

မင်းထက်စံ (၃၁-၃-၂၀၁၂)

Via : The Voice Journal (Monday, April 9 – 15, 2012)