ချင်းတွင်း၊ ချင်းလူမျိုးနှင့် ဖိုးဝင်းတောင် မရှင်းမရှင်းများ

0
320

ပိုစ်ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်လေး မျက်စိလည်သွားမလားတော့ မသိဘူး။ ချင်းတွင်းနဲ့ ချင်းလူမျိုး ဘာဆိုင်လို့လဲဆိုပြီး မေးစရာလည်းရှိပါတယ်၊ “ချင်း” ဆိုတဲ့ စကားလုံးချင်းတော့ တူတယ်လေလို့ အရင်ဆုံး ပြန်ပြောရပါလိမ့်မယ်။ နောက်ပြီး… ကျွန်တော်တို့တွေ သမိုင်းကို အနည်းငယ် စိတ်ဝင်စားလေ့လာ မိမယ်ဆိုရင် စကားလုံးတွေ၊ အမည်တွေ တူနေတာဟာ အလကားတူနေတာ မဟုတ်မှန်း၊ တစ်စုံတစ်ရာ ဆက်စပ်မှုရှိနေလို့ တူတာဖြစ်မှန်း သိနိုင်ပါတယ်။ ဒီတော့ ချင်းလူမျိုးနဲ့ “ချင်းတွင်း” ဟာ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေတာကတော့ သေချာပါတယ်။ကျွန်တော် “ဖိုးဝင်းတောင်” သမိုင်းကို ပြန်ရှာကြည့်တဲ့အခါ အရင်က “ဖိုးဝင်းတောင်”ကို “ချင်းတောင်” လို့ ခေါ်ကြပြီး ချင်းလူမျိုးတွေ နေထိုင်ခဲ့ကြတယ်လို့ “အရှင်ဉာဏဝံသာ” ရေးသားတဲ့ “ဖိုးဝင်းတောင်သမိုင်း” စာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားတာကို တွေ့ရပါတယ်-

ဤဖိုးဝင်းတောင်မှာ ရှေးအခါကာလက ချင်းလူမျိုးတို့ နေထိုင်သော တောင်ဖြစ်သည်၊ နောက်ပိုင်းတွင် ချင်းလူမျိုးတို့ တဖြည်းဖြည်း အနောက်သို့ ရွေ့လျားကွယ်ပျောက်၍ သွားသောကြောင့် ချင်းတောင်ဟူသော အမည်မှာ မတွင်ရစ်ပဲ ထို့နောက်ပိုင်းမှ နာမည်သတင်း ကျော်ဇောသော ဆရာဇော်ဂျီ ဦးဖိုးဝိုင်း ၏ နာမည်ကို အစွဲပြု၍ ဦးဖိုးဝိုင်းတောင်ဟု သမုတ်ရာမှ နောင် ကာလရှည်လျားကာ ဖိုးဝိုင်းတောင် အမည်ပျောက်၍ ဖိုးဝင်းတောင်ဟု ခေါ်ဆိုလာကြသည်။

ဖိုးဝင်းတောင်သမိုင်း ဖြစ်စဉ်တွင်ပါသော နားထောင်းမင်းနဲ့ ပြူလဝမင်း (ပျုမင်းပြုံးမင်း (သို့) ဗန္ဓဝမင်း လို့လည်း ခေါ်ကြတာ ရှိပါတယ်) တို့ဟာ ပုဂံခေတ်လို့ ဆိုတာကြောင့် “ချင်းလူမျိုး” တို့ နေထိုင်ခဲ့တာဟာ ပထမမြန်မာနိုင်ငံတော် မတည်ထောင်နိုင်ခင် ကာလလို့ ယူဆရပါတယ်။ တော်တော်လေး စောတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အငြင်းပွားစရာ တစ်ချို့ရှိနေပါသေးတယ်၊ ဖိုးဝင်းတောင်သမိုင်း ဖြစ်စဉ်ဟာ ပုဂံခေတ်ကလို့ အချို့က ဆိုကြသလို ဒုတိယအင်းဝလို့ ခေါ်ကြတဲ့ ညောင်ရမ်းခေတ်ကလို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ညောင်ရမ်းခေတ်လက်ရာတွေဟာ နောက်မှ ထပ်ဖြည့်ထားတာတွေသာ ဖြစ်ပြီး ပုဂံခေတ်လက်ရာတွေကိုလည်း တွေ့ရတာပါပဲလို့လည်း ပုဂံခေတ်သမားတွေက ပြောကြပါတယ်။ ဒါကို ညောင်ရမ်းခေတ်သမားတွေက “ဖိုးဝင်းတောင်သမိုင်းဟာ ပါးစပ်ရာဇဝင်အရသာ ပုဂံခေတ်ဖြစ်နေပြီး လက်တွေ့လေ့လာလို့ရသမျှ ညောင်ရမ်းခေတ် လက်ရာများသာ ရှိတယ်လို့ ငြင်းထားပါတယ်။ မြန်မာစွယ်စုံကျမ်း စီဒီခွေထဲမှာတော့ ဖိုးဝင်းတောင်မှာ ရှိတဲ့ ပုဂံခေတ်လက်ရာများနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ဖော်ပြထားတာ တွေ့ရပါတယ်-

ဖိုးဝန်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀၀ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုးဝန်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။

ဘုရားတံကဲ ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး “ဒေါက်တာသန်းထွန်း”ကတော့ ဖိုးဝင်းတောင်မှာ ရှိတဲ့ ဘုရားကံတဲ များဟာ လွန်ခဲ့တဲ့ အနှစ် နှစ်ရာ ခန့်မှန်း (ခရစ်နှစ် ၁၇၅၀ ဝန်းကျင်)က လက်ရာများလို့ မှတ်ချက်ချဖူးတာကို “သမိုင်းထဲက ဒီဇိုင်း” စာအုပ်မှာ ဖတ်ရပါတယ်။

ဒီလောက်ဆိုရင် ဖိုးဝင်းတောင်သမိုင်းဟာ ပုဂံခေတ်ကဆိုတာနဲ့ ညောင်းရမ်းခေတ်ကဆိုတာ နှစ်ခုဟာ အငြင်းပွားစရာအဖြစ် ကျန်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ အမြင်အရတော့ ညောင်ရမ်းခေတ်က ပိုဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ… ချင်းလူမျိုးတွေဟာ ဖိုးဝင်းတောင်ကို အရင်ဦးဆုံး ခြေချသွားခဲ့ကြတယ်ဆိုတာကတော့ သေချာပါတယ်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်သမိုင်းပါမေက္ခအဖြစ် အမှုထမ်းခဲ့သော ဂျီအိပ်ချ်လု့စ် (G.H.Luce) ၏ တင်ပြချက်ကလည်း စိတ်ဝင်စားစရာ အလွန်ကောင်းပါသည်။ တစ်ချိန်က ချင်းလူမျိုးများဟာ ချင်းတွင်းမြစ်ဝှမ်း ဒေသတစ်ခွင်တွင် ကျက်စား နေထိုင်ခဲ့ကြသဖြင့် ထိုဒေသကို ချင်းတို့ ခိုအောင်နေထိုင်ရာ “ချင်းတွင်း” ဟု ခေါ်ခဲ့ကြပြီး မြစ်ကိုလည်း ချင်းတွင်းမြစ်ဟူ၍ပင် ခေါ်ဆိုခဲ့ကြောင်း တင်ပြချက်ပင်ဖြစ်သည်။

တစ်ဆက်တည်း ပြောစရာရှိတာက “ချင်းလူမျိုး” တွေကို “ချင်း” လို့ မြန်မာတွေက ခေါ်ကြပေမယ့် ချင်းလူမျိုးတွေ ကိုယ်တိုင်ကတော့ သူတို့ကိုသူတို့ “ချင်းလူမျိုး” လို့ မခေါ်ကြပါဘူး၊ တစ်ချို့ဆို သိတောင်မသိပါဘူး။ အခုနောက်ပိုင်းကတော့… လက်ခံပြီး ပြောဆိုလာကြပေမယ့် အရင်ကတော့ လုံးဝကို အဲဒီအသုံးအနှုန်းကို မသုံးပါဘူး။ ၁၈၉၃ ခုနှစ်ဝန်းကျင်က ရေးသားထုတ်ဝေထားတဲ့ The Chin Hill Gazetter စာအုပ်၊ အတွဲ(၁) စာမျက်နှာ (၃) တွင် တယ်ရီနှင့် တပ်ခ်ဆိုသူတို့က အောက်ပါအတိုင်း ဖော်ပြပါတယ်-

“ကျွန်ုပ်တို့က “ကူကီး”အနွယ်ဝင် “ချင်း” ဟုခေါ်သော လူမျိုးတို့သည် မိမိကိုယ်ကို ချင်းဟု အခေါ်ခံရသည်ကို မသိသကဲ့သို့ ထိုစကားလုံးကိုလည်း ၄င်းတို့က အသုံးပြုခြင်း မရှိကြ”

ဒါကလည်း သိပ်တော့ မဆန်းပါဘူး၊ ရှမ်းပြည်နယ်မှာ ရှမ်းမျိုး (၃၀) ရှိတယ်ဆိုပြီး နအဖ အစိုးရလက်ထက်ကတည်းက သတ်မှတ်ပေးထားပေမယ့် တကယ်တမ်းမှာ “ဝ”လူမျိုးတွေကို ရှမ်းမျိုးထဲမှာ ရှိတယ်လို့ ဘယ်ရှမ်းလူမျိုးကမှ လက်မခံပါဘူး၊ ထို့အတူ “ဝ”လူမျိုးတွေကလည်း သူတို့ဟာ ရှမ်းမျိုးထဲမှာ ပါတယ်လို့ လုံးဝ လက်မခံပါဘူး။ ဒါက ကျွန်တော့်ကိုယ်တွေ့ပါ….

“ချင်း” ဆိုတဲ့ စကားလုံးဟာ အဘယ့်ကြောင့် မြန်မာလူမျိုးတွေ ပါးစပ်ထဲကို ရောက်လာသလဲလို့ သမိုင်းပညာရှင် အတော်များများက လေ့လာခဲ့ဖူးပါတယ်၊ အချို့က “ဂျင်လုံး” ဆိုသူ ပုဂ္ဂိုလ်က ဆင်းသက် ပေါက်ဖွားလာခြင်း ကို အစွဲပြုလာရာက မြန်မာတို့က “ဂျင်” မှ ရွေ့လျော၍ “ချင်း” ဟု ခေါ်နေကြတာဟု ဆိုသည်။ သို့သော် ထိုအဆိုတွင် သမိုင်းအထောက်အထား မရှိဘဲ ပုံပြင်ဆန်လွန်း ပါသည်။

အချို့က ကချင်လူမျို့တို့သည် ၄င်းတို့ဘာသာစကားဖြင့် ချင်းကို “ခန်း (HKANG)” ဟု ယနေ့တိုင် ခေါ်နေကြရာ မြန်မာတို့က “ခန်း” မှ ရွေ့လျောကာ “ချင်း” ဟု ခေါ်ဆိုခြင်း ဖြစ်နိုင်သည်ဟု ဆိုပြန်သည်။ ထိုအဆိုနဲ့ အတန်ငယ် ဆင်တူတဲ့ နောက်အဆို တစ်ခုကတော့ ချင်းလူမျိုးများတွင် မိမိတို့ မျိုးနွယ်ကို “ခိအန်း” (KHANG) ဟု ခေါ်ဝေါ် သုံးစွဲနေသူများ ပလက်ဝမြို့နယ်ထဲတွင် ရှိသည်။ လူရိုင်းအနွယ်ဝင် လူမျိုးစု ထဲတွင်လည်း ရှိသည်။ ထို့ကြောင့် ၄င်း “ခိအန်း” မှ ရွေ့လျောပြီး “ချင်း” ဟု ဖြစ်လာသည် ဆိုသည်။

ဂျီအိပ်ချ်လု့စ် (G.H.Luce) ကတော့ ချင်းလူမျိုးများနှင့် မြန်မာလူမျိုးများ တို့သည် ရှေးအခါကပင် တစ်ဦးနှင့်တစ်ဦး စစ်မက် ဖြစ်ပွား တိုက်ခိုက်ခဲ့ခြင်း မရှိကြဘဲ ကူးလူးဆက်ဆံ ပေါင်းသင်းလာခဲ့ကြရာ မြန်မာတို့က အစဉ်သဖြင့် မိတ်ဖွဲ့ပြီး သူငယ်ချင်းဟု ခေါ်ဝေါ်နေခဲ့ ကြရာမှ “ချင်း” ဟူ၍ ဖြစ်ပေါ်လာခဲ့သည်ဟု ရေးသား ဖော်ပြခဲ့သည်။

ဒီလောက်ပါပဲဗျာ… ကျွန်တော်ရေးတဲ့ ပိုစ့်ကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ အားလုံးကို ခြုံပြီး ပြောရရင်တော့ ဗန့်ဂျီသားတွေထက် အရင်ဦးဆုံး ချင်းလူမျိုးတွေဟာ ချင်းတွင်းမြစ်ဝှမ်းကို အရင်ခြေချခဲ့ ကြတယ်ဆိုတာကတော့ သေချာပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ဗန့်ဂျီသားတွေရဲ့ သွေးထဲမှာ ချင်းလူမျိုး တစ်စိတ်တစ်ဒေသ ပါဝင်နေရော့သလား… ဒါမှမဟုတ် အမေကြီး (အမေရေရင်) နဲ့ ဘကြီး(ပြန်လှည့်ဘကြီး) တို့ရဲ့ ရှမ်းသွေး တစ်ချို့တစ်ဝက်များ ပါဝင်နေရော့သလား…. လားပေါင်းမျာစွာနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

အလကားနေရင်း တောင်ပြော မြောက်ပြောနဲ့ ခေါင်းရှုပ်အောင် လာလုပ်သွားတယ်လို့ အပြစ်တင်မယ် ဆိုရင်လည်း တင်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ခေါင်းရှုပ်ရှုပ်နဲ့ မရှင်း မရှင်း ဖြစ်နေဆဲမို့ပါ…. လာရောက်ဖတ်ရှု့ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

ကိုးကား

“တစ်ခေတ်တစ်ချိန်က ချင်းရိုးမဆီ ရောက်ခဲ့စဉ် – သောင်းညွန့်သစ်”
“ဖိုးဝင်းတောင်သမိုင်း – အရှင်ဉာဏဝံသာ”
“သမိုင်းထဲက ဒီဇိုင်း – ဒေါက်တာသန်းထွန်း”
“မြန်မာ့စွယ်စုံကျမ်း စီဒီခွေ”

ဘာမှ မလုပ်တာထက်စာရင် လုပ်သလောက် မဖြစ်တာက တော်သေးတယ်။
With deepest respects,
Ðaywalker(စိုးလှိုက်ဦး)