စိမ်းလန်းသစ်ပင်

1
162

စကားပမာ ဆိုကြပါစို့…ကျွန်မတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးကို သစ်ပင်တစ်ပင် အဖြစ် တင်စားခဲ့ရင် ကမ္ဘာပေါ်က လူသားတွေက သစ်ပင် တစ်ပင်တည်းက သီးပွင့် ဖြစ်ထွန်းလာတဲ့ မျိုးတူသစ်သီး တွေပေါ့။ အဲဒီ သစ်ပင်ပေါ်မှာ အချို့သစ်သီးတွေက မှည့်ဝင်း ရွှန်းစိုနေပြီး အချို့သစ်သီးတွေက နွမ်းပုပ်နေတဲ့အဖြစ်ကို ဘယ်သူ ဖြစ်စေချင်မှာလဲ။ သစ်ပင်ကြီး ထာဝရ ရှင်သန် စိမ်းလန်းပြီး အသီးအပွင့်တွေအားလုံး ဝေဆာလန်းဆန်း နေတာကိုသာ မြင်ချင်ကြမှာပေါ့။မြားနတ်မောင်မှာ ပါတဲ့ ဆရာမ သင်းမြစန္ဒီရဲ့ “အိမ်သာသစ်” ဆိုတဲ့ ဝတ္ထုလေးကို ဖတ်ပြီး ကျွန်မ အတွေးနယ်ချဲ့ နေမိတယ်။ ဆရာမ ကြုံတွေ့ရတဲ့ အခြေအနေဟာ ကျေးလက်ဒေသတွေမှာ သမားရိုးကျ ကြုံတွေ့ရလေ့ရှိတတ်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပြီး ကျွန်မကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေလောက် နက်ရှိုင်း ရင်မောဖွယ် ကောင်းမှာတော့ မဟုတ်ပါဘူးလေ။ ကျွန်မသိတဲ့ ကလောမြို့လေးက ရိုးသားပြီး ချစ်ဖွယ်ကောင်းတဲ့ တိုင်းရင်းသားကျေးရွာတွေကို ကျောထောက်နောက်ခံ ပြုပြီး ရှုမောဖွယ် တောင်စဉ်တန်းတွေရဲ့ ကြားမှာ အနောက်တိုင်း ဆန်ဆန် အဆောက်အအုံရယ်၊ အမြဲပဲ သန့်ရှင်းနေတဲ့ မြေနီလမ်းလေးတွေရယ် ဆိတ်ငြိမ် အေးချမ်းစွာ ခမ်းနားလှပနေတဲ့မြို့။ အဲဒီမြို့ရဲ့ နောက်ခံ ကျေးရွာတွေကလည်း မြို့လေးလိုပဲ ဘဝအဆင့် မြင့်မားစွာ ရှိနေလိမ့်မယ်လို့ ထင်ခဲ့ဖူးတာမို့ အိမ်သာပြဿနာ ဆိုတာ ရှိခဲ့ရင်တောင် ကျန်းမာရေးပြဿနာ သက်သက်သာ ဖြစ်ပြီး ကျွန်မတို့ အညာကျေးလက်ကလို လူမှုပြဿနာမျိုးတွေ ရှိနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ထားချင်တယ်။ကျွန်မတို့ ယင်းမာပင်မြို့လေးကတော့ ပတ်ဝန်းကျင်ရှိ မြို့ရွာတွေထဲမှာ ထူးခြားစွာ စိမ်းလန်းလှပနေတဲ့ မြို့လေး တစ်မြို့ပေါ့။ သလ္လာဝတီ ရွှေမြို့တော်ကြီးကနေ ချင်းတွင်းမြစ်ကို ဖြတ်ကူးလို့ အနောက်ဘက် ညောင်ပင်ကြီးဆိပ်ကမ်း ကနေ တစ်ဆင့် ကျွန်မတို့မြို့ကို ကားကလေးစီးလို့ အရောက်လှမ်းလာခဲ့ရင် ကားလမ်းတစ်လျှောက်ဟာ ရှမ်းပြည်နယ် လမ်းလေးလို အနိမ့်အမြင့်၊ အကွေ့အကောက်တွေနဲ့ ရင်ခုန်လှိုက်မောဖွယ် ကောင်းလှတယ်။ လမ်းဘေး တစ်ဖက်တစ်ချက် မှာလည်း ရှုလို့မဝတဲ့ သဘာဝရှုမျှော်ခင်းတွေ ရှိတယ်။ တောမကျမြို့မကျ ကျွန်မတို့မြို့လေးကို တခြားသောမြို့က သူငယ်ချင်းတွေက ရွာကြီးတစ်ရွာပါလို့ ချစ်စနိုးကျီစယ်တိုင်း ကျွမ်မ ငြင်းဖို့ မကြိုးစားခဲ့ပါဘူး။ အဲဒီ အခါမှာတော့ တမာပင်တန်းတွေနဲ့ ရွာအဝင်လမ်းကို တွေ့ရမယ်။ မောင်လာရင် အလွမ်းပြေစေ့ရမယ်လို့ ကျွန်မ ရယ်ရွှင်ပျပျ ပြန်ပြော ခဲ့တာပေါ့။ တကယ်လည်း ကျွန်မ အဝေးမြို့တွေက ပြန်လာတဲ့အခါတိုင်း မြို့လေးက စိမ်းလန်းခြင်းရနံ့တွေနဲ့ ဆီးကြိုနေ တာမို့ နွမ်းသမျှတွေ အပန်းပြေစေခဲ့တယ်လေ။ ရွာလို့ ပြောချင်လည်း ပြောကြပါစေ။ ကျွန်မတို့ မြို့လေးဟာ အရိုးခံ သဘာဝရှုခင်းတွေနဲ့ မာယာကင်းတဲ့မြို့လေးမို့ ကျွန်မ ချစ်တယ်။ မြို့လေးကို ကျွန်မ ပိုပြီးစွဲမက်စေတဲ့ အချက်က ရုပ်ဝတ္ထု ပစ္စည်းတွေ အလျှံပယ်ကြွယ်ဝပြီး မာယာတစ်သိန်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ မြို့ကြီးပြကြီးတွေမှာ မရနိုင်တဲ့ လွတ်လပ် လုံခြုံမှုတွေ ပါပဲ။ မြို့လေးရဲ့ တမာရနံ့သင်းတဲ့ ဖုန်ထူထူလမ်းတွေပေါ်မှာ ကျွန်မတို့ လွတ်လပ်ပျော်ရွှင်စွာ ကြီးပြင်းခဲ့ရ တယ်။ ကျွန်မတို့ သူငယ်ချင်းတွေ၊ ညီအစ်မတွေ တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင်မှာ ဝိုင်းဖွဲ့ထိုင် စကားလက်ဆုံကျနေမိလို့ ညနက်နက်ရောက်သွားတဲ့တိုင် အချိန်တန်လို့ အိမ်ပြန်ရာလမ်းခွဲမှာ ကြောင့်ကြမဲ့ပျော်ရွှင်စွာ သွားလာလို့ရတယ်။ ကျွန်မတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို အကာကွယ်မဲ့အောင် မလုပ်သရွေ့ ကျွန်မတို့မြို့လေးက ကျွန်မတို့ကို လုံခြုံဘေးကင်း အောင် အကာအကွယ် ပေးထားခိုင်းတယ်။ ဒါ မြို့လေးရဲ့ အလှပဆုံး ဂုဏ်ရည်တစ်ခုပါပဲ။

ကျွန်မတို့တစ်တွေ လူလားမြောက်လို့ လုပ်ငန်းခွင် ကိုယ်စီဝင်ပြီး ကိုယ့်ဘဝခရီးကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းသွားလာနိုင်ဖို့ အတွက် မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတရားတွေကို ပြန်လည် ဖြည့်ဆည်း ပေးဆပ်နိုင်ရမယ်လို့ ခံစားသိတတ်လာတဲ့ အချိန်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူမှုဘဝတွေထဲကို ထဲထဲဝင်ဝင် ဝင်ကြည့်မိတဲ့ အခါမှာတော့ ကျွန်မ ရဲရဲ မပျော်နိုင်တော့ဘူး။ အထူးသဖြင့် ကျေးလက်ကလူတွေမှာ သဘဝသယံဇာတ အရင်းအမြစ်တွေ အလျှံပယ်ကြွယ်ဝစွာနဲ့ အစစ ချို့တဲ့နေရတဲ့ အဖြစ်ကိုကြည့်ပြီး ကရုဏာသက်မိတယ်။ ကျွန်မ NGO အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီရတဲ့ အခါတိုင်း ကျွန်မ ဆောင်ရွက်ပေးချင်တဲ့ အလုပ်တွေနဲ့ ရင်ဆိုင်ကြုံတွေနေရတဲ့ အခြေအနေတွေ ဘယ်လိုမှ ထပ်တူမကျနိုင် ခဲ့ဘူး။ အမျိုးသမီးငယ်တွေရဲ့ဘဝ တိုးတက်ဖို့၊ အသိဉာဏ် အဆင့်အတန်းမြင့်မားဖို့ ကိစ္စရပ်တွေမှာ ကူညီဖေးမ ဆောင်ရွက်ပေးချင်ပေမယ့်လည်း တကယ်တမ်း ဖြေရှင်းပေးနေရတာတွေက သူတို့ရဲ့ လူမှုပြဿနာတွေပဲ။ ကျွန်မတို့ တစ်တွေက ကိုယ့်ရဲ့ အပန်းပြေပျော်ရွှင်မှုအတွက် ကိုယ့်အိမ်မှာကိုယ် တီဗွီ၊ ဗွီဒီယို၊ ဗွီစီဒီ… စတဲ့ ဖြေဖျော်မှုတွေကို ခံစားမလား၊ ဂြိုဟ်တုစလောင်းကနေ ကမ္ဘာကြီးအထိ လှမ်းမျှော်ကြည့်မလား၊ လွတ်လပ်အေးချမ်းစွာ ခံစားကြည့်ရှု နေရချိန်မှာ သူတို့လေးတွေ (ကျေးလက်က မိန်းကလေးတစ်ချို့) ရဲ့ ဘဝကတော့ ညတိုင် ဗွီဒီယိုရုံက အပြန်မှာ စောင့်ကြည့် ချောင်းမြောင်းပြီး သူတို့လေးတွေရဲ့ လွတ်လပ်လုံခြုံမှုကို ထိပါးစော်ကား ခံရတာမျိုးတွေ ရှိတတ်တယ်။ ကြုံတွေရတဲ့ ပြဿနာတွေထဲမှာ ကျေးလက်က မိန်းကလေးတွေ အိမ်သာသုံးတဲ့ အလေ့အထနဲ့ မယဉ်ပါးနိုင်လို့ ရွာအပြင်ထွက်ရတဲ့အတွက် ကယိန္ဒြေ ထိခိုက်စော်ကားခံရတာ၊ ဘလက္ကာယ ပြုခံရတာတွေလည်း ပါတာပေါ့။ ဒါကို ကြည့်ရင် အိမ်သာပြဿနာဟာ ကျန်းမာရေးပြဿနာထက် ပိုမိုနက်ရှိုင်းကျယ်ပြန့်ပြီး မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုကိုပါ ထိပါးနိုင်တဲ့ ပြဿနာကြီး ဖြစ်မနေဘူးလား။

လုံခြုံမှုမရှိတဲ့ သူတို့ဘဝတွေအတွက် ကျွန်မတို့ ဘာများ လုပ်ပေးနိုင်ပါ့မလဲလို့ အစိုးရိမ်ပို သောကတွေ ရောက်နေရပေမယ့် သူတို့ကတော့ ဒါဟာ သူတို့အတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှုတွေလို့ မမြင်တတ်ကြဘဲ ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ ခံယူပြီး ကံတရားကိုသာ အလွယ်တကူ ပုံချလိုက်တာပဲ။ သူတို့တတ်နိုင်တာ ဘာလဲဆိုတော့ ဒီလို အဖြစ်အပျက်ပေါ်ကနေ လျော်ကြေး ဘယ်လောက် တောင်းရမလဲ ဆိုတာပဲ။ ဒါဟာ သူတို့ ဘဝတန်ဖိုးတွေကို ပြန်လည် ဆည်တင်ပေးနိုင့်မယ့် အရာ မဟုတ်ဘူး။ ဒါကို ကျေးလက်ပျိုဖြူတွေရဲ့ ရိုးသားမှုသက်သက်လို့ ကျွန်မ ဘယ်လိုလုပ် သဘောထားနိုင့်ပါ့မလဲ။ ဒါဟာ အသိတရားချို့တဲ့မှု၊ ဉာဏ်ပညာနိမ့်ကျမှု၊ အကြားအမြင် ဗဟုသုတခေါင်းပါးမှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုတွေ ကနေ ဖြစ်တည်လာတဲ့ တန်ဖိုးခန်းခြောက်မှုတွေပါ။

မကြာသေးတဲ့အချိန်က ကျွန်မ ကူညီဆောင်ရွက်ပေးရတဲ့ ပြဿနာတစ်ခုမှာ (၁၈) နှစ်တောင် မပြည့်သေးတဲ့ ကျေးတောသူ မိန်းကလေးတစ်ယောက် အိမ်သာမသုံးတတ်လို့ ညအခါ ရွာပြင်ထွက်တဲ့ အချိန်မှာ လူတစ်ယောက်ရဲ့ ချောင်းမြောင်းကြံစည်ခြင်းကို ခံရတယ်။ အဖော်ပါလာတဲ့အတွက် အဲဒီလူရဲ့ အကြံအစည် အထမမြောက်ဘူး ဆိုပေမယ့် ကျွန်မကို အံ့သြထိတ်လန့်သွား စေခဲ့တာက ဒါဟာ ဒုတိယအကြိမ် ဖြစ်ပြီး၊ ပထမအကြိမ်မှာတုန်းက သူ့ရဲ့ အပျိုစင်ဘဝကို ပေးလိုက်ရသတဲ့။ ဘာကြောင့် လူကြီးမိဘတွေနဲ့ သက်ဆိုင်ရာကို မတိုင်သလဲလို့ မေးတော့ မိဘနဲ့ အစ်ကိုတွေကို ကြောက်လို့၊ ပတ်ဝန်းကျင်ကို ရှက်လို့တဲ့။ အပြစ်ကင်းတဲ့ အပျိုစင် မိန်းကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ ရှက်ခြင်း ကြောက်ခြင်းတွေဟာ သဘာဝကျပါတယ်။ ဒါပေမယ့်လည်း ဒါဟာ နည်းလမ်း မှန်ပါရဲ့လား။ ကျွန်မတို့ လူ့အဖွဲ့အစည်းက လူတွေ ရှုမြင်လက်ခံထားတဲ့ အမြင်တွေအရ မိန်းကလေးတစ်ယောက် မင်္ဂလာဦးညမတိုင်မီ အပျိုစင်ဘဝကို ဆုံးရှုံး လက်လွှတ်ခံလိုက်ရခြင်းဟာ အဲဒီမိန်းကလေးအတွက်တော့ ကြီးစွာသော ဂုဏ်သရေညှိုးနွမ်းမှု ဖြစ်ရုံသာမဟုတ်ဘူး၊ မျိုးရိုးအစဉ်အလာရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါးလာနိုင်တာကိုး။

မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို သတ်မှတ်ရာမှာလည်း အဲဒီမိန်းကလေးအနေနဲ့ သူ့ရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလက်လွှတ်ခဲ့ရခြင်း အကြောင်းဟာ သူနေထိုင်ရာ လူ့ပတ်ဝန်းကျင်က ပြဋ္ဌာန်းထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေကို ဖီဆန်ပြီး လော်လည်ဖောက်ပြန်မှု ရှိသလား၊ ပတ်ဝန်းကျင်အခြေအနေ သို့မဟုတ် ရုပ်ဝတ္ထဒပစ္စည်းများရဲ့ ဖြားယောင်းသွေးဆောင်မှု အောက်မှာ အလွယ်တကူ ယိမ်းယိုင်တိမ်းညွတ်လွယ်တဲ့ စိတ်ကြောင့်လား၊ သို့တည်းမဟုတ် သူ့မှာ အစကတည်းက ကိုယ့်ကိုယ်ကို ထိန်းသိမ်းတန်ဖိုးထားတတ်ပြီး အစဉ်အလာနဲ့ ယဉ်ကျေးမှုတွေကို လေးစား လိုက်နာတဲ့အထဲက မရှောင်သာတဲ့ အခြေအနေမှာ သူ့ကိုယ်သူ အစွမ်းကုန်ကာကွယ်ရင်း ဘယ်လိုမှ ရှောင်လွှဲမရနိုင်ဘဲ အပျိုစင်ဘဝကို လည်စင်း ပေးအပ်လိုက်ရတာလားလို့ ခွဲခြားပြီး နားလည်ပေးနိုင်ကြရင် ကောင်းမှာပဲ။ ပြီးတော့လည်း ပတ်ဝန်းကျင်က လူတွေကရော မိန်းကလေးတွေရဲ့ဘဝ လုံခြုံအေးချမ်းနိုင်ဖို့ ဘယ်လောက်အထိ ကာကွယ်စောင့်ရှောက်မှု တွေ ပေးခဲ့ပြီးပြီလဲ၊ ကိုယ်ကိုယ်တိုင် ကာကွယ်ထိန်းသိမ်းနိုင်တယ် ဆိုတာကတော့ အကောင်းဆုံးပေါ့။ လူတွေကတော့ ဘယ်လိုအကြောင်းကြောင့်ပဲ အပျိုစင်ဘဝကို ဆုံးရှုံး ဆုံးရှုံး၊ အကြောင်းရင်းကို မြင်နိုင်ဖို့ထက် အလွယ်တကူပဲ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို သုညအောက် ဆွဲချလေ့ရှိတာ ဆိုတော့လည်း ဘယ်လို မိန်းကလေးက ရှက်ရွံ့ ထိတ်လန့်ခြင်းကင်းစွာနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်ရဲမှာလဲ။ ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ တစ်သမတ်တည်းသော အမြင် အယူအဆတွေနဲ့ တန်ဖိုးသတ်မှတ်ခြင်းတွေ အောက်မှာ မလူးသာမလွန့်သာ ဖြစ်ပြီး ဘဝနုနုလေးတွေ ဘယ်လောက် ကြေမွပျက်စီးခဲ့ရပြီလဲ။ ဒါဟာ လူ့ဘောင်ဘဝ ဖြစ်ထွန်းတိုးတက်မှုအတွက် စွမ်းရည် အရင်းအမြစ်တွေ ဖဲ့ခြွေခံနေရတာမျိုး မဖြစ်နိုင်ဘူးလား။

ကျွန်မ အဲဒီမိန်းကလေးကိုကြည့်ပြီး မိန်းမသားဘဝကို စာနာနားလည်စိတ်နဲ့ ခံစား တွေးဆမိတာပါ။ သူတို့ရဲ့ တောင်းဆိုမှုတွေကို နားထောင်မိပြီးတဲ့ အချိန်မှာတော့ ကျေးလက်သူ မိန်းကလေးတစ်ယောက်ရဲ့ အသိအမြင်အပေါ်မှာ ကြောက်ခမန်းလိလိ ဖြစ်သွားခဲ့ရတယ်။ ဒီကလေးမလေး တစ်ယောက်မှာပဲ ဒီလို အတွေးအခေါ်မျိုးတွေ ရှိနေတာလား၊ တခြားသော မိန်းကလေးတွေမှာရော ဘယ်လိုအတွေးအမြင်တွေ ရှိနိုင်မလဲလို့ ကျွမ်မ သိချင်လာခဲ့တယ်။ သူတို့လေးတွေ ဟာ သူတို့ရဲ့ ကာယိန္ဒြေထိခိုက်မှု၊ ဘဝလုံခြုံမှုအတွက် ဘယ်လို ထိန်းသိမ်းနေထိုင်ရမယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာထက် အဲဒီမိန်းကလေးနဲ့ နှီးနွယ်နေတဲ့ ပတ်ဝန်းကျင်ကပါ အခြေအနေတစ်ခုကို မိန်းကလေးရဲ့ အပျိုစင်ဘဝ (သို့မဟုတ်) ကိုယ်ကျင့်တရားကို ငွေကြေးနဲ့ တန်ဖိုးဖြတ် လဲလှယ်ဖို့ ကြံစည်စိတ်ကူး နေတာကို ကျွန်မ ဘယ်လို စိတ်မျိုးနဲ့ လက်ခံပေးလိုက်ရမှာလဲ။ သူတို့တွေကိုရော ဘယ်လိုနှလုံးသားမျိုးနဲ့ ပစ်ပစ်ခါခါ ပြောရက်နိုင်ပါ့မလဲ။ သူတို့ရဲ့ လူမှု ဝန်းကျင်ကပါ မိန်းကလေးတွေကို ဖောက်ပြန်တတ်အောင် ဖိအားပေးနေပြီလား။

ကျွန်မတို့ ကူညီဆောင်ရွက် ပေးချင်တာက အမျိုးသမီးငယ်လေးတွေရဲ့ ဘဝမြင့်မားဖို့၊ ဘဝအာမခံချက် ရှိဖို့၊ သူတို့ လေးတွေမှာ အခက်အခဲပြဿနာတွေ၊ မတော်မတရား ကြံစည်ခံရမှုတွေ ကြုံလာခဲ့ရင် အဲဒီ အခြေအနေတွေက ကာကွယ်ကယ်တင်ဖို့၊ သူတို့ကိုယ်တိုင် ကိုယ့်အစွမ်းအစနဲ့ ဘဝ အဆင့်မြင့်မားအောင် အားထုတ်နေထိုင်တတ်ဖို့ အစရှိတာ တွေကို ပညာပေးဖို့ပါ။ သူတို့လေးတွေရလာတဲ့ အခွင့်အရေးတွေကို တလွဲအသုံးချပြီး ကိုယ့်ကိုယ်ကို တွင်းနက်ကြီးထဲ ဆွဲချနေတာကို အားပေးအားမြှောက်ပြုဖို့ မဟုတ်ဘူး။

ကျွန်မ အကျိုးအကြောင်း နားလည်အောင် ဖျောင်းဖျပြောဆိုပြီး ဥပဒေဘောင်အတွင်းက ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သူယူလာတဲ့ လျှောက်လွှာမှာ သူ့နာမည် ရေးခိုင်းတော့ ကြက်ခြေခတ်လေးကိုသာ ခတ်တတ်ရှာတယ်။ ကျွန်မလေ ဘယ်လို စိတ်မကောင်း ဖြစ်သွားမိမှန်း မသိဘူး။ ကျွန်မကို လုံခြုံအေးချမ်း ပျော်ရွှင်မှုတွေပေးနိုင်တဲ့ မြို့လေးနဲ့ ဘယ်လောက်မှ အလှမ်းမကွာတဲ့ ကျေးရွာက မိန်းကလေးတစ်ယောက်ဟာ သေစာရှင်စာလေးလောက်မှ မရေးတတ်ဘူး တဲ့လား။ သူ့ရဲ့ ပတ်ဝန်းကျင်ကရော ဒီအခြေအနေထိ ရောက်အောင် လက်ပိုက်ကြည့်နေခဲ့တာလား။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာနဲ့ ထိတွေ့နိုင်ရမယ် ဆိုတာထက် ပိုမိုကျယ်ဝန်းပြီး အသက်ထက်ဆုံး ပညာသင်ယူနေကြရတဲ့ ပညာလူ့အဖွဲ့အစည်း အတွင်းမှာ အဲလိုမျိုး မိန်းကလေးတွေ သူ တစ်ယောက်တည်းလား၊ အများကြီးလား။ သူတို့နေတဲ့ကမ္ဘာမှာ အခြားသော မိန်းကလေးတွေဟာ ပညာလက်နက်ကို ကိုင်စွဲပြီး ကိုယ့်ဘဝကို မြင့်မားအောင်၊ လုံခြုံအေးချမ်းအောင် ဖန်တီးနိုင်စွမ်း ရှိကြတယ်။ အဲလိုမျိုး မိန်းကလေးတွေရဲ့ ဘဝကတော့ ပူပင်ကြောင့်ကြမဲ့ ပျော်ရွှင်ခြင်းတွေနဲ့ တည်ငြိမ်နေတယ်လို့ သူတို့ မျှော်ခေါ် တွေးတောမိခြင်း မရှိကြဘူးလား…။ မေးခွန်းတို့ တသီတတန်းကြီး ပေါ်လာပေမယ့် တကယ်တမ်း ကျွန်မတို့ အဖြေရှာရမှာက ဒီလိုကိစ္စတွေကို ဘယ်လိုပြေလည်စေနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပါ။

အဲဒီအချိန်မှာတော့ ကျွန်မတွေးထဲကို “အု” ဝင်လာခဲ့တယ်။ ဆရာကြီး သခင်ဘသောင်းရဲ့ “ပန်းသာ မစာအု” ပေါ့။ ကျေးတောသူလေး “အု” ကတော့ သူတို့နေတဲ့ကမ္ဘာကြီးဟာ ဥသျှစ်ပင်ပေါ်က ဥသျှစ်သီးတွေလို တချို့လည်း ဝန်းဝန်း စက်စက်နဲ့ လှပြီး တချို့လည်း အပုပ်တွေတဲ့။ အုတို့မှာ ကမ္ဘာအပုပ်ကြီးပေါ်မှာ နေရတဲ့အတွက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး နိမ့်ကျနွမ်းပါးပြီး ဆင်းတောင့်ဆင်းရဲ အသက်မွေးနေရတယ်။ ကောင်းတဲ့ကမ္ဘာက လူတွေမှာတော့ သူတို့လို ချို့တဲ့မနေဘူးလို မြင်တတ်တယ်။ အုကတော့ လေးတန်းထိရောက်အောင် စာတတ်တယ်။ အခု ကျေးတောသူလေးတွေ ထဲမှာ တချို့ စာမတတ်ဘူးဆိုပေမယ့် တချို့ ဘွဲ့တွေရတဲ့အထိ ပညာသင်ခဲ့ရသူတွေလည်း ရှိတာပဲ။ လူဆိုတာ ပိုပြီး ကောင်းမွန်မြင့်မားတဲ့ အခြေအနေရောက်အောင် မျှော်မှန်း စွမ်းဆောင်အားထုတ်နိုင်မှသာ ဘဝတွေ ပြောင်းလဲတိုးတက် လာမှာပေါ့။ ဒီနည်းနဲ့ပဲ လူ့ဘဝ သမိုင်းစဉ်ကြီး ဖြစ်ထွန်းတိုးတက်ခဲ့ရတာပဲ မဟုတ်လား။ ကျွန်မတို့ခေတ်က မိန်းကလေး (ကျေးတောသူလေး) တွေ ကမ္ဘာအပုပ်ကြီးပေါ်ကနေ ဝန်းဝန်းစက်စက် လှတဲ့ကမ္ဘာကို အရောက်သွားနိုင်ဖို့ အားထုတ် ကြိုးစားချင်စိတ် မရှိကြဘူးလား။ ကျွန်မတို့နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက်ဟာ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသမီး တွေထဲမှာမှ ကျေးလက်နေအမျိုးသမီးတွေက ဦးရေအများဆုံး ပါဝင်နေတယ်။ ဒီနေ့ခေတ်လို အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုပြီး ရှေ့တန်းရောက် နေရာရလာချိန်မှာ ကျေးလက်ကအမျိုးသမီးတွေကို လျစ်လျူရှုထားခဲ့ရမယ်၊ ချန်ထား ခဲ့ရမယ်ဆိုရင် ကျွန်မတို့ သွားလိုရာခရီးကို ရောက်နိုင်ဖို့ နှောင့်နှေးကြန့်ကြာနေမှာပေါ့။ သူတို့တွေပါ အသိဉာဏ်မြင့်မားမှ တိုင်းပြည်တိုးတက်မှာ။ သူတို့ဘဝတွေ ဖွံဖြိုးမှ တိုင်းပြည်စည်ပင်မှာ။ သူတို့ ဘဝတွေ လှမှ တိုင်းပြည်သာယာမှာလေ။

ကမ္ဘာအပုပ်ကြီးကို ကောင်းအောင် မကုစားနိုင်ခဲ့ရင် ကျွန်မနေရတဲ့ ဝန်းဝန်းစက်စက်လှတဲ့ ကမ္ဘာတွေကိုလည်း ကူးစက် နွမ်းပုပ်သွားစေမှာပေါ့။ ကျွန်မလေ အရင်ကတော့ လက်ရှိ ကိုယ်နေရတဲ့ဘဝကို ချမ်းမြေ့စရာအတိပြီးတဲ့ စိမ်းလန်းတဲ့ သစ်ပင်တစ်ပင်လို့ ထင်ခဲ့ဖူးတယ်။ အမှန်မှာတော့ ဒီကမ္ဘာမြေပေါ်က လူသားတွေအားလုံးရဲ့ ဘဝတွေဟာ ဆက်စပ် ပတ်သက်နေကြတာမို့ ဖြစ်ခြင်းဖြစ်ရင် စိမ်းလန်းတယ်လို့ ထင်နေရသေးတဲ့ သစ်ပင်ပေါ်က သစ်သီးအကောင်း တစ်လုံးပဲ ဖြစ်မှာပေါ။ အခုတော့ ကိုယ်တည်ရှိနေတဲ့ သစ်ပင်ပေါ်မှာ အချို့သော သစ်သီးတွေ ပုပ်နေတာကို မြင်တတ်ပြီး ဒါကို အချိန်မီ မကုစားနိုင်ခဲ့ရင် သစ်ပင်ကြီး တစ်ပင်လုံး နွမ်းရိပြိုလဲသွားမှာကို စိုးရိမ်တတ်လာပြီ။ သစ်ပင်ကြီး ထာဝရ ရှင်သန် စိမ်းလန်းနေစေဖို့ ကျွန်မတို့အားလုံး အားထုတ် ကြိုးပမ်းကြရမယ်။

“လောက၌ မကောင်းမှုမှန်သမျှ အသိပညာ ခေါင်းပါးမှု၌သာ မြစ်ဖျားခံစမြဲ” လို့ ပြင်သစ်စာရေးဆရာကြီး “အဲလဘတ်ကမှူး” က ပြောခဲ့သည်။ ကျေးလက်ကလူတွေ အပါအဝင် လူတွေအားလုံး အသိပညာနဲ့ပြည့်စုံဖို့ လိုတာ ပေါ့နော်။ အသိတရားမြင့်မားပြီးသား လူတွေက အသိတရား နိမ့်ကျသူတွေကို လက်တွဲခေါ်ယူကြရမှာပေါ့။ အုကတော့ သူ့အနေနဲ့ လောကကြီးအကြောင်း နားမလည်ရတာဟာ သူ့မိဘ အပါအဝင် သူနေထိုင်ကြီးပြင်းရတဲ့ လူ့အသိုင်းအဝိုင်းက ဆုံးမပဲ့ပြင်ခြင်း မရှိခဲ့လို့ ဖြစ်ရတာတဲ့။ ပြီးတော့လည်း သူတို့မှာ ငွေကြေးမရှိလို့ စာအုပ်တွေမဖတ်နိုင်လို့ စာပေက တစ်ဆင့်လည်း လောကသဘော ကောင်းဆိုးဖြစ်ပျက်တွေကို မသိနိုင်ဘဲ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခဲ့တာလို့ စောကြော သုံးသပ်တတ်တယ်။ အုလို မိန်းကလေး တစ်ယောက် ဘဝရေတိမ်နစ်ခဲ့ရတာကတော့ သူ့မိဘတွေရဲ့ ဆင်းရဲချို့တဲ့မှု၊ ပကာသနမက်မောမှု၊ ချမ်းသာသောလူတန်းစားရဲ့ နိုင့်ထက်ကလူပြုမှု၊ သူကြီးပြင်းရာ လူ့အဖွဲ့အစည်းရဲ့ အမြင်မှောက်မှား မှုတွေ အောက်မှာ ဓားစာခံဖြစ်ခဲ့ရတာပါ။ ဒီနေ့လို့ခေတ်မျိုးမှာ အု နေထိုင်ကြီးပြင်းရမယ် ဆိုရင် အုကိုယ်တိုင် သူ့ဘဝ သူ မြင့်မားအောင် ဆောင်ကြဉ်းပြီး သူ သံယောဇဉ်ကြီးလှတဲ့ သူ့မိဘ၊ သူ့မိသားစုရဲ့ ဘဝကို လှပစေခဲ့မှာပေါ့။

ကျွန်မတို့ခေတ်က မိန်းကလေးတွေ အုလောက်မှ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ တွေးခေါ်မျှော်မြင်နိုင်စွမ်း မရှိကြဘူးလား။ သူတို့လေးတွေမှာ မဟုတ်မမှန်တဲ့ နည်းလမ်းတွေနဲ့ ဘဝရပ်တည်မှု ရှာလိုတဲ့ စိတ်တွေ ကင်းစင်နေမှ လှပတဲ့ဘဝတွေကို ရကြမှာပေါ့။ အင်းလေ… အပြစ်တင်နေမယ့်အစားတော့ သူတို့လေးတွေ စဉ်းစားတွေးခေါ်တတ်လာေ မရှိကြဘူးလား။ သူတို့လေးတွေမှာ မဟုတ်မမှန်တဲ့ နည်းလမ်းတွေနဲ့ ဘဝရပ်တည်မှု ရှာလိုတဲ့ စိတ်တွေ ကင်းစင်နေမှ လှပတဲ့ဘဝတွေကို ရကြမှာပေါ့။ အင်းလေ… အပြစ်တင်နေမယ့် အစားတော့ သူတို့လေးတွေ စဉ်းစားတွေးခေါ်တတ်လာအောင် ရိုင်းပင်း ကူညီ ကြရမှာပေါ့။ သီရိလင်္ကာမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ရခဲ့တဲ့ သူ့ရဲ့ စည်းစိမ်ချမ်းသာတွေကို သူ့တိုင်းပြည်ရဲ့ လူမှုပြုပြင်ရေးလုပ်ငန်းတွေမှာ အသုံးချနေတဲ့ ပုဂ္ဂိုလ်ကြီးက ပြောတယ်။ “အမှောင်ထုကို ကျိန်ဆဲ နေမယ့်အစား အလင်းတိုင်တစ်တိုင် ထွန်းညှိလိုက်ပါ” တဲ့။

အသိတရားတွေကို ဘယ်လို ဖြန့်ဝေစီးဆင်းစေမလဲဆိုတဲ့ အခါကျတော့ ဘာသာရေး အဆုံးအမတွေက တစ်ဆင့်၊ စာပေက တစ်ဆင့်၊ အသက်အရွယ်ကြီးရင့်သူတွေက သူတို့ အတွေ့အကြုံ တွေကို လူငယ်တွေဆီ လက်ဆင့်ကမ်း ပြောကြားမှုတွေက တစ်ဆင့်၊ ဟောပြောပွဲတွေက တစ်ဆင့်၊ ဖြန့်ဝေပေး ကြရမှာပေါ့။ ဟောပြောပွဲယဉ်ကျေးမှုကတော့ ကျွန်မတို့ဆီမှာ မခိုင်မာ လှသေးပါဘူး။ ဟောတဲ့သူကလည်း ဟောဆိုလို့သာ ဟောလိုက်ရတယ်၊ နားထောင်တဲ့သူကလည်း ဝတ်ကျေတန်းကျေ လာနားထောင်လိုက်တာပဲ။ ဘာမှန်းမှ မသိကြဘူး။ အဲဒီထဲမှာ ကျွန်မတို့ရည်ရွယ်တဲ့ လူငယ်တွေ ဘယ်လောက်အထိ ပါဝင်သလဲ။ လာတဲ့သူတွေထဲမှာလည်း လူဘယ်လောက်များများ စွဲမြဲလက်ခံကျင့်သုံးနိုင်သလဲ ဆိုတာ မရေမရာ ရှိနေ သေးတဲ့ ကိစ္စတစ်ခုပါ။ စာပေဟောပြောပွဲလိုမျိုး ဆိုရင်တော့ အစတည်းက သူ့မှာ ပရိတ်သတ်ရှိနေပြီးသား။ အထူး တလည် စည်းရုံးရမယ်မထင်ဘူး။ အဲဒီထဲကမှ ကျွန်မတို့လိုချင်တဲ့ လူငယ်တွေ များများ စည်းရုံးနိုင်ခဲ့ရင် အကျိုးကျေးဇူး တွေ အများကြီးရနိုင်တယ်။ ဒါကြောင့် မြို့တိုင်း မြို့တိုင်းမှာ (ဖြစ်နိုင်ရင်) ကျေးလက်အထိ စာပေဟောပြောပွဲတွေ များများ ရှိစေချင်တယ်။

နောက်တစ်ခု ကျွန်မတို့ အားထားရမှာက စာအုပ်တွေပဲ။ စာအုပ်စာပေဟာ လူတွေကို အသိအလိမ္မာ တိုးစေနိုင်တယ်လို့ ကျွန်မတို့ လက်ခံယုံကြည်ထားကြသည့် တိုင်အောင် လူတွေ များများစာဖတ်ကြပါစေလို့ ဆုတောင်းနေရုံနဲ့ ဘယ်သူ့ကိုမှ မကယ်တင်နိုင်ပါဘူး။ လူတွေ စာအုပ်စာပေနဲ့ အလွယ်တကူနီးစပ်နိုင်တဲ့ အခြေအနေ ဝန်းကျင်မျိုး ဖန်တီးပေးနိုင်ရမယ်။ ဒီလောက်ထိတော့ လူအတော်များများ စိတ်ကူးမိပြီးသား ဖြစ်နိုင်ပါတယ်။ လက်တွေ့ဆောင်ရွက်ခြင်း ရှိ,မရှိ ဆိုတာကသာ ကျွန်မတို့တစ်တွေရဲ့ ဘဝအဆင့်အတန်းကို သတ်မှတ်ပေးတာပါ။ လူတိုင်းမှာ မျှော်မှန်းတမ်းတချက်တွေ၊ စိတ်ကူး အိပ်မက်တွေ ရှိနေပြီဆိုရင် ကိုယ်တတ်နိုင်တာလေးတွေ တစ်နိုင်စီ ပါဝင်ကူညီကြမှ အိပ်မက်တွေ တကယ်ဖြစ်လာမှာ။

ကျွန်မကတော့ တစ်ယောက်တည်း မတတ်နိုင်လို့ ကျွန်မ အစ်ကိုတွေရဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းပြီး (သူတို့ လှူဒါန်းတဲ့ ငွေ တစ်သိန်းရှစ်သောင်းကို မ,တည်ပြီး) ၁၉၉၈ ခုနှစ်မှာ ယင်းမာပင် အ.ထ.က စာကြည့်တိုက်ကို ပြန်ဖွင့်နိုင် ခဲ့တယ်။ နောက်ထပ်လည်း အစ်ကိုတွေနဲ့ အစ်ကိုတွေရဲ့ သူငယ်ချင်းတွေ အကူအညီကိုယူပြီး ယင်းမာပင်မြို့ပေါ်မှာ ရှိတဲ့ မူလတန်းကျောင်း နှစ်ကျောင်းမှာ စာကြည့်တိုက်တွေ ဖွင့်နိုင်ခဲ့တယ်။ နှစ်စဉ်လည်း ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေ စုပြီး စာအုပ်တွေလှူတယ်။ စာမျက်နှာပေါ်ကနေ ကျွန်မ ဒါတွေ ဘာလို့ပြောပြရတာလဲဆိုတော့ ဘယ်အရာမျိုး မဆိုပေါ့လေ စိတ်ကူးတွေ၊ ဆန္ဒတွေလည်း တူမယ်၊ ကိုယ့်ရဲ့ရည်ရွယ်ချက်က ကောင်းနေပြီး လောကကိုကောင်းကျိုးပေးနိုင်တယ် ဆိုတာ သေချာရင် စုပေါင်းအားနဲ့သာ ညီညီညွတ်ညွတ်ဆောင်ရွက်ပါ။ အကောင်အထည်ပေါ်ဖို့ လွယ်တယ်ဆိုတာကို ပြောချင်တာပါ။ ကျွန်မ အစတုန်းက ရည်ရွယ်ခဲ့တာကတော့ စာကြည့်တိုက်တွေဖွင့်နိုင်ဖို့ကို မျိုးဆက်သစ်လူငယ်တွေ ဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေ အတွက်ရယ်လို့ပဲ။ နောက်တော့ စာဖတ်တတ်သူတိုင်းအတွက် စာကြည့်တိုက်တွေ လိုအပ်တယ်ဆိုတာ ကျွန်မ ပိုပြီးသဘောပေါက်လာခဲ့တယ်။ ဒါပေမယ့်လည်း ဒီအလုပ်တွေကိုလုပ်နိုင်ဖို့ ကျွန်မ တစ်ယောက်တည်း (သို့တည်းမဟုတ်) တစ်စုတစ်ဖွဲ့တည်း ကြိုးစားတာထက် ကျွန်မတို့အားလုံး အတူတကွ လက်တွဲ ညီညာကြရင် ကျွန်မတို့မျှော်မှန်းတဲ့ကမ္ဘာကို မြန်မြန်ဆန်ဆန် အရောက်သွားနိုင်တာပေါ့။

အခုအချိန်မှာ ကိုယ့်ကိုယ်ကို လှပတဲ့ကမ္ဘာမှာ နေထိုင်ရတယ်ဆိုတဲ့ ပျော်ရွှင်ကျေနပ်မှုတွေ အပြည့်အဝ ရှိပါရဲ့လားလို့ မေးလာခဲ့ရင် ကျွန်မ ရဲရဲမဖြေနိုင်သေးဘူး။ ကျွန်မတို့ မြို့လေးရဲ့ သာယာလှပမှုတွေကို ဖြစ်စေ၊ လုံခြုံအေးချမ်းနေပါတယ် ဆိုတဲ့ ဘဝတွေအပေါ်မှာဖြစ်စေ ဒါတွေဟာ ဘယ်လောက်သေချာလို့လဲ။ ဘယ်လောက်ထိရော ခိုင်မြဲတည်ရှိနိုင်မှာလဲ။ နေရာဒေသတစ်ခုရဲ့ ခမ်းနားလှပမှုပဲဖြစ်ဖြစ်၊ စိမ်းလန်းသာယာမှုတွေပဲဖြစ်ဖြစ် အပေါ်ယံသဏ္ဍာန်တွေနဲ့ အတွင်းသားတွေ တစ်ထပ်တည်း ကျပါရဲ့လား၊ ကိုယ့်ဘဝတွေ လုံခြုံအေးချမ်း ပြည့်စုံနေတာကို ကျေနပ်နေပြီး ပတ်ဝန်းကျင်ဘဝတွေကို လျစ်လှူရှုထားမယ်ဆိုရင် လောကကြီးကို ဘယ်လို မျက်နှာပြရမလဲ။ ကျွန်မတို့ မှီတင်းနေထိုင်တဲ့ သစ်ပင်ကြီး ထာဝရ စိမ်းလန်းရှင်သန်နေစေဖို့ အားလုံးမှာတာဝန်ရှိတယ်။ ကမ္ဘာကြီးရဲ့ စိမ်းလန်းခြင်း ရနံ့အတွအောက်မှာ ကျွန်မတို့ အတူ ပျော်မွေ့ကြမယ်လေ…။ ။

မိမိလေး(ယင်းမာပင်)

[ယင်းမာပင်မြို့မမှ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရန်အတွက် ငွေပေးပို့ လှူဒါန်းသော ကျွန်မ၏ အစ်ကို ကိုဝင်းဇော် (တိုတယ်−မြန်မာ)၊ စင်ကာပူမှ ကျွန်မ၏ အမြွှာအစ်ကို ကိုမောင်မောင်ကြီးနှင့် သူငယ်ချင်းများ ဖြစ်သော ကိုသစ်လွင်မြင့်၊ ကိုလှမိုးနှင့် ကျွန်မ၏ သူငယ်ချင်းများ ဖြစ်ကြသော ကိုကျော်ဇော(MICC)၊ ကိုကျော်ဝင်းစိန်၊ ငြိမ်းငြိမ်းဌေး၊ ခင်မေဌေး၊ လေးလေးနိုင်၊ ဝေဝေအောင်၊ ချိုချိုအောင်၊ ခင်နွဲ့မူ တို့၏ ကျေးဇူးတရားကို ဤစာစုဖြင့် ဂုဏ်ပြုပါသည်။]

Via: မြားနတ်မောင် မဂ္ဂဇင်း (၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

1 COMMENT

  1. ကျွန်တော် တို ့မွေးဖွားကြီးပြင်းခဲ့တဲ့ မြို ့လေး အကြောင်း ဒီလိုရှိနေတာတောင် မသိခဲ့ပါ ခုနကအချိန်ထိလေ…။အကူအညီလိုရင်ပြောကြပါ တတ်နိုင်တဲ့နေရာက အစိမ်းကုန် ကူညီပါ့မယ်။