ဆည်တဲကို ဘယ်သူကယ်မလဲ

0
218

အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေး
ပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း
ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေကရောက်တောင်နေပြီ။
ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက တရုတ်သုံးယောက်။ ကားမောင်းတာက ဗမာတစ်ယောက်။ ကျုပ်တို့လည်း
တားတာပေါ့တော်။ မရဘူးတော့်။ ဆက်ပုံတာပဲ။ ဒါနဲ့ကျုပ်တို့လည်း ကားကိုလည်း ဝိုင်းထားကြတာ။ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့
မိန်းမတွေ တွေချည်းပဲ။ ကြောက်ပေါင်တော်။

တရုတ်တွေကလည်း ကျုပ်တို့ကြည့်၊ ကျုပ်တို့ကလည်း တရုတ်ကောင်တွေ ကြည့်နဲ့ပေါ့တော်။ ကျုပ်တို့ကလည်း မိန်းမတွေတွေသာဖြစ်သာ။
ဒေါင်နဲ့ သတ္တိက သိကြတဲ့အတိုင်း။ သွေးနည်းတာ မဟုတ်ဘူးရယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလဲနဲ့ဝိုင်းပြောကြတာပေါ့တော်။ ကား
မောင်းတဲ့ ကောင်လေးကလည်း တရုတ်လို မတတ်တတတ်နဲ့ သူပြောတတ်သလို ပြန်ပြောပြနေပါရဲ့။ အမှန်ပြောရင် ကျုပ်တို့က သူတို့လို အောက်ခြေအဆင့်လောက်နဲ့လည်း ပြောချင်တာ မဟုတ်ဘူးရယ်။ ပြောလို့လည်း မပြီးဘူးလေ။ ပြောပေါင်းလည်း များပြီ။ ပြီးတော့
လည်းသူတို့က ခိုးပြီးလာလုပ်တာပဲ။ ကျုပ်တို့က ဘွင်းဘွင်းသမားရယ်။ အထက်က တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ပြီး တည့်ပြောချင်
တာရယ်။

ဒါကြောင့် ဒီတစ်ချီတော့ ဒင်းတို့ကို ပြန်မလွှတ်မှ ဒင်းတို့ဆရာတွေ ထွက်လာမှာဆိုပြီး ကျုပ်တို့ လည်း ဝိုင်းထားတော့တာပဲ။အချိန်ကလည်း
မွန်းတည့်ချိန်။ အညာနွေဆိုတော့တော်။ သူတို့ကတော့ အဲယားကွန်းပါတဲ့ ကားကြီးထဲမှာ ထိုင်နေတာ။ ကျုပ်တို့ကသာ နေပူကျဲကျဲထဲကနေ
သူတို့ကို စောင့်နေရတာဆိုတော့ ကြာရင် မလွယ်ဘူးဆိုပြီး ရွာကို လိုက်ခဲ့ဖို့ ပြောရတာပဲ။ ကားသမားလေး စကားပြန်ပေးသလိုဆို သူတို့
ကလည်း လိုက်ခဲ့မယ်လို့ ပြောတယ်တဲ့။ တော်ကြာနေတော့ ရွာထဲက သတင်းကြားပြီးဆိုင်ကယ်တွေနဲ့ ရောက်လာကြတယ်။

သူတို့က လိုက်မယ်ပြောပေမယ့် ကားနဲ့ဆိုတော့ မောင်းပြေးသွားမှာလည်း စိုးသေးတာတော့်။ ဘာရမလဲ။ ကျုပ်တို့ မိန်းမတွေတစ်သိုက်
သူတို့ကားနောက်ခန်းပေါ် တက်လိုက်တာပေါ့။ သူတို့ကားက ရှေ့ကနှစ်ခန်းတွဲနဲ့ နောက်က အမိုးပွင့်လေ။ ရွာထဲကလာတဲ့ ဆိုင်ကယ်တွေ
ကလည်း ဘေးနှစ်ဘက်က ညှပ်လို့ပေါ့။ ပြီးမှ ရွာက ဘုန်းကြီးကျောင်းကို မောင်းခိုင်းတော့တာပဲ။ သြော် ကျုပ်တို့ရွာဆိုမှတော့။ ဟုတ်
တယ်။ အရင်ရွာပေါ့။ တကယ်တန်းကျတော့လည်း ဒါကျုပ်တို့ ဓားမဦးချလုပ်ခဲ့တဲ့မြေ၊ကျုပ်တို့ ဘိုးဘွားတွေ ခေါင်းချခဲ့တဲ့ အရပ်ပဲလေ။

မရွှေ့နိုင်ပါဘူးတော်။ ကျုပ်တို့ ဒီရွာမှာ ရှိနေတာတောင် ကျုပ်တို့လယ်တွေကို ထင်သလို လုပ်နေတာ။ ကျုပ်တို့က ဟိုးအဝေးကသူတို့ရွှေ့ခိုင်း
တဲ့ရွာများ ရွှေ့ပေးလိုက်ရင် ဒီမြေတွေဆိုတာ မြင်ရတော့မှာတောင် မဟုတ်ဘူး။ ဒါတွေကို ကျုပ်တို့ အခါခါ ပြောခဲ့ပြီးပါပြီ။ သူတို့က ဒီမြေမှာ
ဘာလုပ်ချင် တာလဲ။ ကျုပ်တို့အတွက် ဘာတွေ ဖြစ်လာနိုင်လို့လဲ။ အန္တရာယ်ရှိနိုင်တယ် ဆိုရင်လည်း ဘာတွေဖြစ်နိုင် တာလဲ။ ကျုပ်တို့ကို
ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခုလည်း ဒါတွေကို လူကြီးတွေနဲ့ ဆွေးနွေး ချင်လို့ကျုပ်တို့လည်း အခွင့်အရေးပေးတုန်း ကျုပ်တို့
နားလည်သလို ကြံလိုက်ရတာပဲ။ ကျုပ်တို့ ဦးဇင်း လား။ ဘယ်ကြိုက်ပါ့မလဲတော်။ကျုပ်တို့ကို ဆူတာပေါ့။ နောက်တော့လည်း မဖြစ်သင့်တာ
မဖြစ်ရအောင် တခြားမှာ ထားတာနဲ့ စာရင် ကျောင်းမှာထားတာ တော်သေးတယ်ဆိုပြီး နေမှာပေါ့။ မပြောတော့ဘူး။

အစားအစာတွေ၊ ငှက်ပျောသီးတို့၊ ရေတို့ ကျုပ်တို့က ကျွေးပါတယ်။ ကားပေါ်ကလည်း ဆင်းခိုင်းပါတယ်။ ဒါပေမယ့် သူတို့ကမဆင်းဘူးတော့်။
ကားပေါ်တင် နေကြတာရယ်။ ကျုပ်တို့လည်း ကားမောင်းပြေးမှာစိုးလို့ လေးဘက်၊ လေးတန်ကနေ သစ်တုံးတွေနဲ့ ခုထားတာပေါ့။ နေ့ခင်း
နှစ်ချက်တီး၊ သုံးချက်တီးလောက်မှာ တရုတ်တွေဆီကို သရေစာလာပို့တဲ့ တရုတ်တစ်ယောက်နောက်ထပ် ရောက်လာပြန်တော့ ပေါင်းငါးဦး
ဖြစ်သွားတာပေါ့။ သတင်းကြားနဲ့ တခြားရွာတွေကလည်း ရောက်လာတယ်။ အလှူရှိနေတော့ လူကလည်း စုံတယ်လေ။

ညနေပိုင်းကျတော့ မြို့နယ်က လူကြီးတွေ ရောက်လာတယ်တော့်။ နောက် ခရိုင်က လူကြီးတွေ ရောက်လာတယ်။ အောင်မယ်လေး။ ဘုန်းကြီး
သုံးပါးတောင် ပါသေး။ အဲဒီ ကိုယ်တော်တွေပေါ့။ ကျုပ်တို့လို အရွှေ့မခံတဲ့ ဟိုဘက်ရွာက ဘုန်းကြီးကျောင်းကိုချိတ်ပိတ်လိုက်ဖို့ ဦးဆောင်တာ။
အဲဒီရွာက အလှူလုပ်ချင်လို့ ချိတ်ဖွင့်ပေးဖို့ သွားပြီး မေတ္တာရပ်ခံတော့ လောကီကိစ္စ ဘုန်းကြီးနဲ့မဆိုင်ဘူးလို့ ပြောလိုက်သေးတာ။ အခု တရုတ်
အရေးကျတော့မှ မားမားကြီး ပါလာတော့တယ်။ ကျုပ်တို့ မခံချင်တာလည်းအဲဒါပဲ။ သာတူညီမျှဆိုတာ ကျုပ်တို့လို တောင်သူလယ်သမားတွေ
နဲ့ မဆိုင်ဘူးလား။ ကျုပ်တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီသံဏာတော်ကို ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့လူတွေပါတော်။ ကိုယ့်ဘာသာ၊
ကိုယ့်လူမျိုးကို ကိုယ့်ဆရာတော်တွေကစောင့်ရှောက်ရမှာ မဟုတ်ဘူးလား။

လူကြီးတွေလာတာမြင်တော့တော် ကျုပ်တို့လည်း ကိုယ်ခံစားရသမျှကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတာပေါ့။ တောသူတောင်သားဆို
တော့လည်း တုတ်ထိုးအိုးပေါက်၊ ရှင်းရှင်းဘွင်းဘွင်းသာ ပြောတတ်တာရယ်။ အရေးအကြောင်းဆိုတော့ ကျုပ်တို့ဦးဇင်းလေးကပဲ ကျုပ်တို့
ရှေ့ကနေ မားမားမတ်မတ် ပေါ့တော်။ သူတို့က ဒါမျိုးလုပ်တာ ဥပဒေနဲ့ မညီတဲ့အကြောင်းတွေ ပြောတာတော့။ ကျုပ်ဖြင့် ဝင်ပြောချင် လိုက်
တာတော်။ ကျုပ်တို့ သီးနှံအောင်မြင်နေတဲ့ မြေတွေကို သူတို့ကားတွေနဲ့ အတင်းဖြတ်မောင်း။ တစ်ပေါက်တွင်းတွေ တစ်ယာခြားတစ်ခုဆိုသလို
နေရာအနှံလိုက်တူး။ အဲဒီတုန်းက သူတို့ဘယ်ဥပဒေနဲ့ လုပ်ခဲ့တာလဲ။ကျုပ်တို့ ပြောလွန်းမက ပြောတော့မှ သီးနှံလျော်ကြေးဆိုပြီး ကျုပ်တို့ကို
ငွေလာထုတ်ခိုင်းတာရယ်။ ဒါလည်း ဘာအတွက် ဘယ်လောက်ဆိုပြီး ကျုပ်တို့ကို ဘယ်သူမှ ရှင်းမပြပေါင်။ ကျုပ်တို့ကလည်း မေးရကောင်း
မှန်း သိတာ မဟုတ်ဘူး။အရိုးခံတွေကိုးတော့်။ ရိုးတာ မဟုတ်ပါဘူးလေ။ အ, တာ။ အ,တာ။ ငဖြူလာ၊ ငနီလာ ဆိုပြီး သူတို့ခိုင်းတဲ့နေရာ
လက်မှတ်ထိုးရတာရယ်။အများစုကလည်း လက်မှတ်ထိုးတတ်ရုံလောက် စာတတ် ကြတာရယ်။ စာတတ်တဲ့လူလည်း အပေါ်က ဘာရေး
ထားမှန်းဖတ်ချိန်ကို မရှိတာ။လက်ထဲရလာတဲ့ငွေကို ဘယ်ဟာအတွက် ဘယ်လောက်ပေးမှန်းလည်း မသိ။ ကိုယ့်ငွေလေး ကိုယ်ဆုပ်ပြီး
ပြန်ခဲ့ရတာ။

ဒါတောင် လူတိုင်းရတာ မဟုတ်ဘူးတော့်။ မရတဲ့ လူတွေ သွားမေးတော့ အဲဒီနာမည်နဲ့ ထုတ်ပြီးသားတဲ့။ ဒါလည်း တရားတဘောင် ရင်ဆိုင်
ရကောင်းမှန်း ဘယ်သိပါ့မလဲတော်။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ကြားတာက ဒါက ယာတစ်ကွက်ရဲ့ တစ်ရာသီစာထွက်မယ့် သီးနှံအထွက်
နှုန်းကို အခြေခံ တွက်ပြီး သုံးနှစ်စာ လျော်ပေးတာတဲ့။ ကိုယ့်ယာမှာ သီးနှံစိုက်ထားတဲ့အချိန် သူတို့ကားတွေ ဖြတ်သန်း သွားလာတာတို့၊ တစ်ပေါက်ကျင်းတူးတာတို့ကြောင့် ပျက်စီးဆုံးရှုံးတာဖြစ်ခဲ့ရင် နစ်နာကြေးပေးတာတဲ့။ အဲဒီတော့ ကျုပ်တို့ကလည်း သူ့ပိုက်ဆံယူထားမိ
တာကိုး။ဂတိတည်ပါတယ်တော်။ သာမာန်လိုဆို သူ့အခင်း၊ ကိုယ့်အခင်း အပင်တွေဖြစ်ထွန်းနေချိန်မှာ ဘယ်လှည်းမှ အဖြတ်မခံဘူး။
အခုဟာကသူတို့ကားတွေ ဖြတ်သွားနေတာပဲ။သီးနှံတွေ အများကြီး ပျက်စီးတာပေါ့။ ကျုပ်တို့ မပြောပါဘူး။

ဒါပေမယ့် အလိုလိုက်လို့ အမိုက်စော်ကားတာတော့ ကျုပ်တို့က သည်းမခံတတ်ဘူးတော်။ အခု ယာပြင်တွေ၊ ယာခင်းတွေဆို မီးတိုင်တွေ
စိုက်မယ်လို့လည်း မပြောဘူး။ တိုင်တွေ ဆွဲတော့ နေကြာသမားတွေမယ် မအောင်သေးဘဲနဲ့။ ဘယ်လောက်နစ်နာသွားတယ် မှတ်သလဲ။
အဲဒီနောက်မယ် လမ်းဖောက်မလို့တဲ့။ ကျုပ်တို့ကလည်း လမ်းဖောက်မခံနိုင်ဘူးလို့။ ဒီတိုင်း ကားမောင်းလို့ကတော့ မောင်း။ ဟိုဘက် ရွှေ့ပေး
လိုက်တဲ့ရွာက မြေတွေဆို အဆောက်အဦးဆောက်လို ဆောက်နဲ့။ ငွေကုန်တာကပြန်ရှာလို့ရတယ်။ အခု နစ်နာတာက မြေယာဆိုတော့။
ကျုပ်တို့မှာ ပိုင်ဆိုင်တာ ဒါပဲ ရှိတာ။

လယ်ယာတွေလည်း အသိမ်းခံရမယ်။ ရွာလည်း ရွှေ့ရမယ်။ ကျုပ်တို့ ဒီလိုလက်မဲ့နဲ့ ဆင်းသွားရ မယ်ဆိုတော့ တောင်သူတွေ အဲ့ဒါ မခံချင်တာ။
သူတို့ ပေးထားတဲ့ ငွေက သီးနှံလျော်ကြေး။ မြေသာရှိရင် တတ်နိုင်တဲ့လူက မြေလုပ်။ မတတ်နိုင်တဲ့လူကလက်စားလုပ်လို့ ရတယ်။ အခုကျ
လုပ်စားစရာကို မကျန်တော့လို့။ ကျုပ်တို့ ဆင်းသွားရင် ဒီရွာလုံးကျွတ် မိသားစုလိုက်ကိုဘယ်သူက တင်ကျွေးထားမှာလဲ။ တောင်းစား
တော့ရော ဒီသန်သန်မာမာကြီးတွေကို ဘယ်သူက ထည့်မှာတဲ့လဲ။ ခိုးစားပြန်တော့ ခိုးတဲ့အမှုက လာဦးမယ်။ ဓားပြတိုက်စားတော့ ဓားပြ
တိုက်စားတဲ့ အမှုက လာဦးမယ်။ သူတို့ မြေတွေသိမ်းသွားတော့ ကိုယ့်မှာ လုပ်စားစရာမှ မရှိတော့တာ။ သူတို့ ဒီလိုသိမ်းခွင့် ရှိတယ်ဆိုရင်
ကျုပ်တို့ စားစရာမရှိလို့ ခိုးစားရင်လည်း အရေးမယူနဲ့လို့ ပြောချင်တာ။

ကျုပ်တို့က ပညာလည်း မတတ်ပါဘူး။ အသိဉာဏ်လည်း မရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ သွေးနည်းပြီး အလျော့ပေးလိုက်ရင်သားစဉ်မြေးဆက်
ဒီမြေတွေမြင်တိုင်း ကျုပ်တို့ အရှက်ရမယ့် ကိစ္စတော့်။ အသက်သေချင်သေပါစေ။ ကျုပ်တို့ ရှိနေသရွေ့ကတော့ ဒီမြေတွေကို တစ်လက်
မတောင်တရုတ်တွေ မကျူးကျော်စေရဘူး။ ကျုပ်တို့ စာမတတ်ပေမယ့် “ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်မလေ ဒါတို့ပြည်
ဒါတို့မြေ တို့ပိုင်တဲ့မြေ” ဆိုတဲ့ အဓိပ္ပါယ်ကို အရိုးစွဲနေအောင် သိပြီးသား။ ကျုပ်တို့ မသိနားမလည်လို့ ဘာမှန်းမသိတဲ့ စာချုပ်မှာ လက်မှတ်
ထိုးလိုက်ရပေမယ့်အခုနည်းနည်း ရိပ်မိလာတဲ့ အချိန်မှာ ကျုပ်တို့မြေကို ကျုပ်တို့နားလည်သလို ကာကွယ်ပါတယ်တော်။ ရာဇဝင်မှာ ကျုပ်တို့
နာမည်ဆိုး မကျန်စေရပါဘူး။

အရိုင်းအစိုင်းတွေတဲ့။ စာမတတ်လို့ ရိုင်းတယ်ဆိုရင်တော့ ကျုပ်တို့က အရိုင်းမကြီးတွေပေါ့တော်။ ဒါပေမယ့် သမိုင်းမှာ ကျုပ်တို့ မရိုင်းစေရဘူး။
ဘာတဲ့။ တရုတ်တွေကို ရွာသားတွေက ပြန်ပေးဆွဲသွားလို့ ဆိုပြီး ပြောကြသတဲ့။ ပြောပြလိုက်စမ်းပါတော်။ ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။
ခေါ်ပြီးဆွေးနွေးတာပါလို့။ ရွာသားတွေလည်း မဟုတ်ပါဘူး။ ရွာသူမတွေ ခေါ်သွားတာပါလို့။ အဲဒီညနေပဲ တရုတ်တွေကို လူကြီးတွေနဲ့
ပြန်ထည့်ပေးလိုက်ပါတယ်။ ဘယ်တစ်ယောက်မှ မှည့်တပေါက် မစွန်းပါဘူး။ လူကြီးတွေကတော့ အထက်ကို ဆက်လက်တင်ပြပေးပါမယ်
လို့တော့ပြောသွားတာပဲ။ မြေတွေ ထပ်လာမပုံတော့ပါဘူး၊ စက်တွေ ယာထဲမှာ မထိုင်တော့ပါဘူးလို့လည်း ပြောသွားတာပဲ။ သူတို့ပြောသလို
တည်ပါစေ။အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေ အမြန်ဆုံးသိပါစေ။ ကျုပ်တို့ ဘဝတွေကို စာနာကယ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတာပါပဲ။

တီဗွီထဲမှာပဲ မြင်ဖူးတဲ့ သမ္မတကြီး ဆိုတာကိုပဲ အားကိုးပါတယ်။ ကျုပ်တို့ ကြားဖူးတာပေါ့။ တရုတ်တွေ လာလုပ်တဲ့ မြစ်ဆုံစီမံကိန်းဆိုတာကို
ရန်ကုန်မှာ ပွဲတွေကျင်းပပြီး ကန့်ကွက်ကြတဲ့အကြောင်း၊ တစ်နိုင်ငံလုံးကလည်း တက်ညီလက်ညီ၊ ဝိုင်းဝန်းကန့်ကွက်ကြတဲ့ အကြောင်း၊
နောက်ဆုံး သမ္မတကြီး ကိုယ်တိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်လို့စီမံကိန်းကြီး ရပ်ပစ်လိုက်ရတဲ့အကြောင်း။ ကျုပ်တို့ဖြင့်
သတင်းကြားရတော့ အားရလိုက်တာလေ။

သာဓုခေါ်လိုက်ရတာ မပြောပါနဲ့တော့။ ကျုပ်တို့ ယုံကြည်ပါတယ်။ ကျုပ်တို့ အရေးကိုလည်း မျိုးချစ်စိတ်ရှိတဲ့ ဘယ်မြန်မာပြည်သူ၊ ပြည်သားမှ
လျစ်လျူရှု ထားမှာ မဟုတ်ဘူးဆိုတာ။ ပညာမဲ့တဲ့ ကျုပ်တို့တတွေ မဖြေနိုင်တဲ့ ပုစ္ဆာတွေ၊ မရှင်းနိုင်တဲ့ဒုက္ခတွေကို ကူပြီး ရှင်းပေးလှည့်ကြပါဦး။
ဆည်တဲကို ဘယ်သူကယ်မလဲ ဆိုတဲ့အဖြေက အခု ကျုပ်တို့အတွက် အရေးပေါ်လိုအပ်နေပါပြီ။