ဆည်တဲရွာမှ ရင်ထဲက စကားသံများ

0
165

ဒီဘက်ကအမြင် ဆိုရင်တော့ သူတို့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းကြီးအောင်မြင်သွားမယ်ရင်တော့ ကျန်းမာရေးကို ထိခိုက်တာပ။ ဘာလို့ဆို အက်စစ်တွေဘာတွေနဲ့ လုပ်တာဆိုတော့ အက်စစ်အဆိပ်ဓာတ် တွေတို့၊ ဒိုင်းနမိုက်ခွဲတာတို့ ဆိုတော့ မြေတုန်တာတို့၊ အိမ်ပြိုတာတို့ ဖြစ်နိုင်တာပေါ့။ ဥပမာတစ်ခု – သူတို့ ကန်နဲ့လုပ်မယ်ဆိုရင်တောင်မှ အက်စစ်စက်ရုံထဲမှာ စွန့်ပစ်ရေတို့၊ ဘာတို့ထည့်တဲ့အခါကျ ချင်းတွင်းမြစ်ထဲ သွားမယ်ဆိုရင်လည်း ငါးတွေသေမှာပေါ့။ လူတင်မကဘူး။ ငါးတွေပါ ပျက်ကုန်မှာ။ ဒီဘက်ကလည်း အန့ံငွေ့နဲ့ဆိုတော့ ကလေးတွေပေါ့ဗျာ။ ကြီးတဲ့လူဆို ဒဏ်ခံနိုင်တယ်။ မွေးခါစကလေးတွေကျ ဒဏ်မခံနိုင်ဘူး။ အဲဒါကျ လပိုင်း၊ ရက်ပိုင်းနဲ့ ဖြစ်နိုင်တဲ့ အခြေအနေရှိတာပလေ။

ပြီးတော့ကျ သူတို့က လုပ်လာမယ်ဆို အရင်တုန်းကဆိုရင် မိုင်းမှာ ဒုက္ထာလို့လုပ်ကြတယ်လေနော်။ ပြွန်တွေနဲ့ စုပ်တဲ့အခါကျ မိန်းမတွေ တွေမှာနှော့။ တချို့ကျတော့လည်း ပါးစပ်နဲ့ စုပ်တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ပါပါကုန်တာပေါ့လေ။ ဗိုက်ထဲရောက်တာ။ အဆုပ်တို့ အသည်းတို့ ထိခိုက်တာပေါ့။ ရတဲ့ ပိုက်ဆံလေးသာမြင်တာလေနှော့။ ကျန်းမာရေးကျတော့ မမြင်တော့ဘူး။ အဲဒါမျိုးထိခိုက်တာတွေ အရင်တုန်းကလည်း ရှိခဲ့တယ်။ အခုလည်း သူတို့ကဆက်လုပ်မယ်ဆိုရင် ထိခိုက်မှုက လောလောဆယ် ရှိမှာအမှန်ပဲ။ သေချာပေါက်ရှိတယ်။ ကျန်းမာရေးရောပေါ့ဗျာ။

ဓာတ်ငွေ့တို့၊ ဘာတို့ရော။ သူတို့ ယမ်းတွေဘာတွေရော ဖောက်ခွဲတာပေါ့ဗျာ။ အခု ကျော်ရွာဘက်ဆို နေလို့ကို မရဘူး။ ကားတွေက ဖုန်ထောင်းတာရော၊ ဒိုင်းနမိုက်ခွဲတာတွေရောဆိုတော့ တခါတည်း ထောင်းနမောင်းထတော့တာ။ ဖုန်လုံးတွေဆိုတာ။ အဲဒီဘက်ကျ ကျန်းမာရေး တော်တော်ထိခိုက်နိုင်တယ်။ သူတို့ဘက်က။ ဒီဘက်ကတော့ အဲဒီလောက်ထိအောင်တော့ မဆိုးရွားသေးဘူး။ နောက်ပိုင်း တဖြည်းဖြည်း သူတို့အလုပ်အောင်မြင်လာရင်တော့ ဒီဘက်တွေလည်း ဆိုးရွားလာတော့မှာ။ ဒီကလူတွေကလည်း ဘယ်မှ တင်ပြစရာလည်း မရှိဘူး။ ဘယ်မှလည်း အားကိုးစရာ မရှိဘူး။ အသိပညာ၊ အတတ်ပညာ နည်းပါးတဲ့ဒေသတွေဆိုတော့ အဲဒါတွေက ဒီလိုခံနေရမှာပါပဲ။

ရွာအရှေ့မှာ ရေတွင်းတစ်တွင်းရှိတယ်လေ။ အဲဒီရေတွင်းလေးပဲ စစ်ပုံပေါက်တယ်ပေါ့လေ။ အဲဒီတွင်းလေးပဲ သူတို့ အသန့်ပြမှာပေါ့လေ။ ဒီပြင်တွင်းတွေကတော့ တူးပြီး ဖို့ဖို့ပစ်တာ။ အဲဒီတစ်တွင်းကျန်တာပဲ။ တွင်းပေါင်း လေး၊ငါးဆယ်လောက် တူးတာမှ အဲဒီတစ်တွင်းပဲ အကောင်းကျန်တာ။ တခင်းခြာ၊ တခင်းခြာ တွင်းတွေတူးတာ။ အဲဒီနေရာလေးတော့ ကောင်းတယ် ထင်တာပေါ့လေ။ ကိုယ့်အထင်ကတော့။ ရေသန့်ဘူးတွေနဲ့ ရေနမူနာ လာလာယူတာ။ ကနေဒါတွေတုန်းကဆိုရင် တလတစ်ကြိမ်၊ တလနှစ်ကြိမ်လောက် လာလာပြီး အဲဒီရေတွင်းလေးကို စမ်းသပ်တာ။ သူတို့စမ်းသပ်တာတော့ ဘယ်လိုစမ်းသပ်ကြောင်းတော့ မသိဘူးပေါ့လေ။

ရပ်ရွာကတော့ လူသာညီတာ။ ပညာရေးကတော့ သိပ်ရှိတာမဟုတ်ဘူး။ အားကိုးရှာနေတာပါပဲ။ ဘာမှ အသိပညာမရှိ။ အတွေ့အကြုံလည်း မရှိဆိုတော့။ အထက်ကို မပေါက်တာပေါ့နော်။ ဒီကတော့ ဘယ်မှလည်း မသွားတတ်တော့လေနှော့။ ဒီတော့ သူတို့ကလုပ်လိုက်၊ ရပ်ရွာက ထွက်တားလိုက် ဖြစ်နေတာပေါ့။ ရပ်ရွာနဲ့ ဆွေးနွေးပါ။ ပြေလည်သည်အထိ ဆွေးနွေးပေးပါ။ ရပ်ရွာတွေက သူတို့လုပ်ငန်းကို နှောက်ယှက်တာ မဟုတ်ဘူး။ တဦးနဲ့တစ်ဦး ပြေလည်အောင် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ပါ။ လုပ်ချင်ရင်လည်း။ အဲဒီလို ပြောတာကို မရဘူး။ ဦးပိုင်ကပေါ့။

ဆီထွက်သီးနှံက ဒီက အဓိက ထွက်တာလေ။ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ မလိမ့်တပတ်နဲ့ လုပ်တာ။ တောင်သူတွေကို။ ဒီက နားမလည်၊ ပါးမလည်နဲ့ ပညာကလည်း မတတ်။ အဲဒီတောင်ကြီးမှာ ဆိတ်တွေ၊ နွားတွေ ကျောင်းရတာ။ အခု သူတို့က အကျောင်းမခံတော့ဘူးဆိုတော့ ဆိတ်အုပ်တွေ၊ နွားအုပ်တွေ ရောင်းပစ် ရတာ။ စီးပွားရေးက ထိခိုက်တာပေါ့။ သူတို့က တောင်ကြီးထဲ အဝင်မခံတော့ဘူးလေ။ ကိုယ်တွေကလည်း ဒီတောင်ကြီး မှီခိုစားသောက်နေရတာ။ အမှန်ပြောရရင် ဆူးပုပ်ချိန်ဆို ဆူးပုပ်။ ခံတက်ချိန်ဆို ခံတက်ပေါ့။ အခုကျ အဝင်မခံတော့ စားဝတ်နေရေးက ခက်ခဲသွားပြီလေ။ သာမာန်လက်လုပ်လက်စားသမားတွေ အရင်ထိတာပေါ့။ သူတို့က ထင်းဆိုလည်း ထင်းခုတ်ရောင်းရတာကိုး။ ခေါင်းရွက်စည်းလေးတွေပေါ့။

ငလျင်တို့၊ ဘာတို့လှုပ်လို့ကတော့ သူ့အက်စစ်ကန်တွေလည်း ဘာခံနိုင်မှာတုန်း။ ဟုတ်တယ် မဟုတ်လား။ ပေါက်ကျိုးမှာပဲ။ အဲဒါဆိုရင် ချင်းတွင်းမြစ်ထဲပဲ ရောက်မှာပဲ။ ဒီလှောင်ထားတဲ့ ရေတွေက။ သားငါးတွေ အကုန်သေကုန်မှာ။ ဒီမြစ်ကို မှီခိုသောက်သုံးတဲ့ လူတွေလည်း ထိခိုက်ကုန်မှာ။ ကျန်းမာရေး ဘက်ကပေါ့။ အခု ရပ်ရွာတွေကတော့ ရွှေ့ပြောင်းရမယ်လို့ ပြောတာပဲလေ။ အဲဒီရွှေ့ပြောင်းရမယ့် လူတွေကတော့ အရင် ဒုက္ခရောက်တာပေါ့။ ဟိုကျတော့လည်း ဘာမှ လုပ်စား၊ကိုင်စားစရာလည်း မရှိဘူး။ သူတို့ပေးမယ်ဆိုတဲ့ အလုပ်ကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဥပမာတစ်ခုဆို စားဝတ်နေရေး ခက်ခဲသွားမှာပေါ့။ တောင်သူဆိုတော့ တောင်သူ လုပ်ငန်းပဲ လုပ်တတ်တာကိုး။

တတ်သိနားလည်တဲ့ လူတွေကို ပြောပေးကြပါ။ ဒီကလူတွေ ဒုက္ခရောက်နေတယ်လို့။ ဒီတောင်ကြီး ပတ်လည်က ရွာတွေ အများကြီး ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်း။ ဒီက အခက်အခဲကို အတော့်ကို တွေ့နေရတာပါ။ မသိမ်းအောင်လို့သာ တားနေရတာ။ ပညာပိုင်းတော့ ကျုပ်တို့က ဘာမှ သိတာ မဟုတ်ဘူး။ တောင်သူက လွဲရင်ဘာမှ မလုပ်တတ်တော့ ဒါလေးတွေ သိမ်းမှာကိုပဲ နှမြောနေရတာ။ အခု နိုင်ငံအနေအထားလေး ပြောင်းလဲလာတာကိုပဲ မျှော်လင့်နေရတာပါပဲ။

သူတို့က အစတုန်းက ပြောတာက သီးစားသုံးနှစ်လျော်ကြေးလေး ပေးလိုက်တာပေါ့ဗျာ။ မလိမ့်တပတ် နဲ့။ ၂၀၁၀ ကပေါ့။ တစ်ဧကကို သုံးနှစ်စာသီးနှံလျော်ကြေးဆိုပြီး ငွေနဲ့သင့်ပြီး ပေးတာပဲ။ ဒီမြေဆိုတာက ကျွန်တော်တို့အတွက် အများကြီး တန်ဖိုးရှိပါတယ်။ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကိုယ့်မြေဆိုတာ အစဉ်အဆက် လုပ်ကိုင်စားသောက်လို့ ရတာဆိုတော့လေ။ ငွေထုတ်ပေးတုန်းကလည်း ဒီမြေတွေကို သိမ်းတယ်လို့လည်း မပြော။ လျော်တယ်လို့လည်း ပြောတာမဟုတ်ဘူး။ အခုကျတော့မှ ဒီမြေမှာ အဆောက်အဦးတွေ ခိုင်ခိုင်မာမာ လာဆောက်တော့မှသာ သုံးနှစ်စာတော့ မကတော့ဘူးလို့ မှန်းရတာပဲ။ ဘာကိုမှ ပွင့်ပွင့်လင်းလင်း မပြောဘူး။ တောင်သူတွေကို အသိမပေးဘူး။

ထန်းတက်တဲ့ တောင်သူတွေဆိုလည်း အဲဒီထန်းပင်တွေကို ထိုးပစ်ခံရတာပဲ။ ကျွန်တော်တို့ သိထားတဲ့ သုံးနှစ်စာ သီးနှံနစ်နာကြေးဆိုတာက ကျွန်တော်တို့ သီးနှံတွေစိုက်ထားချိန် အကွက်တွေထဲမှာ သူတို့ ကားတွေ ဖြတ်မောင်းမယ်။ တစ်ပေါက်ကျင်းတွေတူးမယ်။ အဲဒါကြောင့် ပျက်စီးတာတွေအတွက် နစ်နာကြေးလို့ ထင်တာ။ သူတို့ကတော့ ဘာမှကို ရှင်းမပြဘူး။ အဲဒီတုန်းကလည်း ကြောက်နေတာဆိုတော့ မေးလည်း မမေးရဲဘူးလေ။ ဘယ်အကွက် ဘယ်နှစ်ဧကအတွက် ဘယ်လောက်လို့လဲ မပြောဘူးဗျာ။ သူတို့က ငဖြူလာပါ၊ ငနီလာပါ။ ကိုယ့်နာမည်ခေါ်ရင် တက်သွားရတာပဲ။ ငွေကို သူတို့ဘာသာ ပေးလိုက်ရော။ ဘယ်လောက်ဆိုတာလည်း မစစ်ရဘူးတဲ့။ ဒီနေရာ လက်မှတ်ထိုး၊ ဒီနေရာ လက်မှတ်ထိုးဆိုပြီး ထိုးရတာပဲ။ မျက်စိမမှုန်တဲ့လူလည်း ဒီဟာကို ဖတ်ခွင့်မရှိဘူး။ မျက်စိမှုန်တဲ့လူတော့ ပိုဆိုးတာပေါ့ဗျာ။ ဖတ်ကို မဖတ်ရဘူး။ ဟောပြောပွဲတွေ၊ ဘာတွေလုပ်ပြီး ရှင်းတာမျိုးလည်း မရှိဘူး။

တောင်သူလယ်သမားတွေက တော်တော့်ကို မျက်နှာငယ်ရပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ကြောက် နေရတာ။ တစ်ခုခုပြောဖို့ဆိုလည်း အရှိန်ယူနေရတာနဲ့ကို။ မရဲဘူးလေ။ ဒီဘက်က အဖြစ်တွေကို တတ်ကျွမ်းနားလည်သူတွေဆီ ရောက်သွား၊ သိသွားစေချင်တာပါ။ ပညာတတ်တဲ့လူတွေ ပြောတော့ ပိုထိရောက်တာပေါ့။ ဒီက ပညာမတတ်တဲ့လူတွေဆိုတော့ ကိုယ်ခံစားရတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တာဆိုတော့ နားထောင်ရတာ ထောင့်တောင့်တုံးတိပေါ့လေ။ ဒီကသတင်းတွေကို ပြောပြ၊ ရေးပြမယ့်လူမရှိလို့ အားကိုးရတာပါ။ ဒီက တတ်သလောက်၊ မှတ်သလောက်တော့ စာတွေ၊ ဘာတွေလည်း တင်နေတာပဲ။ အထက်ထိ မရောက်ဘူးထင်ပါရဲ့။ ကိုယ့်ဟာကိုယ်တော့ တောက်လျှောက်လုပ်နေတာပဲ။ လုပ်တာကတော့။

ဒီဒေသတွေက ဒီရှေ့ရောက်လေ ပိုဆိုးလေဖြစ်မှာ။ ထွန်ချိန်ရောက်ပြီလေ။ ထွန်ချင်လှပြီ။ အဓိက ကတော့ ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခု သူတို့က ခိုးလုပ်နေသလို ဖြစ်တော့ ရုန်းရင်းဆန်ခတ် တွေ ဖြစ်ရတာပေါ့။ သူတို့လာလိုက်ပြန် ကိုယ်တွေက တားလိုက်ပြန်နဲ့။ ပြီးတော့ကျလည်း ပြန်လုပ်တာပဲ။ အထက်က ဆင်းကြည့်စေချင်ပါတယ်။ ကိုယ်တွေဘက်က အဲဒီလို ပေါက်ပေါက်မြောက်မြောက် စာတွေ၊ ဘာတွေရောက်အောင် လုပ်တတ်သူလည်း မရှိတော့လေ။ ပြောရမယ်ဆို ဆားလင်းကြီးက လွှတ်တော် အမတ် ဘယ်သူလည်း ဆိုတာတောင် ဒီက သိကြတာ မဟုတ်ဘူး။ ကိုယ်ကလည်း သွားပြောရကောင်းမှန်း မသိဘူး။ သူကလည်း တစ်ခါမှ လာမကြည့်ဖူးပါဘူး။