ဆောင်းဦးပုံပြင်

0
178

(၁)
အခုလို ဆောင်းညချမ်းဆို
မြေရိုင်းဖော်ရင်း အဖေတူးလာတဲ့
ဧရာမ သစ်မြစ်ဆုံကြီးကို မိသားစု မီးညှီလှုံကြရင်း
ဆီးနှင်းတွေ တဖွဲဖွဲကြား
ထန်းမြစ်ကလေးတွေ ဖုတ်စားရင်းပေါ့
အညာဆောင်းကို အံတုကြတယ်….။

(၂)
မီးဖိုနံဘေးမှာ
အဖေဟာ ထန်းလက်လျှော်သပ်ရင်း
စစ်အတွင်းတုန်းက ဗုံးကြဲဖို့လာတဲ့ ကျွဲညီနောင်
ရွာပေါ်ဝဲရင် ရှောင်ရ ရှားရပုံတွေ
ရွာအနီး မန်းကျည်းပင်ကြီးအောက်
ကာကွယ်ရေးလက်ကျန် ဗုံးထအပေါက်မှာ
ဖိုးသာအောင် လက်တစ်ဖက်ပြတ်ရရှာပုံတွေ
အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ
သားသတ်နဲ့ အရက်လိုင်စင်ချပေးတဲ့ကြား
လယ်တီဆရာတော်ဘုရားက
အမဲသားမစားဖို့၊ အရက်မသောက်ဖို့ မေတ္တာစာ
ရွာအနီးတဝိုက် လိုက်လံဝေခဲ့ပုံတွေ
စုံပေသပ တစ်ညတစ်မျိုး
မရိုးနိုင်တဲ့ ဆောင်းပုံပြင်တွေ….။

(၃)
အမေက မနက်ဖြန် ဆွမ်းလှည့်ဆိုပြီး
ပဲကြီးတွေ အခွဲညှစ်
ကောက်သစ်ပေါ်ရင် အလှူရက်သတ်မတဲ့
ဝက်သားကြွေးမဟုတ်တောင်
မှန်ရောင်ဟင်းချို၊ ငါးခြောက်ထောင်း
ပဲဟင်း၊ ပဲတီချဉ်ဆို မကောင်းလား
ကျောင်းရှိ သံဃာကုန်လျာထား
တစ်ပါး ပရိက္ခရာရှစ်ပါးလှူမတဲ့….။

(၄)
အမေ့စကားရပ်အသွားမှာ
ထန်းမြစ်တွေစားရင်း ကျုပ်မေးမိ
“အမေ…ထန်းမြစ်တွေ ဘယ်ကရလဲ”
အမေက ပြန်ပြောတယ်
သမုဒ်စား လယ်တရိုး
မိုးထိုးမတတ် ထန်းတောကြီးဟာ
မင်းဘိုးစိုက်ခဲ့တာ
ငါတို့စားမကုန် သုံးမကုန်ပ
ဒါတင် ဘယ်ကမလဲဟယ်
ရွာ့အနောက် လယ်ကြီးကန်သင်း
မင်းအဖေစိုက်ထားတဲ့ ထန်းရာကျော်
အိမ်မိုး၊ တဲမိုး၊ ကြိုးကျစ်ရောင်းလို့ရပြီဟဲ့….။

(၅)
ရုတ်တရက်ပါပဲ
ကျုပ်ခေါင်းထဲ လက်ကနဲလင်းသွား
ရွာမြောက်ဖက် လိန်ပင်အိုင်လယ်ခြားရိုးမှာ
ကျုပ်လဲ ထန်းပင်တွေ စိုက်မယ်….။

+ ရွှေညာခိုင်စိုး +

Via: (ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၁၃) ဖေဖော်ဝါရီလ၊ ၂ဝဝ၇)