နှလုံသားနံရံပေါ်က မြို့ကလေး

0
179

အခုတလော ကပိုကယိုလေးလှနေတဲ့ယင်မာပင်ဆိုတဲ့ မြို့လေးနဲ့ ဟိတ်ဟန်များလှတဲ့ ရန်ကုန်မြို့ကြီးနဲ့ နှိုင်းယှဉ်နေမိတယ်။
မြို့ကြီးရဲ့ အဆင့်မြင့် 3D ရုပ်ရှင်ကားကြီးတွေကိုလည်း ကြည့်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က ဝင်းဗီဒီယိုရုံးလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။နေလည်းခင်းပြမဲ့ ဇာတ်ကားကို မနက်ခင်းတိုင်း မြေဖြူကာလာစုံနဲ့ရေးတဲ့ ဘုတ်ကြီးကို အမောတကောသွားကြည့်ဖူးပါရဲ့။ ကျန်တဲ့ကားတွေမှာတော့ လူကပုံမှန်ဆိုပေမဲ့ ဂျက်ကီချန်းကားဆိုရင်တော့ ရုံးပြည့်ရုံလျှံပါဘဲ။မိုက်ကယ်ကြက်ဆင် ကြီးရဲ သီချင်းတွေကိုလည်း အဲဒီမှာကြည့်ခဲ့ရသေးတာ မှတ်မိသေးတယ်။

မြို့ကြီးရဲ့ အင်းယားကန်နဲ့ ကန်တော်ကြီးကိုလည်း ရောက်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က မြကန်သာလို့ခေါ်တဲ့ R1 ကန်လေးကို ဘာကြောင့်မယှဉ်နိုင်တာလဲ။R1 ကန်ဘောင်မှာ သူငယ်ချင်းတွေထိုင်ရင် ဘ၀အတွက် အိမ်မက်ကြီးကြီးတွေ မက်ခဲ့ကြတယ်။ခံစားချက်ရှိသူတွေကတော့ ယူကလစ်ပင်လေးတွေပေါ်မှာ နှလုံသားကျောက်စာ ထွင်းခဲ့ကြတယ်။ အပင်ပေါ်က စာတွေက တစ်ခါတစ်လေ မြားနတ်မောင်ဖြစ်လို့၊တစ်ခါတစ်လေကျတော့လည်း နှလုံသားဒဏ်ရာဒဏ်ချက်တွေ ပေါက်ကွဲထားလေရဲ့။ ငါလေးတွေချစ်တဲ့သူတွေကလည်း ငါစာကျွေးရင်း ငါမျှားနေကြလေရဲ့။

Yinmarbin-R1

မြို့ကြီးရဲ့ တံတားကြီးတွေနဲ့ ကြိုးတံတားတွေကို အခါခါဖြတ်ဖူးပါရဲ့။ဒါပေမဲ့ နှလုံသားနံရံပေါ်က ဂျပန်ခေတ်က တံတားအိုလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။ တံတားကြီးလိုလည်းကြီးမားပါတယ်။ကြိုးတံတားလိုလည်း ယိမ်းကနေတဲ့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးလို တံတားအိုလေးက တာဝန်ကျေပွန်စွာ ထမ်းဆောင်နေလေရဲ့။

Yinmarbin-Bridge

မြို့ကြီးရဲ့ ကော်ဖီဆိုင်တွေလည်း ခြေတိုအောင်လျှောက်ပြီး ထိုင်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က ငြိမ့်ကဖီးဆိုင်လေးကို ဘာကြောင့်မယှဉ်နိုင်တာလဲ။ လူငယ်တိုင်းရဲ့အိမ်မက်တွေ ဖူးပွင့်ဝေဆာတဲ့နေရာလေးပေါ့။ဒီနေရာလေးကနေ ကဗျာတွေလည်း မွေးဖွားဖူးတယ်။သီချင်းတွေလည်း မွေဖွားဖူးတယ်။အချစ်တွေအလွမ်းတွေလည်း မွေးဖွားခဲ့ဖူးတယ်။သီချင်းသံတွေနဲ့ အပြိုင်အဆိုင် ဒန့်ဒလွန်သီးတွေလည်း အတူတူကတဲ့ဖူးတယ်။လူကြီးတွေရဲ့ စကားစစ်ထိုးပွဲတွေနဲ့ စစ်တုရင်စစ်ပွဲတွေဖြစ်တဲ့ စစ်မြေပြင်လည်း ဖြစ်ခဲ့ဖူးတယ်။အခုတော့လည်း ငြိမ်းချမ်းရေးရသွားတဲ့နိုင်ငံလို ငြိမ့်ကဖီးလေးလည်း ငြိမ်သက်သွားခဲ့ပြီလေ။

Yinmarbin-Nyeit

မြို့ကြီးရဲ့အားကစားကွင်းထဲကိုလည်း အားပေးဖူးပါရဲ့။ဒါပေမဲ့ နှလုံသားနံရံပေါ်က မြို့လေးရဲ့ဘောလုံးကွင်းကို ဘာကြောင့် မယှဉ်နိုင်တာလဲ။ ကလေးတွေကစားတဲ့ ဘောလုံးပွဲကစလို့ မြို့နယ်ပွဲတွေအထိ England Premire Leage လို ပြိုင်ဆိုင်မှုပြင်းထန်ပါရဲ့။မြို့ကြီးတွေလို ပွဲကြည့်စင်မြင့်တွေမရှိပေမဲ့ မြို့လေးရဲ့ အထူးစင်မြင့်လို့ခေါ်တဲ့ အပင်တွေပေါ်ကလည်း အားပေးဖူးပါရဲ့။ကလေးတွေအတွက် စိတ်ကြိုက်ကစားနိုင်တဲ့ မြို့လေးရဲ့ Happy World လို့လည်း ခေါ်နိုင်ရဲ့။တစ်ခါတစ်လေကျတော့ ကားမောင်းသင်ရာ၊ ဆိုင်ကယ်စီးသင်ရာ၊ စက်ဘီးစီးသင်ရာ၊လမ်းလျှေက်သင်ရာ တက္ကသိုလ်ကျောင်းတော်ကြီးလည်း ဖြစ်လေရဲ့။လွတ်လပ်ရေးလိုနေ့မျိုးတွေမှာ ကျင်းပတဲ့ ဘော်လီဘောပွဲတွေမှာ မြို့ခံတွေနဲ့ နယ်သူတွေနဲ့ အားကစားခြင်းရော၊အလှခြင်းရော ပြိုင်တဲ့ စတိတ်စင်လည်း ဖြစ်ခဲ့ဖူးတယ်။အော်… အခုတော့လည်း ကမ္ဘာဘောလုံးအဖွဲချုပ်က ကျင်းပခွင့်ပိတ်ထားတဲ့ ကစားကွင်းကြီးနဲ့ တူနေလေရဲ့။

ရန်ကုန်တက္ကသိုလ်ရဲ့ အဓီပတိလမ်းကိုလည်း လျှောက်ဖူးပါရဲ့။ ဒါပေမဲ့ နှလုံသားနံရံပေါ်က မြို့လေးရဲ့ကျောင်းလမ်းလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။ဒီလမ်းပေါ်မှာ စက်ဘီးတွေစီးခဲ့ကြတယ်။လမ်းတွေလျှောက်ခဲ့ကြတယ်။ ဂိတ်မှူးလစ်လျှင်လစ်သလို စက်ဘီးတွန်းမသွားဘဲ ခိုးလည်း စီးခဲ့ဖူးရဲ့။ယင်းမာပင်မြို့လေးရဲ့ ကျောက္ကာလမ်းဆိုလည်းခေါ်နိုင်သေးတဲ့ ဒီလမ်းပေါ်မှာ ကျောင်းမှန်မှန်တက် ဖိနပ်ပျက်ဆိုပြီးလည်း သူငယ်ချင်းတွေစုပြီး အော်ဆိုဖူးရဲ့။

Yinmarbin-School-Street

မြို့ကြီးရဲ့ ခမ်းနားကြီးကျယ်တဲ့ မိုးမျှော်တိုက်ကြီးတွေကိုလည်း မြင်ဖူးပါရဲ့။ဒါပေမဲ့ နှလုံသားနံရံပေါ်က မြို့လေးရဲ့ ဦးမင်းတိုက်လေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။ ယင်းမာပင် သင်္ကေတဖြစ်တဲ့ တမာပင်တွေကို စိုက်ပျိုးစေတဲ့ ဦးမင်းဆိုတဲ့ ပိုင်ဆိုင်တဲ့ တိုက်လေးမှာ ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းလည်း လာခဲ့ဖူးရဲ့။

U-Min-Building

အစွဲအလမ်းကြီးတယ်လို့ဘဲပြောပြော ဘယ်လိုဘဲပြိုင်ပြိုင် နှလုံသားနံရံပေါ်ကမြို့လေးကတော့ အပြတ်အသတ် နိုင်တယ်လို့ ဆိုချင်ပါတော့တယ်။