ဖိုလ်၀င်တောင်

0
182

ယင်းမာပင်မြို့နယ်တွင် သမိုင်း၀င် ဖိုလ်၀င်တောင်နှင့်အင်ကြင်းတောင် တို့၌ သမိုင်းအရ ထင်ရှားသော ဘုရား၊စေတီများ အပါ အ၀င် ဘုရားစေတီ (၁၈၅) ဆူ တည်ရှိပါသည်။ ဖိုလ်၀င်းတောင် ဘုရားစေတီများ အတွင်းတွင် ရှေးလက်ရာ နံရံဆေးရေးပန်း ချီများ ၊ ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာ ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ်ထား သည်ကို တွေ့ရှိနိုင်ပါသည်။ ယင်းမာပင်မြို့နှင့်(၇)မိုင် ခန့်အကွာတွင် တည်ရှိပါသည်။ ဖိုလ်၀င်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။

 

(ဘုရားစေတီ အရေအတွက် မှာ ယခု မှတ်တမ်းတင်ထားသော အချက်အလက် များနှင့် ရှေးမှတ်တမ်းများပါ အချက်အလက် များ ကွဲပြားနေပါသည်။ နှစ်ကာလတိုက်စားမှု့ကြောင့် ပျက်ဆီးဆုံးရှုံးမှု များစွာ ရှိခဲ့ပါသည်။ ဘုရားစေတီများ အပါအ၀င် ဖိုး၀န်းတောင် သစ်တောကြိုးဝိုင်းအတွင်း နေထိုင်ကြသော တိရစ္ဆာန်များ၏ ပျက်ဆီးဆုံးရှုံးမှု့ သည် အများဆုံး ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခင်က မျောက်များကို နေရာအနှံ့ လက်ညှိုးထိုးမလွဲ တွေ့ရသော်လည်း ယခု နောက်ပိုင်းတွင် အတော်ကလေး နည်းပါး သွားသည် ကို တွေ့ရ ပါသည်။ လူများနှင့် ယဉ်ပါးလွန်း နေပြီး ဖိုး၀န်းတောင် ဘုရားစေတီများကြားတွင် လှည့်လည် ကျက်စားနေကြသော မျောက်များအတွက် လျှပ်စစ်မီးများ တပ်ဆင်လိုက်စဉ်က ဆုံးရှုံးမှု့သည် အများဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်း တွင်လည်း တစ်တိတိ ကျဆင်းလျက် ရှိသည်။

ဖိုး၀န်းတောင်၏ ထူးခြားချက်မှာ ဖိုလ်၀င်တောင်ဘုရားပွဲ ကာလအတွင်း မျောက်များ လုံး၀ပျောက်ကွယ်သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲပြီးလျှင် ပြန်ပေါ်လာတတ်ခြင်း ဖြစ်ပါသည်၊ “ဖိုလ်၀င်းတောင်ရှင်မ” က ဖွက်ထားသည်ဟု ကျွန်တော်တို့ ဒေသခံများက ယူဆယုံကြည်ကြပါသည်။

“ဖိုး၀န်းတောင်” ဟု ခေါ်ကြသော်လည်း အမှန်တကယ်မှာ ဖိုး၀န်းတောင် ဟူ၍မရှိပါ။ တောင်များအားလုံးကို စုပေါင်းပြီး ခေါ် လိုက်ခြင်း ဖြစ်ပါသည်။ ဖိုလ်၀င်းတောင်တွင် ရှိနေသော တောင်များ၏ပုံသဏ္ဍာန်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လျောင်း တော်မူနေသည့် ပုံသဏ္ဍာန်ရှိနေ၍ ထိုအချက်ကလည်း အနည်းငယ်ထူးခြားသည်ဟု ပြောနိုင် ပါသည်။

ဘုရားပေါင်း (၄၄၆၄၄၄)ဆူ ရှိသည်ကို စွဲ၍ “ရွှေလသာ ဝါဝါ၀င်း” ဟု ထင်ရှားစွာ အမှတ်အသား ပြုရသော ဖိုး၀န်းတောင်သည် အောက်ချင်းတွင်းခရိုင် မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးဆိပ်မှ ၁၄ မိုင်အကွာ တွင် တည်ရှိသည်။ ပထဝီ၀င် သဘောအရ မြောက်လတ်တီတွဒ် ၂၂ံ ၁၃’ အရှေ၏လောင်ဂျီ တွဒ် ၉၄ံ ၅၈’ တည်ရှိသည်။ တောင်တန်းသည် ပေ ၉၅၀ ကျော် အမြင့်ရှိသော တောင်စဉ်တောင်တန်း ဖြစ်၍ တောင်ရိုး၏ ဘေးတစ်ဖက်တစ်ချက်တို့တွင်လည်း မနက်လွန်းသော ချောက်ကမ်းပါးများ ကျောက်တုံး ကြီးများ ရှိသည်။ တောင်၏ ပတ်ပတ်လည်၌ ချောက်ကမ်းပါးများ ဖြစ်၍ တောင်ထိပ်တွင် ညီညာ၍ ကုန်ပြင် မြင့် သဏ္ဍာန် ရှိသည်။ ဖိုး၀န်းတောင်သည် ယင်းတောင်၏ အနောက် ဘက် တောင်ကမ်းပါးပြတ် တို့၌ တည်ထားသော ဘုရားများနှင့် ထုထွင်း ပြုလုပ် ထားသော ရှေးမြန်မာ ကျောက်ဆစ်လက်ရာများ ကြောင့် ကျော်ကြားခြင်း ဖြစ်သည်။

ရသေ့ရဟန်း သူတော်စင်တို၏ တရားအားထုတ်ရာ နိဗ္ဗန်ဖိုလ်၀င်ရာ တောင်ဖြစ်သဖြင့် ဖိုလ်၀င်တောင်ဟူ၍ လည်းကောင်း၊ ဝိဇ္ဇာ ဇော်ဂျီတို့ ထွက်ရပ်အတွက် ဖိုထိုးရာ ဖို၀င်ရာဖြစ်၍ ဖို၀င်တောင်ဟူ၍ လည်းကောင်း၊ တောင်ပေါ်မှ ဘုရားများကို ဘုရင်နှင့်တကွ စစ်သည်ဗိုလ်ပါ အလုံးအရင်း တဝိုင်း၀န်းတည်ထွင် ကုသိုလ်ပြုခဲ့ကြခြင်းကို အကြောင်းပြု၍ ဗိုလ်၀န်းတောင်ဟူ၍ လည်းကောင်း အသီးသီးတွင်ရာမှ “ဖိုး၀န်းတောင်” ဖြစ်လာ သည်ဟူ၍ ဆိုကြလေသည်။

ဖိုး၀န်းတောင် သမိုင်းအဆိုရမူ သက္ကရာဇ် ၂၀၉ ခုနှစ်တွင် ဟင်္လဂပူရတိုင်း ပြူမင်းပြုံးမင်းခေါ် ဗန္ဓ၀မင်းသည် တိုင်းခန်း လှည့် လည်ယင်း ဤဖိုး၀န်းတောင်တန်း တည်ရာ အရပ်၀န်းကျင်သို့ ရောက်ရှိလာရာ၊ တောင်နှင့် ၃ မိုင်ခန့် ကွာသော ယခု “မင်းစု ကြီးရွာ” နေရာတွင် ချွေးတပ်စွဲ နေလေသည်။ ဖိုး၀န်းတောင် ဒေသ၏ အနေအထားနှင့် ကျောက်ဆောင် ကျောက်တုံးများကို ဘုရားထွင်းထု ပူဇော်ရန် ဗန္ဓ၀မင်းသည် ဆန္ဒပြင်းပြသည့်အလျောက် ဘုရင်မှအစ မိဖုရား မှူးမတ် စစ်ဗိုလ် စစ်သားအထိ တစ်ဦး လျှင် ဘုရား တစ်ဆူစီ ထွင်းထုလှူဒါန်း ကြရာမှ ဘုရားအဆူပေါင်း ၄၄၆၄၄၄ တည်ရှိ နေခြင်း ဖြစ်လေသည်။ စတင်ထုထွင်း လှူ ဒါန်းသော ဘုရားနှင့် လိုဏ်ဂူကြီး (၆) ခုမှာ –

(၁) ဆုတောင်းပြည့်
(၂) ဆုတောင်းရ
(၃) တတိုင်းပြည့်
(၄) တင်းတင်းပြည့်
(၅) သက်တော်ရှည်
(၆) သက်တော်ရ ဟူ၍ ဖြစ်သည်။

ဘုရားလိုဏ်ဂူအတွင်း၌ မျက်နှာကျက် နံရံတို့တွင် မြန်မာ ရှေးပန်းချီများနှင့် စကားစိမ်းသားစုတ်တံ တမာစေးနှင့် ဖျော်ရသော သဘာ၀ တွင်းထွက်ကျောက်ဆေးအိုးမှ ဆေးရောင်စုံများကို တွေ့ရှိ နိုင်သည်။ မာကျောသော ကျောက်သားကို နုနုရွရွ ပန်းခက် ပန်းကြွ နဖူးစည်းများ ထုထွင်းထားပုံမှာ အိန္ဒိယနိုင်ငံရှိ အဇန္တာလိုဏ်ဂူမှ လက်ရာများထက်ပင် ချီးကျူဖွယ် ဖြစ်သည်။ ဖိုး၀န်းတောင်ပေါ်ရှိ အခြားထင်ရှားသော ဂူလိုဏ်ဘုရား စသည်တို့မှာ (၄)ခန်းတွဲ အိမ်ကြီး (၄) လုံးစာခန့်ရှိ ကျောက်တုံးကြီးကို နန်းတော်ဟန် ထုလုပ် ထားသော “မိဖုရားကြီး လိုဏ်ဂူ”၊ တိုက်တန်းလျားကြီး သဖွယ် ဥမင်ကျောက်ဂူ အရှည်ကြီး ထွင်း၍ ယင်း အပေါ်၌ တည်ထားသော “လွမ်းစေတီ”၊ ကရမက်နံ့သာဖြူ တို့ကို အမှုန့် ပြုလုပ် အဂ္ဂတေ သရိုးကိုင်၍ တည်ထားသော “နံ့သာစေတီ” စသည်တို့ ဖြစ်သည်။

ဖိုး၀န်းတောင်မကြီးနှင့် တစ်ဆက်တည်းတွင် “နွားသိုးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံး တောင်၊ ဖန်ခါး တောင်နှင့် ရွှေဘတောင်” စသည်ဖြင့် တောင်မျာစွာရှိသည်။ တောင်တိုင်းတွင် ဘုရားနှင့် လိုဏ်ဂူများ ရှိသည်။ နွားသိုး တောင်တွင် ဗန္ဓ၀မင်းကြီး ၏ မိဖုရားကြီးက အရိမေတ္တယျ ဘုရားသခင် ပွင့်သည့်အခါ ကျောင်းတော် ဆောက်ရန် ရည်စူး၍ မြုပ်နှံထားသော ပစ္စည်းဥစ္စာများကို ရန်သူမျိုး ငါးပါး ဘေးမှ ကာကွယ် စောင့်ရှောက်ရန် ကျောက်နွားသိုးရုပ်တစ်ခု ထု ထားသည်။ ယင်းကို အစွဲပြု၍ “နွားသိုးတောင်” ဟုတွင်သည်။ ဗန္ဓ၀မင်း အသုံးတော်ခံ သူကြွယ်ကြီး ဘိုးရွှေဘသည် မူလ လိုဏ်ဂူများ အပြင် နောက်ဆက်တွဲ ထွင်းထု လှူဒါန်းခဲ့ရာ တောင်ကို “ရွှေဘတောင်”ဟု ခေါ်လျက် ရှိကြသည်။ ဖိုး၀န်းတောင် နှင့် ဆက်လျက် တောင်တန်း များအနက် ဖန်ခါးပင်များ အလွန်ပေါသည်ကို စွဲ၍ တွင်နေသော “ဖန်ခါးတောင်” သည် အမြင့်ဆုံး ဖြစ်သည်။

ဖိုး၀န်းတောင်တွင် ပုဂံခေတ် ရှေးကျသော လက်ရေးပါသည့် အုတ်ခွက်များကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်ကပင် ဤတောင်၌ သာသနာရေး အဆောက်အအုံများ ရှိမည်ဟု ခန့်မှန်း နိုင်သည်။ တောင်ပေါ်တွင် သက္ကရာဇ် ၁၀၀၀ ကျော် ထိုးစာပါသည့် ခေါင်းလောင်း ၈ ခုရှိသည်။ ရှေးက ဖိုး၀န်းတောင်မှာ တရုတ်ပြည်မှ အိန္ဒိယသို့ သွားရာ ကုန်းလမ်းကျ သဖြင့် သာသနာ ပြန့်ပွားခဲ့ဟန် တူ၏။ ယခုတွေ့ရသော လက်ရာများကား နောက်ကျသော ခေတ်များမှ လက်ရာများ ဖြစ်ကြလေသည်။

ဖိုး၀န်းတောင် ဘုရားပွဲကို ယခုအခါ နှစ်စဉ် တန်ဆောင်မုန်း လတိုင်း ကျင်းပလျက်ရှိရာ ပွဲတော်လာ ပရိသတ် အထူး စည်းကား လှသည်။ ဖိုး၀န်းတောင်သို့ မုံရွာမြို့ တစ်ဖက်ကမ်းမှ ကားလမ်း ခရီးပေါက်သည်။
Ref: မြန်မာစွယ်စုံကျမ်း CD