ဖိုဝင်းတောင်ရှိ သမိုင်းဝင်လက်ရာများ

0
175

ဒီအောက်မှာတွေ့ရတဲ့ ပုံတွေကတော့ ဖိုဝင်းတောင်ရှိ သမိုင်းဝင်လက်ရာများစွာထဲမှ အချို့ဖြစ်ပါတယ်၊ သမိုင်းသမားတစ်ယောက် မဟုတ်လို့ သေသေချာချာတော့ မပြောနိုင်ပါဘူး။ ပုံအတော်များများကို ကျွန်တော်ကိုယ်တိုင် ရိုက်ထားတာ ဖြစ်ပြီး၊ တစ်ချို့ပုံများ ကိုတော့ ပိုစ်ကဒ်များ၊ စာအုပ်များမှ တဆင့် ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဆိုဒ်လေးသွားပြီး အပြည့်အစုံ တက်လာ ဖို့ တော်တော်လေးကြာနေခဲ့ရင် ခွင့်လွှတ်ပါဗျာ…။

မိဘုရားလိုဏ်ဂူအတွင်းမှာရှိတဲ့ နံရံဆေးရေးပန်းချီများဟာ အခြားသောဘုရားများထက် အနုပညာပိုမြောက်ပြီးထင်ရှားကြော်ကြား ပါတယ်။ ဒီအောက်မှာ တစ်ချက်ကြည့်လိုက်ပါ –

မိဘုရားဂူ မျက်နှာကြက်ဒီဇိုင်း။

ငှက်ဂဠုန်မောင်နှံ နဂါးကိုဖမ်းထားဟန် နံရံဆေးရေးပန်းချီ၊ မိဘုရားဂူ။
A serpent being caught by a couple of Garulas,enormous mythical birds in Queen’s Cave

ိုဝင်းတောင်မှာရှိတဲ့ သမိုင်းဝင်လက်ရာများထဲမှာ လွန်ခဲ့တဲ့ အနှစ် နှစ်ရာ ခန့်မှန်း (ခရစ်နှစ် ၁၇၅၀ ဝန်းကျင်)က လက်ရာများ လည်း ပါဝင်တယ်လို့ ဒေါက်တာသန်းထွန်းကတော့ “သမိုင်းထဲကဒီဇိုင်း”စာအုပ်မှာ အောက်ပါ အတိုင်းရေးသားထားတာ တွေ့ ရပါတယ်။ ဖိုဝင်းတောင်ပါတဲ့ အပိုင်းလေးကိုပဲ ကူးယူ ဖော်ပြလိုက်ပါတယ် –

အနှစ်နှစ်ရာက ပန်းချီဆရာသာ လက်သွက်တာမဟုတ်ပါ။ ပန်းပုဆရာလဲ သွက်ပါတယ်။ ဘုရားတံကဲတွေကို သစ်သားနဲ့ ထုလုပ် ထားပုံက အင်မတန်ယဉ်တယ်။ ဆန်းလဲ ဆန်းတယ်။ ခုခေတ်မှာဆိုရင် ဘုရားတံကဲကို ရာဇပုလ္လင်ပုံတံကဲပဲ အကောင်းဆုံးထင်ပြီး ဒီပုံပဲ အမြဲလုပ်ကြတယ်။ အဲဒီပုံက သီရိဝစ္ဆဆိုတဲ့ အိမ်မွန်ပုံက ဆင်းသက်လာတဲ့ပုံ ဖြစ်ပါတယ်။ ဒါပေမယ့်သူ့ကိုပဲ အမြဲမြင်နေ ရတော့ သိပ်ကောင်းတယ်မထင်တော့ပါ။ ဒီရာဇပုလ္လင်ပုံဟာ (သမိုင်းမှာ ရှာကြည့်တော့) ရတနာပုံ မန္တလေးခေတ်ကျမှ လူကြိုက်များ လာတာ ဖြစ်ပါတယ်။ အရင် အနှစ် နှစ်ရာကပုံကို ကြည့်ချင်ရင်တော့ အခုလေ့လာနေတဲ့ အုံတုံကျောင်းကို သွားကြရမှာ ဖြစ်ပါတယ်။ ကျောင်းပေါ်မှာတွေ့ရတဲ့ တံကဲနှစ်ခုကို ပုံထုတ်ပြီး ဒီမှာပြပါ့မယ် (ပုံ ၆ နဲ့ ၇ ကိုကြည့်ပါ။) တစ်ပုံကတော့ ကြာဖူးတွေကိုပဲ ဆင်နှာမောင်းလို ရိုးတံထိပ်မှာတပ်ပြီး တင့်တယ်အောင် ရေးထားတယ်။

ကရဝိတ်လို့ ထင်ရတဲ့ ငှက်ကလေးနှစ်ကောင်လဲ ထိပ်ဘက်မှာနားနေပုံ ထည့်ထားတယ်။ ရိုးပေမယ့် အင်မတန်ဝေဝေဆာဆာ ရှိတဲ့ ပုံလို့ ဆိုရမယ်။ နောက်တစ်ခုကတော့ အခြေခံက ငှက်နှစ်ကောင်ပုံထည့်ထားပြီး ကဇွန်းနွယ်ကိုပဲ အရင်းခံထားကာ ဖေါ်သွားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ထွင်းထုရတာ လက်မဝင်လှပါ။ ဒါပေမယ့် ယဉ်တယ်။

ဒီအုံတုံကျောင်းနဲ့ ခေတ်ပြိုင် (ခရစ်နှစ် ၁၇၅၀ ဝန်းကျင်) လို့ထင်ရတဲ့ ဘုရားတံကဲ ဒီဇိုင်းတွေကို ဖိုးဝန်းတောင်မှာ တွေ့ခဲ့ရဖူးပါ တယ် (ပုံ ၈ ကိုကြည့်ပါ။) ပန်းနဲ့ ရောထားတဲ့ ရွက်ပုန်းသီးကလေးတွေဟာ ဆင်ပြင်ထားတော့ ကြည့်လို့ ကောင်းလာပါတယ်။ အင်မတန်လွယ်တဲ့ ဒီဇိုင်းပါ။ ဒီရွက်ပုန်းသီးဒီဇိုင်းကို အမရပူရခေတ်အထိ လူတွေ နှစ်သက်သုံးစွဲတာကို တွေ့ရပါတယ်။

ခေတ်ပြိုင်လို့ယူဆရတဲ့ နောက် တံကဲတစ်ခုကို ပြချင်တယ်။ ကရဝိတ်ကိုမူလထားပြီးဆွဲတဲ့ ဒီဇိုင်းဖြစ်မယ်။ မုံရွာအနောက်ဘက် ကမ်း ဆားထုံးကြီးမြို့နယ်နားက ဆားလင်းရွာမှာ တွေ့ခဲ့ရဖူးပါတယ် (ပုံ ၉ ကိုကြည့်ပါ။) တွေ့ဖူးသမျှ ကရဝိတ်ငှက်တွေထဲမှာ ဒီကရဝိတ် ဟာ အကောင်းဆုံးလို့ ထင်မိပါတယ်။ မကြိုက်တာ တစ်ခုပဲပါတယ်။ တစ်ခုပဲ ဆန်းတယ်။ ငှက်နှုတ်သီးက ကြက်တူရွေးနှုတ်သီးလို ကောက်နေတယ်။ သူနဲ့ခေတ်ပြိုင်လို့ ထင်ရတဲ့ ဘုရားတံကဲကို ပင်းဒယမှာ တွေ့မိပါသေးတယ်။ (ပုံ ၁၀ ကိုကြည့်ပါ။) သူကတော့ ရွက်လှပန်းဒီဇိုင်း ဖြစ်ပါတယ်။ နည်းနည်းတော့ အမြင်ရှုပ်တယ်။ အရွက်တွေကိုပဲ အဆုပ်အခိုင်ဖြစ်အောင် တွဲပေးတော့ ပန်းဖြစ် သွားတယ်။

အရင်အနှစ် နှစ်ရာကဒီဇိုင်းတွေကို အခုလို လေ့လာကြည့်တဲ့အခါ ရိုးရိုးနဲ့ယဉ်တယ်ဆိုတာက အမှတ်(၁)ဝိသေသဖြစ်တာကို တွေ့ရ တယ်။

ပြီးတော့ သရုပ်ဖော်တဲ့နေရာမှာ ထိမိတယ်။ လှုပ်ရှားတဲ့အကောင် ရုပ်ကိုပြတဲ့အခါ ရုပ်ရှင်ကြည့်ရင်း တစ်ကွက်ချင်း ရုပ်သေသွင်းပြ သလို ကွက်ကွက်ကွင်းကွင်း မြင်ရတယ်။ ရွှင်မြူးတဲ့ပုံတွေကိုလည်း ပိုင်နိုင်အောင်ဆွဲတတ်တယ်။ အခု ပြန်သုံးမယ်ဆိုရင်တောင် ကြိုက်စရာပုံတွေ အများကြီးပဲ ရှိနေမယ်လို့ ထင်ပါတယ်။

Ref : သမိုင်းထဲက ဒီဇိုင်း – ဒေါက်တာသန်းထွန်း