ကစားဖော်ကစားဖက်တွေ

0
177

လူအများစုက အညာနဲ့ပတ်သက်လာရင် အညာနဲ့ထနောင်းဆိုပြီး တွဲသိကြတာများပါတယ်၊ အပူပိုင်း ဒေသဆိုတော့ ထနောင်းလို ဆူးပါတဲ့အပင်မျိုးတွေပဲ ပေါက်လိမ့်မယ်လို့ ထင်မယ်ဆိုလည်း ထင်ချင်စရာပါပဲ။ ခြွင်းချက်တော့ ရှိပါတယ်၊ ဆူးမပါပေမယ့် အညာ မှာ ရှင်သန်နေနိုင်တဲ့ အပင်အချို့တော့ ရှိပါတယ်။ ပြောရရင် ထနောင်းပင်တွေ ထက်ကို ပိုများပါလိမ့်မယ်။ အဲဒါကတော့ တမာနဲ့ မန်ကျည်း ပင်တွေပါပဲ။

တခြား အညာဒေသတွေမှာတော့ ဘယ်လိုရှိလဲ မပြောတတ်ဘူး၊ ယင်းမာပင်မြို့နယ် တစ်ဝိုက်မှာတော့ တမာပင်တွေက အများဆုံး ပါ၊ နောက်… မာန်ကျည်းပင်တွေပေါ့။ တမာပင်တွေ အကြောင်းတော့ ခဏ ထားလိုက်ပါဦး…မာန်ကျည်းပင်တွေနဲ့ ပတ်သက်ပြီး ” နွေ ထနောင်း၊ ဆောင်း မန်ကျည်း ” ဆိုတဲ့ အညာဆိုးရိုး တစ်ခု ရှိတယ်ဗျ။ အဓိပ္ပါယ်က “နွေ မှာဆို ထနောင်းပင်ရိပ်က အေးစေတယ်၊ ဆောင်းမှာဆို မန်ကျည်းပင်ရိပ်က နွေးစေတယ်” တဲ့ ။ ကျွန်တော့် အဘွားကတော့ မန် ကျည်းပင်ကို အိမ်အမြင့်ထက် ဘယ်တော့မှ အကျော်မခံဘူး၊ အမြဲခုတ်ပစ်တာ ချည်းပဲ … ။ မန်ကျည်းဆိုတာ “မာန်ကြီးတဲ့ အပင်” တဲ့၊ ဒါကြောင့် အိမ်ထက်ကျော်အောင် မြင့်သွားရင် အိမ်ခိုက်တတ်တယ် လို့လည်း အမြဲပြောလေ့ ရှိတယ်။

အိမ်ခိုက်တယ်ဆိုတာ ဟုတ်၊မဟုတ်တော့ သေချာမသိဘူး၊ ဒါပေမယ့် သေချာတာကတော့ မန်ကျည်း ပင်က အိမ်ထက်ကျော်သွား ရင် အိမ်အမိုးပျက်ဖို့ ရာခိုင်နှုန်း ပိုများလာတာပဲ။ မန်ကျည်းရွက်ကြွေ တွေက အိမ်မိုးပေါ်ကျပြီး မိုးရွာလည်း ရေနဲ့ အောက်ဆင်း မသွား တော့ဘူး (မန်ကျည်းရွက်တွေက သေးတာကြောင့်လည်း ပါလိမ့်မယ်) ။ ဒါနဲ့ တဖြည်းဖြည်းနဲ့ အမိုးက ဆွေးလာရော ၊ အိမ်မိုးက သွပ်မိုးဆိုရင်တော့ တော်သေးတယ်၊ ဒါပေမယ့် ကြာရင် သူလည်း သံချေးတက်လာတာပါပဲ…။

မန်ကျည်းပင်နဲ့ ပတ်သက်တာ ပြန်တွေးကြည့်ရင် ငယ်ငယ်တုန်းက သူ့အရိပ်အောက်မှာပဲ နွေရာသီ ကျောင်းပိတ်ရက်တွေ ကုန် သွားတာ များတယ်။ ခုတော့ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ မန်ကျည်းပင် ကြီးတွေ မရှိတော့ပါဘူး…၊ အိမ်တွေ ဖြစ်ကုန်ကြပြီ။ “နွေ ထနောင်း၊ ဆောင်း မာန်ကျည်း” လို့သာ ပြောတာ မာန်ကျည်းပင်ရိပ်ကလည်း အေးတော့ အေးတာပါပဲ။ ကလေးဘ၀နဲ့ မန်ကျည်း ပင်တွေ နဲ့က ကစားဖော် ကစားဖက်ဗျ …။ မန်ကျည်းသီး ခူးတယ်၊ မန်ကျည်းရွက် ခူးတယ်၊ မန်ကျည်းခေါက်ဝါးတယ်၊ မန် ကျည်းစေ့ တောက်တယ်။ တူတူပုန်းတမ်း ကစားတယ်၊ ကုန်းနဲ့ ရေ ကစားတယ်။ အား…. လွမ်းစရာချည်းပဲ ……

မန်ကျည်း ပနီ

မန်ကျည်းပင်မှာမှ အမျိုးမျိုး ရှိသေးတယ်ဗျ၊ ကျွန်တော် သိသလောက်တော့ အနီ (မန်ကျည်းနီ) ဆိုတာ ရှိတယ်။ ဒီအပင်က ပုံပမ်း ကြည့်ရင် သိပ်မသိသာလှဘူး၊ အပွင့်ပွင့်တဲ့ အချိန်နဲ့ ရွက်နုထွက်ချိန်မှ သိသာတာ၊ သူက အနီရောင်လေးတွေ ပိုများတယ်။ သာ မာန်အပင်တွေက အဝါရောင်နဲ့ ပန်းရောင်ပြေးလေးတွေပဲ ထွက်တာ…။

နောက်တစ်မျိုးက အချိုနဲ့ အချဉ် လို့ ကျွန်တော်တို့ ကတော့ ခွဲတယ်ဗျ၊ မာန်ကျည်း အချိုပင်က အချဉ်ဓာတ် နည်းတယ်၊ ဒီတော့ ချိုသလိုလိုလေး ဖြစ်နေတယ်။ အချဉ်ပင်ကတော့ တစ်ကိုက်နဲ့တင် မျက်နှာတစ်ခုလုံး ရှုံးတွလာစေတဲ့ အမျိုးဗျ….။ ငယ်ငယ်တုန်းက မန်ကျည်းပင်ပေါ် တက်ခူးတဲ့ ကောင်က အချဉ်သီးတွေ ဖွက်ယူပြီး တက်သွားတတ်တယ်၊ ပြီး…. ဆင်းလာရင် အချိုဆိုပြီး လိမ်ကျွေးရော …. ဟား … ဟား … သတိရလို့ပါဗျာ….။

မန်ကျည်း ကြက်ဆူ

နောက်ထပ် အခေါ်တစ်မျိုး ရှိသေးတယ်ဗျ၊ ” ကြက်ဆူသီး ” တဲ့။ မန်ကျည်းသီးကိုမှ မှည့်လည်း မမှည့်သေးဘူး၊ စိမ်းလည်း မ စိမ်း တော့ဘူး ဆိုတဲ့ အနေအထား ရောက်နေတဲ့ အသီးကို ခေါ်တာပါ။ အဲဒါက စားလို့လည်းကောင်းတယ်ဗျ၊ ပြီးတော့ မန်ကျည်း သီး အခွံနဲ့ အသားကြားမှာ နည်းနည်းလေး ကွာနေလို့ အခွံခွာရတာလည်း လွယ်တယ်။ မန်ကျည်းရွက်နုလေးတွေ ထွက်လာရင် ဒီ အတိုင်းခူးပြီး ဆားနဲ့ တို့စားတယ်။ နောက် လူကြီးတွေလို ကွမ်းယာစားတယ် ဆိုပြီး မန်ကျည်း ကိုင်းဖျား နားလေးက အခေါက်ကို ခွာပြီး စားရင်လည်း စားကြတယ်၊ သူက နည်းနည်းဖန်ပြီး ထွေးထုတ်လိုက်ရင် ကွမ်းယာလို အနီရောင် ထွက်တယ်။ လူကြီးတွေ မသိအောင် အပင်ပေါ်တက်ပြီး တူတူပုန်းတမ်း ကစားရ တာလည်း ပျော်စရာပဲ …..။ ဘာဖြစ်လို့လည်းတော့ မသိဘူး၊ တစ်ယောက် မှာတော့ ပြုတ်မကျခဲ့ ကြဘူး။ အဲဒီလို အဆော့ကောင်းလို့လည်း ဆော်ပလော်တီးခံရတာလည်း မနည်းဘူး…။ အား…. ဒါတွေက ခုတော့လည်း ပြန်ပြောရင် ရီစရာလိုလို ….. ကြည်နူးစရာလိုလို…. လွမ်းစရာလိုလို …..

အရင်တစ်ခေါက် အိမ်ပြန်တော့ အိမ်နားက မန်ကျည်းပင်ကို မော့ကြည့်မိတယ်၊ နွေက အရင်ထက် ပိုပူလာလို့ပဲလား …၊ မိုးကပဲ ပိုနည်းလာတာလား ….၊ ခုတ်စရာတောင် မလိုတော့ဘူး ဖြစ်နေတယ်။

အင်း…၊ အညာကပဲ ပိုပီပြင်လာတာလား ….
ကမ္ဘာကြီး ကပဲ ပိုပြီး ပူနွေးလာတာလား …
အဘွားရဲ့ “မာန်ကြီးတဲ့ အပင်တွေ” ကိုယ်တိုင်ကိုက မာန်လျော့ ကုန်ကြတာလား …
အော်… ငယ်ငယ်တုန်းက ကစားဖော် ကစားဖက်တွေ …..