မန်ကျည်းဖျော်ရည်၊ အညာနွေ

0
199

ပြီးခဲ့တဲ့ တစ်ရက်လောက်ကပါ…၊ မီးပျက်သွားတာနဲ့ အပြင်ထွက်ပြီး လမ်းလျှောက်ဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လို့ သူနဲ့အတူ လမ်းဘေးမှာ ထိုင်ဖြစ်သွားတယ်။ အံမယ်… သူ့လက်ထဲမှာလည်း အချိုရည်တစ်ဗူးကို ကိုင်လို့ဗျ…၊ ဘာအချိုရည်လဲ ဆိုတော့ ဗွီဗွီ မန်ကျည်းဖျော်ရည် တဲ့။ ဒါနဲ့ သောက်ကြည့်တယ်…၊ အင်း… မန်ကျည်းသီးရဲ့အရသာတော့ ထွက်ပါရဲ့။ ဘာလိုနေ မှန်း မသိဘူး…၊ “မင်း အချိုရည်ကလဲ ဘာလိုနေမှန်းမသိဘူး” လို့ ပြောတော့ “သူကလည်း ဟုတ်တယ်တဲ့၊ ငါလည်း ဘာလိုနေမှန်း မသိဘူး…၊ တစ်ခုခုတော့ လိုနေတာပဲ” လို့ ပြန်ပြောတယ်။

“အချိုများနေတာ ထင်တယ်…” ပြောသာပြောလိုက်တာ အဲဒါလည်း မဟုတ်သေးမှန်း ကျွန်တော်သိပြီးသားပါ၊ သူကလည်း ကျွန်တော်သိနေတဲ့အတိုင်း “မဟုတ်ဘူး ကွ…” လို့ ပြန်ဖြေပါတယ်။ “ငါတို့က ရေအိုးစင်ပေါ်က လက်ဖျော်ကို စွဲနေလို့နေမှာ…” သူပြောတာ ဖြစ်နိုင်သည်၊ အခုချိန်ဆို ကျွန်တော်တို့အညာမှာ မန်ကျည်းသီးအနှစ်နဲ့ ထန်းညက်ကိုရောစိမ်ပြီး ရေအိုးစင်လေးပေါ် တင်ထားကာ နေ့ခင်းနေ့လည် အရမ်းပူအိုက်သောအခါ သောက်ကြသည်။ ရေခဲသေတ္တာထဲ ထည့်ထားသလောက် မအေးပေ မယ့် နေ့ခင်းပူအိုက်ချိန်မှာ သောက်လိုက်ရရင် ရေအိုးစင်လေးပေါ်က မန်ကျည်းဖျော်ရည်လေးကလည်း အရမ်းကိုလန်း ဆန်းအေးမြစေတတ်သည် မဟုတ်လား…။

ရေအိုးစင်ဆိုလို့ သောက်ရေအိုးကို ကျွန်တော်တို့အညာက နှစ်စဉ်လဲလေ့ရှိတယ်၊ မလဲတဲ့သူ မရှိသလောက်ပါပဲ…။ ကျွန်တော့်အိမ် ကတော့ ပြန်လှည့်အိုး (ပြန်လှည့်ကျေးရွာက လုပ်တဲ့အိုး) ပဲ သုံးတာများတယ်။ ပြန်လှည့်မှာ ဦးလေးတစ်ယောက်လည်း ရှိတာကိုး၊ ဒီတော့ သူတို့က အလကားလာပေးတာလည်း ရှိတယ်…။ တစ်ခါတစ်လေ… ကိုယ်က လှမ်းမှာလိုက်လို့ လာပို့တာလည်း ရှိတယ်။ ဦးလေးကလည်း အိုးလုပ်တဲ့သူဆိုတော့ သူကိုယ်တိုင်ရွေးပေးလိုက်တာမို့ မကောင်းဘူးမရှိပဲလေ…။ အဲဒါရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ ကျွန်တော်… ခုထက်ထိ အိုးဝယ်ရမယ်ဆို ဘယ်လိုကြည့်ရွေးရမှန်း မသိသေးဘူး။ အိုးဆိုတာနဲ့ ပြန်လှည့်ရွာက ဦးလေးပဲ ပြေးမြင်တော့တာပဲ…၊ အခုနောက်ပိုင်းမှ ဆရာ“နေဝင်းမြင့်” ရေးတဲ့စာတွေ ဖတ်ဖြစ်လို့ အိုးတွေအကြောင်းကို နည်းနည်း သိလာသေးတယ်။ တိုက်ဆိုင်လို့ ဆရာနေဝင်းမြင့်ရဲ့ “ရန်တပိုအိုးလေး အေးပါဘိ” အက်ဆေးထဲက စာလေးနှစ်ပိုဒ်လောက် ကူးထည့် ပေးလိုက်တယ် –

သောက်ရေအိုးကတော့ တစ်နှစ်တစ်ခါ နှစ်ဆန်းမှာ လဲတတ်ကြသည်။ ရေအိုးသစ်ကလေးဆိုတော့ စိတ်သန့်ရှင်းရသည်။ အိုးသစ်၊ အိမ်သစ်၊ လူသစ်၊ စိတ်သစ်ဆိုသည့် မြန်မာစကားက အဓိပ္ပါယ်ရှိသည်။ အိုးထွက်ရာဒေသတွေက တစ်နှစ် ပတ်လည် အိုးများ ထုတ်လုပ်ကြသော်လည်း ပြာသိုလမှ ထုတ်လုပ်သည့် အိုးများကို “ပြာသိုလ်”ဟု တကူးတက တံဆိပ်ထိုးကြသည်။ ပြာသိုလ တွင် မြေဓာတ်က အအေးဆုံးဟု ဆို၏။ ပြာသိုလကတူးသည့်မြေဖြင့် သည်အိုး ပြုလုပ်ပါသည် ဆိုသည့် အာမခံချက် ဖြစ်သည်။ တကယ်တော့ မြေကလည်း အိုးတွင် အရေးပါသည်။ တစ်နှစ်ပတ်လုံး အေးမြသည့်ရေအိုးမျိုးမှ ကြိုက်ကြသည်။ ကျောက်ဆစ်အိုးက စိမ့်ထွက်နေသည့် ရေဓာတ်က အိုးကိုပင် စိုနေစေသည်။ သည်တော့ မြင်ရသူက သောက်ချင်သည်။

“ရေကလေး အေးလိုက်သာတော်… အသည်းတောင် တုန်သယ်. . . သာဓုပါတော်”

ရေသောက်ရသူက အေးမြသောရေကို သောက်ရသဖြင့် အေးမြသော မေတ္တာကို တုန့်ပြန်သည်။ အဖေက ရေအိုးလှူတာ ဝါသနာ ပါသူ ဖြစ်သည်။ ရွာထိပ်ညောင်ပင်ကြီးအောက်က အုတ်ခုံမှာ ရေအိုးကောင်းကောင်း နှစ်ဆယ့်လေးလုံး နှစ်စဉ် ရေချမ်းစင် တည်သည်။ နှစ်စဉ်လည်း အိုးသစ်လဲတတ်သည်။ မနှစ်က အိုးဟောင်းတွေကတော့ လိုချင်သူယူကြ။ အိုးသစ် တွေ မတည်ခင် အိုးတွေကို ရေနာအောင် စိမ်ရသေးသည်။ အိုးသစ်စော်မနံအောင်လို့ဟု ဆိုသည်။ ရေဖြည့်တာဝန်ကို ရေထမ်းသမား ကိုလှသန်းက တာဝန်ယူသည်။ နှစ်ကုန်တော့မှ ကိုလှသန်းကို ရေဖိုးပေးသည်။ အိုးတွေထဲ ရေမထည့်ခင် အဖေက လက်ညှိုး ထုံးတို့ကာ ၂၄ ပစ္စည်းကို အိုးတစ်လုံးချင်းမှာ ရေးသည်။ ဟေတုပစ်စယော၊ အရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော စသည်ဖြင့်ရေးပြီး မှ ဖြည့်သည်။ အိုးရေစိုစိုမှာ ထုံးဖြူဖြူတို့ ထင်းထင်းကြွလေ၏။

“လှသန်းရေ… ရေသောက်ရင်တောင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အပ်ပြီးမှသောက်ကွ၊ ဆေးဖြစ် တယ်။ မမအတ္တာနံ ဗုဒ္ဓဿနိယျာတေမိ၊ မမအတ္တာနံ ဓမ္မဿနိယျာတေမိ၊ မမအတ္တာနံ သံဃဿနိယျာတေမိ. . . အရောဂေါ ဟောမိဆိုတော့ ရေလေး တစ်ကျိုက်လည်း သောက်ပြီးရော ရေကလည်း ဆေးဖြစ်ကရော…”

အိုးတွေဟာ လူမှုဘဝကို ထင်အပ်စေတဲ့ ခေတ်တစ်ခေတ်ရဲ့ သင်္ကေတလို့ မှတ်သားဖူးတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း ကလည်း “အိုးများက ပြောသောသမိုင်း” ဆိုပြီး စာအုပ်တစ်အုပ်ရေးဖူးတယ်လေ…။ ရှေးဟောင်းသုတေသနပညာရပ်ကို Science of Broken Pots (အိုးခြမ်းကွဲသိပ္ပံ) လို့ ခေါ်ကြတာလည်း ရှိသေးရဲ့။ အခု…. ဒီအိုးတွေအကြောင်းရေးရင်း ကျွန်တော့်အခန်းထဲကို လှည့်ပတ်ပြီး တစ်ချက်ကြည့်မိတယ်။ အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ အခန်းမို့ ဘာအိုးမျှမရှိ၊ အားလုံး… ဒန်အိုးဒန်ခွက်၊ ပလပ်စတစ် ပစ္စည်းတွေချည်းသာ ရှိနေသည်။ အော်… ကျွန်တော်တို့ခေတ်မှာတော့ မြေအိုးလေးတွေ မပါဝင်တော့ပါလားလို့ တွေး လိုက်မိသည်။

ဘာပဲပြောပြော… အညာက ကျွန်တော့်အိမ်မှာတော့ မြေအိုးလေးတွေ သုံးနေဆဲဖြစ်ပါလိမ့်မည်၊ အနည်းဆုံးသောက်ရေအိုး ကိုတော့ ပြန်လှည့်အိုးလေးတွေ သုံးနေမည် ဖြစ်သည်။ အညာနွေကို ရေခဲသေတ္တာထဲကရေနဲ့ ခုခံလို မရပါ၊ တစ်ခုခုတောင် အန္တရယ် ဖြစ်သွားနိုင်သည် မဟုတ်လား….။ ဒီတော့ ထန်းလက်မိုးတဲလေးတစ်ခုရယ်၊ မြေအိုးစိုစိုလေးရယ်နဲ့ပဲ ခုခံရပါလိမ့် မည်။ နောက်… နေ့ခင်းနေ့လည်မှာ သောက်ဖို့ မန်ကျည်းဖျော်ရည် လက်ဖျော်လေးလည်း လိုပါလိမ့်ဦးမည်…။ “ဟဲ့…. နေပူကျဲကျဲ ကြီးထဲ ထွက်မဆော့နဲ့လေ၊ ဒီကလေးတွေ… ပြောရပေါင်းလည်း များပြီ…” ဆိုတဲ့ အဘွားရဲ့အော်ငေါက်သံကိုလည်း ဒီစာကိုရေး ရင်း… နားထဲမှာ ပြန်လည် ကြားယောင်လာမိသည်။ တစ်ဆက်တည်း ကျွန်တော်တို့ရဲ့ကလေးဘဝ နွေရာသီကျောင်းပိတ်ရက်တွေ ကိုပါ ပြန်လွမ်းလာမိသည်။

အင်း…အညာရဲ့နွေရာသီဟာ ပူတော့ပူလောင်လွန်းပါတယ်၊ ဒါပေမယ့် ကျောင်းတွေကလည်း ပိတ်ထားတဲ့အချိန်မို့ (ကျွန်တော် တို့ ကျောင်းသားဘဝတုန်းကတော့) စိတ်ကြိုက်ဆော့နိုင်တဲ့ “နွေ”ပါပဲ။ နေ့လည်ခင်းမှာတော့ ထိုင်ပြီးဆော့ရတာမျိုး ကို ပြောင်းဆော့တာပေါ့။ နောက်ပြီး နေ့ခင်းနေ့လည်မှာ လာရောင်းတတ်တဲ့ သာကူယို၊ ဂျုံယို၊ မုန့်လေပွေ (အား…ဒီ မုန့်လေပွေကို ကျွန်တော် အရမ်းစားချင်နေတာဗျ၊ ရှာမရဘူးလေ…။ အရင်တစ်ခါက လှည်းတန်းဖက်မှာ မုန့်လေပွေထင်လို့ အများကြီး ဝယ်ချလိုက်တာ… နောက်တော့ ဘာမုန့်တွေမှန်းမသိဘူး။ ကပ်က ကပ်သေး…၊ ရန်ကုန်မှာ လိုတာအကုန်ရတယ် တဲ့၊ မုန့်လေပွေတော့ မရသေးဘူး ထင်တာပဲ… :D/)၊ မုန့်လက်ဆောင်း တွေလည်း သောက်လို့ရသေးတယ်။ တစ်ခါတစ်လေ ဆိုရင်… ရေစကြို ထန်းသီးမုန့်ရောင်းတဲ့ စျေးသည်တွေပါ ရောက်လာတတ်တယ်။ ကဲ… နွေရာသီ ပူတယ်ဆိုတာ ဘယ်ရောက် သွားမှန်းတောင် မသိတော့ဘူး။ ကျောင်းတွေ မဖွင့်မချင်း ကိုယ့်စိတ်ကြိုက် ဆော့ပေဦးတော့…။

အဲလို… ကလေးဘဝရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ စားရတတ်တဲ့ မန်းမရွေးလို မုန့်တစ်မျိုးလည်း ရှိသေးတယ်ဗျ။ သူက ပိုက်ဆံနဲ့ရောင်းတာ မဟုတ်ဘူး၊ ပလပ်စတစ်တို့ ဒန်အိုးဒန်ခွက်တို့နဲ့ လဲရတာ…။ ဒီတော့ ကျွန်တော်တို့မှာ အဲဒီစျေးသည်တွေ လာသံကြားရင် အနီးနား ပတ်ဝန်းကျင်က ပလစ်စတစ်တွေကို သူထက်ငါ အပြိုင်လုပြီး ကောက်ကြတော့တာပဲ…။ အဲဒီစျေးသည်တွေများ လာပြီးသွားရင် အမှိုက်ကားလာသွားသလိုပဲ၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပလစ်စတစ်အိတ်ဆိုတာ တစ်ခုမှ မရှိတော့ဘူး။

အဲဒီ ပလပ်စတစ်နဲ့ လဲစားရတဲ့ မုန့်နဲ့ပတ်သက်ပြီး မှတ်မိနေတာတစ်ခုရှိသေးတယ်၊ ကျွန်တော်တို့အိမ်နားမှာ “ဇေယျာပိုင်” ဆို တဲ့ကောင်ရှိတယ်၊ သူက ကျွန်တော်ထက် ငယ်တယ်၊ သူတို့က မောင်နှမ နှစ်ယောက်ရှိတာ…။ သူ့အစ်မ “မသက်ထား” ဆိုတာက ကျွန်တော်တို့ထက် ကြီးတယ်။ ဒီကောင့်မိဘတွေက ရှေ့နေလား၊ တရားသူကြီးလား… သေချာ မမှတ်မိတော့ဘူး။ သူတို့သား ကို ပေါက်ကရမုန့်တွေ စားတာမျိုး လုံးဝမကြိုက်ဘူး၊ ဒီကောင်ကလည်း ကျွန်တော်တို့စားတော့ စားချင်တာပေါ့။ ကျွန်တော်တို့လို ပလစ်စတစ်တွေ လုကောက်နေလို့ သူ့အဖေ၊အမေက မြင်သွားရင်လည်း ဆော်ပလော်တီးမှာ…။ ဒီတော့ ဘာလုပ်သလဲဆို.. သူ့အရုပ်တွေထဲက အဟောင်းတွေကို ချိုးပစ်၊ ခြေပစ်ပြီး မကောင်းတော့ဘူး ဆိုတော့မှ မုန့်နဲ့လဲစားတယ်။ သူ အဲလိုလုပ်ပြီး စားပေမယ့် နည်းနည်းလေးပဲ စားရတာ…၊ သူ့အရုပ်က ပလပ်စတစ်အကြွပ်စားတွေမို့ မုန့်နည်းနည်းပဲ ရတာပေါ့… ဟား… ဟား…။ အဲဒီကောင်က ကျွန်တော်ထက် အသက်သာငယ်တာ၊ စိတ်က ကြွပ်ဆပ်ဆပ်ရယ်…။ သူ့အစ်မကို တောင်းလိုက်တာနဲ့ ရန်ထဖြစ်ပြီ သာမှတ်၊ နောက် ရန်ပွဲပြီးသွားရင်လည်း သူပဲ ခံလိုက်ရတာချည်းပဲ… :D/

ကျွန်တော်နဲ့ “အလင်းနစ်” က ငယ်ငယ်လေးကတည်းက အိမ်နီးနားချင်း ကစားဖော်ကစားဖက်တွေရယ်…၊ သူ့ညီမလေးမှာလည်း အဲဒီမုန့်နဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ရှိသေးတယ်။ သူက ပိုဆိုးတယ်…၊ ကျွန်တော်တို့လို ပလပ်စတစ် လုမကောက်တော့ဘူးလေ။ သူ့အိမ်က ဒန်ဖလားအကောင်းကြီးကို အုတ်ခဲနဲ့ထုပြီး ပုံပျက်သွားပြီဆိုမှ မုန့်နဲ့သွားလဲစားတာ…။ အဲဒီနေ့က သူ… မုန့်တွေ အများကြီး ရတာပေါ့၊ မကြာပါဘူး… ညနေနေခင်းကျတော့ သူ့အော်ငိုသံကို ကြားရတော့တာပဲ။ သူ့အဖေခမျာ စိတ်လည်း တို ဒေါသလည်းထွက်၊ နောက်ဆုံးတော့ အသေကို ဆော်ပလော်တီးတာပေါ့….. ဟား… ဟား… ရယ်ရတယ်…။ အင်း… ကျွန်တော် ကတော့ မန်ကျည်းဖျော်ရည်နဲ့အညာနွေကို လွမ်းရင်း ရယ်နေမိတယ်ဗျာ…