ယင်းမာပင်မြို့သမိုင်း

0
135

ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီး ကျွန်တော်သိချင်တဲ့ အချက်တွေထဲမှာ တစ်ချက်က ယင်းမာပင်မြို့ရဲ့ မွေးနေ့ဟာ ဘယ်နေ့လဲ၊ ဘယ်ခုနှစ်လဲ ဆိုတာပါပဲ။ သူများမြို့တွေ နှစ်ပတ်လည်ပွဲ လုပ်သလိုမျိုး မလုပ်နိုင်တောင် ငါတို့မြို့သက်တမ်းက ဘယ်လောက်ရှိပြီ ဆိုတာကိုတော့ သိချင်တယ်။ ပွဲတွေ ဘာတွေ လုပ်တာထက် ကိုယ်စီးတဲ့ မြင်း အထီးလား၊ အမလား သိချင်တာပါ။ ယင်းမာပင်မြို့နယ် မှတ်တမ်းထဲမှာက ဒီအောက်ကလိုပဲ ဖော်ပြထားတယ် −

ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါ၀င်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြ ပါသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့ပါသည်။

ဒါပေမယ့် ကျွန်တော်တို့မြို့ တည်ရှိနေခဲ့တာက အဲဒီထက် အများကြီး စောတာ သေချာတယ်။ ယင်းမာပင်မြို့အကြောင်းကို ပြန်ရှာချင်ရင် ယင်းမာပင်မြို့နယ်ကို အရင် ရှာရလိမ့်မယ်၊ အဲလိုပဲ ယင်းမာပင်မြို့နယ်ကို ပြန်ရှာမယ်ဆိုရင် “ဗန့်ကျီတိုက်” ကို ပြန်ရှာရလိမ့်မယ်။ ဒါက ကျွန်တော် သဘောပေါက်တဲ့ သမိုင်းကွင်းဆက် ပါ။

ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ် တို့ဟာ “ဗန့်ကျီတိုက်” ထဲမှာ ပါဝင်တယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ အထူးသဖြင့် ဆားလင်းကြီးမြို့နယ်ကား ပို၍ အချက်အချာ ကျကြောင်း တွေ့ရှိရပါတယ်။
ရှေးဘုရင်များ လက်ထက်က မြန်မာနိုင်ငံကို နယ်မြေပိုင်းခြား သတ်မှတ်ရာမှာ အရှေ့တိုက်၊ အနောက်တိုက် အစရှိသဖြင့် ခေါ်ဝေါ်သတ်မှတ် ခဲ့ရာ အရှေ့ဘက်တွင် ချင်းတွင်းမြစ်၊ အနောက်ဘက်တွင် ပုံတောင်ရိုး၊ မြောက်ဘက်တွင် ယမားချောင်း၊ တောင်ဘက်တွင် ယမားချောင်းတို့ ပတ်လည်ဝိုင်းရံထားတဲ့ နယ်မြေကို “ဗန့်ကျီတိုက်” လို့ သတ်မှတ် ခဲ့ပါတယ်။

“ဗန့်ကျီတိုက်” နှင့်ပတ်သက်၍ ရာဇဝင်တွင် အစောဆုံးတွေ့ရှိရသည်မှာ ကျည်စိုးမင်း လက်ထက်တွင် ဖြစ်သည်။ “သက္ကရာဇ် (၃၃၃) သုံးရာ့သုံးဆယ့် သုံးခုလောက် ကျည်စိုး(ကျည်းဆို) မင်း ဖြစ်တော်မူ၏။ ထိုမင်းကား ချင်းတွင်း ညွန်တန် အရပ်မှာ မင်းတဲဆောက်၍ ဗန့်ကျီဆယ်ရွာတိုက်သို့ သွား၍ မပြတ် သမင်ကစားတော်မူ၏။” ဟူ၍ ဦးကုလား၊ မဟာရာဇဝင်တော်ကြီး (ပထမတွဲ) တွင် တွေ့ရပေသည်။ မှန်နန်းရာဇဝင်တော်ကြီး(ပထမတွဲ) ၌ကား သက္ကရာဇ် (၃၄၈) ဟု တွေ့ရသည်။

ဗန့်ကျီတိုက်နယ်မြေ အပိုင်းအခြားနှင့်ပတ်သက်၍ မတည်မငြိမ် ရှိခဲ့ပြီး “ဗန့်ကျီတိုက်” ကို ခေတ်အဆက်ဆက်မှာ အမျိုးမျိုး ခေါ်ဝေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အင်းဝခေတ်က ရေးထိုးထားတဲ့ အနိမ့်တော ရွေကူကျောက်စာမှာ “ပင်က္လေယ်တိုက်” ရယ်လို့ အမည်ခေါ်တွင်တယ်လို့ သိရပါတယ်။ အဲဒီနောက်…. ညောင်ရမ်းခေတ်မှာတော့ “ပန်းချီဆယ်တိုက်”၊ ကုန်းဘောင်ခေတ်မှာ “ဗန့်ချီတိုက်” လို ခေါ်ဝေါ်ခဲ့ကြပါတယ်။

၁၇၈၂-ခုနှစ် (သက္ကရာဇ်-၁၁၄၄) တွင် နန်းတက်သော ဗဒုံမင်းလက်ထက် ၁၇၈၃-ခုနှစ် (သက္ကရာဇ် ၁၁၄၅) တွင် တစ်ကြိမ်၊ ၁၈၀၂-ခုနှစ် (သက္ကရာဇ် ၁၁၆၄) တွင် တစ်ကြိမ် စစ်တမ်း(၂)ကြိမ် ကောက်ယူခဲ့ပါသည်။ ၁၇၈၃-ခုနှစ်တွင် ကောက်ယူခဲ့သော ဗန့်ကျီတိုက်နယ်စစ်တမ်း (၁၁၄၅-ခု စစ်တမ်း) ကို မတွေ့ရှိရသေး သော်လည်း ၁၈၀၂-ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်း (၁၁၆၄-ခု စစ်တမ်း) ကိုမူ တွေ့ရှိရပေသည်။ ဗဒုံမင်းက အမိန့်တော် ထုတ်ပြန်ပေးခဲ့ပြီး ၂၈ မေ၊ ၁၈၀၂ ခုနှစ် (၁၁၆၄-ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်) တွင် နာခံတော် ကျော်စွာနော်ရထာ ပြန်ဆိုသော ဗန့်ကျီတိုက်နယ် သတ်မှတ်အမိန့်တော်မှာ အောက်ပါအတိုင်း တွေ့ရပါတယ်−

“ဗန့်ကျီ ၉၉ ရွာတိုက် အရှေ့တောင်ကို ယမား၊ စည်သူကန်ရိုးက မြောက်ကို တင့်တောင်၊ ရှင်မဉ္စူတောင်၊ ၄င်းမြောက်ကို မင်းသားကုန်း၊ ၄င်းမြောက်ကို ဖောင်းကတာညောင်ပင်၊ ၄င်းက မြောက်ကို ကျောက်ကြီးရွာ၊ အနောက်ကို လျှောက်၍ ဗန့်ကျီတောင်ရိုးထိ၊ ၄င်းကိုလျှောက်၍ သက်ရင်းနယ်နိမိတ် စည်သူကန်ရိုးအထိ၊ ၄င်းနယ် ရှစ်ရပ်အတွင်း ဗန့်ကျီ (၉၉)ရွာတိုက်နယ် ဖြစ်စေ၊ ဗန့်ကျီ (၉၉) ရွာတိုက်ကိုလည်း ဆားလင်းကြီး ရွာသူကြီး ငနိုးကို သူကြီးခန့်”

ပဒုံမင်း (၁၇၈၂ – ၁၈၁၉) လက်ထက် ၁၈၀၂ ခုနှစ်တွင် အမိန့်တော်တစ်ရပ် ထုတ်၍ ဗန့်ချီ ၉၉ ရွာတိုက် ဟူသော နယ်မြေကို သတ်မှတ်ခဲ့ပါတယ်။ ဗန့်ချီ ၉၉ ရွာ တိုက်နယ်မြေမှာ အရှေ့တောင်တွင် ယမားစည်သူ ကန်ရိုး၊ ထိုမှ မြောက်ဘက်သို့ တင်တောင်၊ ရှင်မဉ္ဇူတောင်၊ မင်းယာကုန်း၊ တောင်ကကာညောင်ပင်၊ ကျောက်ကြီးရွာ၊ ထိုရွာမှ အနောက်သို့ မြောက်ယမားအထိ၊ ထိုမှ ဗန့်ကျီတောင်ရိုးအတိုင်း တောင်သို့ တောင်ယမားအထိ၊ တောင်ယမားမှ အရှေ့ဘက်သို့ ယမားစည်သူ အထိကျယ်ဝန်းကြောင်း သိရပါတယ်။

ကျွန်တော် နားလည်တဲ့ သမိုင်း ကွင်းဆက်ဟာ “ဗန့်ကျီတိုက်” မှာ စခဲ့ပေမယ့်၊ တကယ်တမ်း ရှာကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဗန့်ကျီတိုက် ဆိုတာကိုသာ တွေ့ရပြီး ဗန့်ကျီတိုက်ထဲက မြို့တွေ၊ ရွာတွေ အကြောင်း အသေးစိတ်ကို ရှာမတွေ့ခဲ့ပါ။ ဒီလိုနဲ့ ဦးလေး ဦးညွန့်မောင်ဆီမှာ မေးကြည့်တော့မှပဲ ယင်းမာပင်မြို့ သမိုင်းကို သိခွင့်ရခဲ့ပါတော့တယ်။

မာန်မ္ဘရာဘုန်းကြီးကျောင်းက သက်တမ်းအစောဆုံး ဘုန်းကြီးကျောင်း ဖြစ်တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယင်းမာပင်မြို့ထက်ကို သက်တမ်းပိုရင့်နေလို့ ပါပဲ။ ယင်းမာပင်မြို့မတည်ခင် ကတည်းက ယာလုပ်တဲတွေ ကြားမှာ တည်ထားခဲ့တာပါ။ ရွာထောင်ရွာနဲ့ မြို့ကြီးရွာ တွေက ရွာသူ/သားတွေနဲ့ ယာလုပ်တဲ့က လူတွေ ကိုးကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဓာတ်ပေါင်းစုစေတီ ဌာပနာကို ဖွင့်ပြီး ပြန်လည် မွမ်းမံကြတော့ ​တွေ့ရတဲ့ ကျောက်လက်ရာအဖုံး ကောက်ကြောင်းတွေအရ ပင်းယခေတ်လောက်က လက်ရာတွေ ဖြစ်နေတာ တွေ့ရတယ်။ ပြောရရင် ဖိုးဝင်းတောင်နဲ့တောင် ခေတ်ပြိုင်လောက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မာန်မ္ဘရာဘုန်းကြီးကျောင်းဟာ ယင်းမာပင်မြို့ထက် အများကြီး စောပြီး ရှိနေခဲ့တာ သေချာသွား ပါတယ်။

ယင်းမာပင်မြို့ ဆိုတာ မရှိခင် ကတည်းက မာန်မ္ဘရာဘုန်းကြီးကျောင်း ရှိတာကတော့ ဟုတ်ပါပြီ၊ ကျွန်တော့်တို့ ယင်းမာပင်မြို့ ကရော ဘာဖြစ်လို့ ဒီနာမည်ကို ပေးခဲ့ပြီး ဘယ်သူက စတည်ထောင်ခဲ့ တာလဲ…။ ဟိုးယခင်က မာန်မ္ဘရာဘုန်းကြီးကျောင်း ရှေ့တည့်တည့်နားမှာ နတ်စင်တစ်ခု ရှိတယ်လို့ သိရပါတယ်။ အဲဒီ နတ်စင်နားမှာ ယင်းမာပင်ကြီး တစ်ပင်ရှိတာကို အစွဲပြု၍ မှည့်ခေါ်ထားတဲ့ မြို့ဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့ကို စပြီး တည်ထောင်ခဲ့သူက ဦးကြည် ဖြစ်ပါတယ်၊ မင်းတုန်းမင်းကြီးရဲ့ ညီတော် ကနောင်မင်းသားရဲ့ ကိုယ်ရံတော်တပ်မှ ဖြစ်ပါတယ်။ သူ့အဆင့်ကိုတော့ သေချာ မသိရပါဘူး။ ဒါပေမယ့် အနည်းဆုံး သာမန် တပ်သားထက်တော့ မြင့်မယ်လို့ ခန့်မှန်း ရပါတယ်။ စတည်ထောင်ခဲ့တဲ့ ခုနှစ်ကို စုံစမ်းကြည့်တော့လည်း မန္တလေးကို စတည်တဲ့ ခုနှစ်နဲ့ အတူတူလောက်ပဲလို့ ယူဆရပါတယ်။ အဲဒီအချိန်ကို မီလိုက်တဲ့ မာန်မ္ဘရာဘုန်းကြီးကျောင်း ဆရာတော် ဦးပန္နိတ်စ မိန့်ကြားချက်အရ ဦးကြည်ကို စကြာရေချ နှစ်မှ မွေးတာလို့ သိရပါတယ်။ (နန်းမတော် မယ်နု စကြာမင်းသားလေးကို ရေမှာ နစ်သတ်ခဲ့တဲ့ နှစ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။)

ဦးကြည်ရဲ့ သားကတော့ ဦးရွှေဇွဲ ဖြစ်ပါတယ်။ သီပေါမင်းပါတော်မူသွားပြီး အင်္ဂလိပ်တွေ တက်လာတော့ ပထမဆုံး ဖြစ်လာတဲ့ ဘုရားထူးခံ သူကြီးပါ။ ”ဘုရားထူးခံ သူကြီး” ဆိုတာကိုတော့ ဗိုလ်ဖိုးတုပ် (သီပေါမင်း ပါတော်မူပြီးနောက် လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့ ရွာထောင်သား၊ နောင်မှာ ရွှေချိုးဖြူမင်းသားနဲ့ ပူးပေါင်းသွားခဲ့တယ်) ရဲ့ မျိုးဆက်တွေက “အမျိုးသား သစ္စာဖောက်” လို့ အဓိပ္ပါယ်ဖွင့် ကြလိမ့်မယ် ထင်ပါတယ်။ အဲဒီလို အဓိပ္ပါယ်ဖွင့်ခဲ့လို့ ယင်းမာပင်က ဦးသာဆင်ရဲ့ မျိုးဆက်တွေနဲ့ ရွာထောင်သား ဗိုလ်ဖိုးတုပ်ရဲ့ မျိုးဆက် ရွာထောင်ရွာနေ ဦးဘမော် တို့ကြားမှာ ယခင်က စကားများခဲ့ကြ ဖူးပါတယ်။

ဒါပေမယ့် ယင်းမာပင်မြို့ ဆေးရုံဟောင်းနဲ့ ဆေးရုံဟောင်း မြေနေရာကို ဦးရွှေဇွဲက လှူခဲ့တာပါ။ (ဆေးရုံဟောင်းဆိုတာ ယခု အ.မ.က (၂) ရှိတဲ့ နေရာကို ဆိုလိုပါတယ်)။ အဲ… သူ လှူခဲ့တာက ယင်းမာပင်မြို့သူ/သား တွေအတွက် အဓိက ရည်ရွယ်တာတော့ မဟုတ်ပါဘူး၊ ၁၉၁၃ ခုနှစ်မှာ ဂေါ်ရခါး စစ်သားတွေကို ဆေးကုဖို့ ဆိုပြီး လှူခဲ့တာမျိုး မို့ပါ။ အဲဒီအချိန်တုန်းက အရပ်သူ/သား တွေက ဆေးရုံတက် ဆေးကုလေ့ မရှိပါဘူး။ ဗိန္ဒောဆရာနဲ့သာ ကုလေ့ရှိပါတယ်။

ဦးရွှေဇွဲ ရဲ့ သားကတော့ ကျွန်တော်တို့တွေ လက်လှမ်းမီလိုက်တဲ့ ဦးသာဆင် ဖြစ်ပါတယ်။ ဦးသာဆင် ကတော့ ပမညတ မှာ ဝင်ပြိုင်ခဲ့သူပါ၊ ၁၉၄၂မှာ ဗိုလ်ချုပ်အောင်ဆန်း ယင်းမာပင်ကို လာတော့ ကြိုဆို ဧည့်ခံခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဦးအောင်ပွင့် အိမ်မှာ တည်းခိုစေခဲ့ပြီး ဦးနေဝင်းကိုတော့ သူ့အိမ်မှာ တည်းခိုစေခဲ့ပါတယ်။ ဗိုလ်ချုပ်တို့တစ်တွေ ရုံးစိုက်နိုင်ဖို့ ကိုလည်း ဦးမင်းတိုက်မှာ စီစဉ်ပေးခဲ့ ပါတယ်။ ဒါကြောင့်မို့ ဦးနေဝင်း အာဏာရလာချိန် (မဆလ ခေတ် ဗိုလ်ချုပ်သန်းညွန့် တိုင်းမှူးဖြစ်စဉ်တုန်းက) မှာ မန္တလေးမြို့ကို ရောက်တိုင်း ဦးသာဆင်ရဲ့ ဇနီးကို (အမေသိန်း လို့ပဲ သိတယ်၊ နာမည်အရင်းကို မသိဘူး) နန်းတွင်းထဲကို ခေါ် ခေါ်ပြီး အမြဲတွေ့လေ့ ရှိပါတယ်။

ဦးသာဆင်အိမ်ဟာ ယခု လက်ရှိ မြို့မစျေးရဲ့ မြောက်ဘက်မှာ ရှိပါတယ်။ ဦးသာဆင်ရဲ့ မြေး၊ မြစ်တွေတော့ ခုထက်ထိ ရှိပါသေးတယ်။ ဒေါ်ကြည်၊ ဒေါ်အမာ တို့၊ ကိုသန့်၊ ကိုဖိုးပေါက် (ဓာတ်ပုံရိုက်တဲ့ ဦးပေါက်လို့ ကျွန်တော်တို့ကတော့ ခေါ်တယ်) တို့ဟာ ဦးသာဆင်ကနေ ဆင်းသက်လာတဲ့ သူတွေပါ။ သူတို့တွေဟာ ယင်းမာပင်မြို့ ဆိုတာ ဖြစ်ပေါ်လာဖို့ အတွက် အရေးပါတဲ့ မျိုးရိုးတစ်ခုပါ၊ ဖြစ်နိုင်ရင် သူတို့ရဲ့ မျိုးဆက်ဇယား (Family Tree) လေးတစ်ခုတောင် မှတ်တမ်း လုပ်ထားသင့်တဲ့ သူတွေပါ။

နောက်တစ်ကြိမ် ယင်းမာပင်ကို ပြန်ဖြစ်ရင်တော့ သူတို့ရဲ့ မျိုးဆက်ဇယား (Family Tree) လေးကို ရအောင် ပြုစုမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။ ယင်းမာပင်မြို့ရဲ့ အစကိုတော့ ကျွန်တော် ပြန်ရှာတွေ့ခဲ့ ပါပြီ။ ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားသလို ခုနှစ် သက္ကရာဇ် တိတိကျကျ နဲ့ သိရတာမျိုးတော့ မဟုတ်သေးပါဘူး။ ဒီတော့ ကျွန်တော်တို့ မြို့ရဲ့ သက်တမ်းကို တိတိကျကျ ပြောဖို့ ခက်ခဲဆဲ ပါပဲ။ (အကြမ်းဖျင်း သက်တမ်း အနေနဲ့ နှစ်ပေါင်း (၁၅၅) နှစ်လောက် ရှိပြီလို့တော့ ဆိုနိုင် ပါပြီ)။ ယင်းမာပင်မြို့နယ် မှတ်တမ်းတွေထဲမှာ ကလည်း ၁၉၀၁ နောက်ပိုင်း လောက်ကသာ စပြီး ရေးထားတော့ ခက်သားလား… ကျွန်တော်တို့မြို့ဟာ ဟိုးအရင် ၁၈၅၇ ဝန်းကျင်လောက် ကတည်းက ရှိနေခဲ့တာ။

ယင်းမာပင်မြို့နယ် မှတ်တမ်းထဲမှာ ပါတဲ့အတိုင်း ဗြိတိသျှအစိုးရက မြို့အဖြစ် တရားဝင် သတ်မှတ်ခဲ့တဲ့ ခုနှစ် (၁၉၇၂) ခုနှစ်ကို ယင်းမာပင်မြို့ မွေးနေ့အဖြစ် သတ်မှတ်မယ်ဆိုရင် အခု ကျွန်တော်တို့ မြို့ဟာ (၄၀)နှစ် သက်တမ်း ထဲကို ရောက်နေပါပြီ။ ဒီလိုဆိုရင် ကျွန်တော်တို့ ယင်းမာပင်မြို့ နှစ်ပတ်လည် ရွှေရတုသဘင်ပွဲကို (၂၀၂၂) ခုနှစ်မှာ ကျင်းပလို့ ရမယ်…၊ နောက်… အဲဒီပွဲကိုလည်း ကျွန်တော်တို့ မီတယ်… 😀

ကျွန်တော် ဆရာကြီး ဦးကျော်ဌေး၊ ဦးလေး ဦးညွန့်မောင် တို့နဲ့ ယင်းမာပင်အကြောင်း ပြောကြရင်း ယင်းမာပင်ကနေ သမိုင်းဌာနမှာ လက်ထောက်ကထိက လုပ်နေတဲ့ ဦးတင်လင်းရဲ့ သား ကိုမျိုးနိုင် အကြောင်းကို သိခွင့်ရခဲ့တယ်။ ဖိုးဝင်းတောင် သမိုင်းကိုလည်း သူ ပြုစုခဲ့ဖူးတယ်လို့ သိရတယ်။ သူ့မှာလည်း ယင်းမာပင်မြို့ သမိုင်းကို ပြုစုထားတာ ရှိကောင်း ရှိနိုင်တယ်၊ ဒါမှ မဟုတ်လည်း သူ့အနေနဲ့ ယင်းမာပင် သမိုင်းကို ပြန်လှန်ကြည့်ရင် ကျွန်တော့်လိုကောင် ပေါက်တတ်ကရ ပြန်ရှာနေတာထက် ပိုပြီး စနစ်တကျ ရှိလိမ့်မယ်လို့ ယူဆမိတယ်။ တစ်နေ့နေ့ကျရင် သူနဲ့ ဆုံပြီး သူ့ဆီကနေ အကူအညီ တောင်းရမယ် လို့လည်း ကျွန်တော် စိတ်ကူးမိတယ်။ ဒါပေမယ့် ယင်းမာပင်ကို ကျွန်တော် နောက်တစ်ခေါက် ဘယ်အချိန်မှာ ပြန်ရောက်မလဲ ကျွန်တော်ကိုယ်တိုင်လည်း မပြောနိုင်သေးဘူး….။