လက်ဖက်ရည်ဆိုင်စာတမ်း

0
166

ကျွန်တော် ယင်းမာပင်ကို ပြန်တော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်တယ်၊ ဘယ်မှာ ဆုံတာလည်းဆိုတော့ ဘီယာဆိုင်မှာ… ယောက်ျားလေးတွေက လူစုံချင်ရင် အဲလို စုရတယ်။ မိန်းကလေးတွေ ကျပြန်တော့ လက်ဖက်ရည်ဆိုင်မှာ လူစုရတယ်… အဲလို… အဲလို…

ခေတ်ရဲ့ အလှည့်အပြောင်းလို့ ပြောရမှာပဲ၊ ဘီယာဆိုင်တွေက ဟိုးအရင် လက်ဖက်ရည်ဆိုင်တွေ နေရာကို ယူလာကြပြီ။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကနေ ဘီယာဆိုင် ယဉ်ကျေးမှုကို ကူးပြောင်းသွားပြီလို့ ဆိုရတော့ မှာပဲ။ ဒါက ယင်းမာပင်မှာ မို့လို့ … ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီး စတဲ့မြို့တွေမှာ ဘီယာဆိုင်ထိုင်တဲ့ မိန်းကလေးတွေကို တွေ့နေရပြီ။ မိန်းမကောင်းလား၊ ဘာလား…. လို့ မမေးပါနဲ့၊ နှစ်ခုစလုံးကို ထိုင်နေကြတာပါ။ ယင်းမာပင်မှာတော့ ဘီယာဆိုင် ထိုင်တဲ့ မိန်းကလေးတွေကို မတွေ့ရသေးပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေကိုတော့ ပြောဖြစ်တယ်၊ အခုနေ အချိန်မှာသာ ယင်းမာပင်မှာ ငါ ဆယ်တန်းကျောင်းသား လုပ်နေရရင် ငါ့ကဗျာထဲမှာ ဘီယာဆိုင်တော့ ပါနေမှာ သေချာတယ်လို့။ ဟုတ်တယ်… ကျွန်တော် ကျောင်းသားဘဝနဲ့ အခုလက်ရှိ အချိန်မှာ ကွာခြားသွားတာတွေ အများကြီး ရှိနေပြီ။

ကျွန်တော်တို့တုန်းက “လက်ဖက်ရည်ဆိုင်” စထိုင်တဲ့ တစ်ပတ်လောက် အတွင်းမှာ “ဟယ်… ဒီကောင်လေးတွေ လက်ဖက်ရည်ဆိုင် ထိုင်တတ်နေပြီ” ဆိုတဲ့ အသံကို အမြဲလိုလို ကြားရတယ်။ အိမ်ကိုလည်း သွားပြောတဲ့သူက ပြောတယ် “ခင်ဗျားသားတော့ လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တယ်နော်” တဲ့။ ကျောင်းသားအရွယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်တာကို သိပ်ပြီး သဘောမကျကြဘူး။ ဆရာ/မ တွေကလည်း သတိပေးစကား ပြောကြ တယ် “မင်းတို့ကို လက်ဖက်ရည်ဆိုင်မှာပဲ တွေ့နေရတယ်နော်၊ စာလဲ ကြည့်ကြဦး”။

အဲ… ကြုံလို့ တစ်ခု ပြောချင်သေးတယ်၊ ဟိုး… အရင်က ယင်းမာပင်မြို့မှာ (တောကျတယ်လို့ပဲ ဆိုချင်ဆိုဗျာ) ချစ်စရာ အရမ်းကောင်းတဲ့ စရိုက်ကလေး တစ်ခု ရှိတယ်။ အခု သိပ်မတွေ့ရတော့ဘူး။ ဘာလဲဆိုတော့ ကျွန်တော် ငယ်ငယ်က လမ်းဘေး မြောင်းထဲမှာ ငါးဖမ်းတာကို အရမ်းလုပ်ချင်တာပဲ… အလင်းနစ်လိုလည်း ငါးဖမ်းတာ ကျွမ်းချင်တယ်။ ဒါပေမယ့် လူတွေလစ်မှ ဆင်းဖမ်းရဲတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်… ဘယ် လမ်းသွားလမ်းလာမှ မတွေ့ဘူး ဆိုမှ ဆင်းဖမ်းရဲတယ်။ ဘာဖြစ်လို့လဲ သိလား… တစ်ခါတစ်လေ ကိုယ်က ကိုယ့်ဇောနဲ့ကိုယ် ငါး ငုံ့ဖမ်းနေတာ၊ အိမ်ကို လူက မရောက်သေးဘူး။ ကျွန်တော်ငါးဖမ်းတာ မြင်လို့ အိမ်ကို ဝင်တိုင်သွားတဲ့သူက ငါးယောက်လောက် ရှိနေပြီ။ တစ်ချို့ဆို စက်ဘီးနဲ့ ဖြတ်သွားရင်း ဆင်းပြီးတောင် ရိုက်သွားတာ… ရိုက်ပြီးတာနဲ့ အိမ်ကိုလည်း သွားတိုင်ခဲ့သေးတယ်။ “ခင်ဗျားသား လမ်းဘေးမှာ ငါးဆင်းဖမ်း နေတာတွေ့လို့ ကျွန်တော် ဆင်းပြီး ငါးချက်လောက် ရိုက်ခဲ့တယ်” တဲ့။

ကျွန်တော့် မိဘတွေကလည်း “ဟုတ်လား၊ နောက်… မြင်ရင် ရိုက်သာရိုက်…။ အဲလိုပဲ ကျောင်းဆင်းတာတောင် အိမ်ကို တန်းတန်းမတ်မတ် မပြန်ချင်ဘူး။ ဖားနှိုက် ငါးနှိုက်က လုပ်ချင်သေးတာ…” အဲလို ပြန်ပြောတာ။ သူတို့ကလည်း သူများ သား/သမီး မဟုတ်တာတွေ့ရင် ပြောဖို့ ၊ ရိုက်ဖို့ ဝန်မလေးဘူး။ အခု နောက်ပိုင်းမှာ အဲလို အကျင့်စရိုက်လေးတွေ မရှိတော့ဘူး။ ငါနဲ့ မဆိုင်ပါဘူး၊ တော်ကြာ သူ့မိဘတွေက ကြိုက်ချင်မှ ကြိုက်မှာ ဆိုတာတွေ ဖြစ်လာတယ်။ အဲဒါကကွာ တောကျတာပါလို့ ပြောချင် ပြောပါ၊ ဒါပေမယ့် ကျွန်တော့်တို့ မြို့ကလေးကို အဲလို တောကျနေစေချင်တယ်။

ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီး အမှတ်တရ ဖြစ်စရာ၊ သတိရစရာ ကောင်းတဲ့ အကြောင်းအရာတွေထဲက တစ်ခုဟာ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ပါပဲ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကျောင်းသားတွေ လက်ဖက်ရည်ဆိုင် ထိုင်တာကို သိပ်ပြီး သဘောမကျတဲ့ ကာလမှာ ကိုးတန်းနှစ် နွေရာသီကစပြီး ကျွန်တော် လက်ဖက်ရည်ဆိုင် စထိုင်ဖြစ်ခဲ့တယ်။ ကျွန်တော် စထိုင်ဖြစ်ခဲ့တဲ့ ဆိုင်က “ငြိမ့်” ပါ၊ အခုတော့ မရှိတော့ပါဘူး။ အရင်ကတော့ မြို့မစျေး အနောက်ဘက်၊ သစ်တောဝင်းနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ခဲ့ပါတယ်။ ဒီတစ်ခေါက် ပြန်တော့ အဲဒီနေရာမှာ မြေကွက်လပ် တစ်ခုကိုသာ တွေ့ရပါတော့တယ်။

Nyeint Cafe

ကျွန်တော်တို့ရဲ့ တစ်ချိန်က ကွန်းခိုရာ၊ စိတ်အပန်းဖြေရာ၊ အနာဂတ်ကို ဆွေးနွေးတိုင်ပင်ရာ၊ ကဗျာတွေ အကြောင်းကို ငြင်းခုံရာ နေရာလေးဟာ အခုအခါမှာ မြက်တောထလို့ နေခဲ့ပါပြီ။ တစ်ချိန်က ဒီနေရာလေးမှာ လူငယ်တွေ တရုံးရုံးနဲ့ အရမ်း စည်ခဲ့တာပေါ့ကွာ လို့ ပြောရင် ဒီနေ့ ကျောင်းသား လူငယ်တွေက သေချာပေါက် သံသယ ဝင်ကြမှာပါ။

အဲဒီအချိန်တုန်းက လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာကို လူကြီးတစ်ချို့က အချိန်ဖြုန်းခြင်း သက်သက်လို့ အပြစ်မြင်ခဲ့ ကြပါတယ်။ သူတို့လည်း ထိုင်ပြီး ကျွန်တော်တို့ကို အပြစ်မြင်တယ် ဆိုတာက ကျွန်တော်တို့က အချိန်အကြာကြီး ထိုင်နေကြတာမျိုး မို့ပါ။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ အချိန်ဖြုန်း ဖြစ်ခဲ့တယ် ဆိုရင်တောင် အချိန်ဖြုန်းတာချည်း သက်သက်တော့ မဟုတ်ခဲ့ပါဘူး ဆိုတာကိုပါပဲ။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ရင်ဖွင့်တယ်၊ ကိုယ့်အယူအဆကို ပြောတယ်၊ နောင် အနာဂတ်မှာ ကိုယ်ဖြစ်ချင်တာကို ပြောတယ်၊ ဝါသနာတူ သူငယ်ချင်းတွေနဲ့ ဝါသနာနဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ စာအုပ်တွေအကြောင်း ပြောဖြစ်ခဲ့တယ်။

လက်ဖက်ရည်ဆိုင်ဟာ အဲဒီအချိန်က ကျွန်တော်တို့အတွက် “ဆုံရပ်” တစ်ခုပဲ၊ လူငယ်တွေ တစ်စုတစ်ဝေးတည်း ဆုံတွေနိုင်တဲ့ နေရာလေး တစ်ခုပဲ။ တစ်ခုတော့ ရှိတာပေါ့၊ ဂျိုကုပ်ရှိရာ ဂျိုထောင် မလာသလို တူရာ တူရာ လူငယ်တွေပဲ စကားဝိုင်းဖွဲ့ ကြမှာပါ။ ကျွန်တော်တို့အတွက် အဲဒီအချိန်က လိုအပ်ချက်ဟာ လက်ဖက်ရည် တစ်ခွက် ဆိုတာထက် အချင်းချင်း ဆုံတွေ့လို့ရမယ့် ဆုံရပ်တစ်ခု ဆိုတာကို ပိုပြီး အလေးပေးတယ်လို့ ထင်ပါ တယ်။

နောက်ပြီး… အဲဒီအချိန်တုန်းက ယင်းမာပင်မြို့မှာ ကိုးတန်း၊ ဆယ်တန်း လူငယ်တွေအတွက် စိတ်ဝင်စားစရာ ဟာ တော်တော်လေး နည်းလွန်းတယ်။ ကျောင်းစာ ကျူရှင်ဝိုင်းက လွဲပြီး ဘာသင်တန်းမှ မရှိဘူး (ကျွန်တော်တို့ အချိန်က ကျူရှင်ဝိုင်း ဆိုတာဟာ အခု ဘော်ဒါဆောင် တွေလို မဟုတ်သေးပါဘူး)၊ အင်တာနက်ဆိုင် မရှိဘူး၊ စာကြည့်တိုက် မရှိဘူး။ သက်တူရွယ်တူ လူငယ်တွေ အချင်းချင်း ဆုံချင်ရင် ဆုံတွေ့နိုင်မယ့် နေရာမျိုး မဖန်တီးပေးနိုင်ဘူး (ခုထိလည်း လိုအပ်နေဆဲလို့ ထင်တယ်၊ ကိုဟိန်းတို့ ပရဟိတ အဖွဲ့လေးပဲ တိုးတက်မှုအနေနဲ့ မြင်တယ်)။ လမ်းပန်း ဆက်သွယ်ရေးကလည်း ခုလို မကောင်းသေးဘူး။ ဒီတော့ လူငယ်တွေ အားလုံး လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုထဲကို အတင်း ခေါင်းထိုးဝင်လိုက်တော့ တာပါပဲ၊ အခု ကျွန်တော့်ရေးနေတဲ့ ဒီအက်ဆေးလေးကလည်း တစ်ချိန်က ယင်းမာပင်မြို့ကလေးရဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုထဲမှာ တိုးဝင် ခိုလုံခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ အမှတ်တရ စာတမ်းလေး တစ်ခုပါ။ ကျွန်တော်နဲ့ သက်တူရွယ်တူ သူငယ်ချင်း တွေလည်း ပြန်လည် အမှတ်ရ လွှမ်းဆွတ်နေမိကြမယ်လို့ ယုံကြည်မိပါတယ်။

ကိုးတန်းနှစ်မှာ ကျွန်တော် မုံရွာကနေ ယင်းမာပင်ကို ပြန်လာဖြစ်ပါတယ်၊ ကျွန်တော့်အိမ်နားကို ပြောင်းလာတဲ့ ကျော်ခိုင်နဲ့ ပြန်တွဲသလို ကဗျာကို စပြီး ရေးဖြစ်ပါတယ်။ ကျောင်းမှာတော့ “ယင်းမာချစ်သူ” ကလောင်နာမည် ယူထားတတ်တဲ့ ဇော်မျိုးထက် တို့ အဖွဲ့တွေနဲ့ တွဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုးတန်းနှစ်ထိ ကျွန်တော့်အတွက် လက်ဖက်ရည်ဆိုင် ဆိုတာ ကိုယ်နဲ့ မဆိုင်သေးတဲ့ စကားလုံးပါ။ အိမ်က ခွင့်မပြုလို့ မဟုတ်ပါဘူး၊ ကျွန်တော် ကိုယ်တိုင်ကိုက မသွားချင်ခဲ့တာပါ။

ငယ်ငယ်တုန်းကတော့ (ခြောက်နှစ်သားလောက် ကပါ) အဘိုးနဲ့အတူ ယင်းမာပင်မြို့မစျေးလယ်ခေါင်မှာ ရှိတဲ့ သ/မ သက်သာဆိုင်မှာ မနက်ခင်းတိုင်း လိုက်ပြီး ကော်ဖီသောက်လေ့ ရှိပါတယ်။ သက်သာဆိုင် ပိတ်သွားတော့ “စရီဇာ” ဆိုင်မှာ သွားသောက်တယ်၊ အဲဒီတုန်းက “စရီဇာ” က အခု နေရာမှာ မဟုတ်သေးပါဘူး၊ ဘောလုံးကွင်း ​ထောင့်နား (အခု ဝင်းသူဇာ စတိုးဆိုင် နေရာ) မှာပါ။ ဒါပေမယ့် အဘိုးနဲ့အတူ သွားသောက်တာပါ။ ကျွန်တော်က မြေးဦးလည်း မြေးဦးမို့ အဘိုးရဲ့ တောင်ဝှေးလို နေခဲ့ရတယ်။ လက်ဖက်ရည်ဆိုင် ဆိုတာကို တစ်တန်း ကျောင်းသား ဘဝကတည်းက စထိုင်ခဲ့သလို ကွမ်းယာကိုလည်း တစ်တန်းကျောင်းသား ဘဝကတည်းက စပြီး စားခဲ့ပါတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ပေမယ့် ကျွန်တော်ကတော့ ကော်ဖီပဲ သောက်လေ့ရှိပြီး အဘိုးကတော့ လက်ဖက်ရည် တိုင်ကီ တစ်ခွက်လို့ ခေါ်တဲ့ လက်ဖက်ရည်တွေ အများကြီးထည့်ထားတဲ့ ခွက်မျိုးကိုပဲ အမြဲမှာလေ့ ရှိတယ်။

အဲဒီ အချိန်က အဘိုးသောက်တဲ့ပုံကို ကျွန်တော် ခုထိ မှတ်မိနေသေးတယ်။ တိုင်ကီခွက်ကြီး ရောက်လာတာနဲ့ အောက်ခံ ပန်းကန်ပြားလေးထဲကို နည်းနည်းချင်း ပြန်ငှဲ့ပြီး ထည့်တယ်… ပြီးမှ အောက်ခံ ပန်းကန်ပြားလေးနဲ့ သောက်တယ်။ ဒါပေမယ့် အိမ်မှာ သောက်ရင်တော့ အဘိုးက ခွက်နဲ့ပဲ မော့သောက်ပြန်ပါတယ်။ ဘာလို့ပါလိမ့်…. လက်ဖက်ရည်ဆိုင်မှာ သောက်ရင် အဲလို သောက်ရတာလို့ ထင်မိတယ်။ ဒါကြောင့် အဘိုးနဲ့ အတူသောက်တိုင်း ကျွန်တော်လည်း သူတို့လို အောက်ခံ ပန်းကန်ပြားလေးထဲ ပြန်ငှဲ့ပြီး လိုက်သောက်ခဲ့တာချည်းပါပဲ။ ဒါက အဘိုးတို့ခေတ်က လက်ဖက်ရည်သောက်တဲ့ စတိုင်တစ်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အပူသက်သာအောင် လုပ်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ခုချိန်မှာ ပြန်တွေးမိတယ်။

ဒါပေမယ့် အဘိုးတို့ လက်ဖက်ရည်သောက်တာက အပြေးအလွှား ဆန်လွန်းပါတယ်၊ ဆိုင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်တွေ့လည်း နှုတ်ဆက်စကားလောက်က လွဲရင် အခြားကိစ္စတွေ သိပ်မပြောဘူး။ ခပ်မြန်မြန်သောက်၊ စားစရာရှိတာ စား… ပြီးရင် ထပြန်တော့တာပါပဲ။

ကွမ်းယာကို တစ်တန်းကျောင်းသား ဘဝကတည်းက စပြီး စားတတ်ပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်လို့မှန်း မသိဘူး… မစားဖြစ်တော့ဘူး၊ ဖြစ်နိုင်တာက ကျွန်တော့်အဘိုး ကွမ်းဖြတ်လိုက်လို့ ဖြစ်မယ် ထင်တယ်။ ကျွန်တော် မှတ်မိသလောက် အဲဒီတုန်းက တစ်ကျပ်ဖိုးဆိုရင် ကွမ်းယာ (၅)ယာ ရတယ်၊ အဘိုးက (၃)ယာ ကျွန်တော်က (၂) ယာ အဲလို စားကြတာပါ။ ကျွန်တော်တို့ မြေးအဘိုး အကြိုက်ဆုံး ဆိုင်က “ဖက်တီး” ကွမ်းယာဆိုင်၊ “မချိုဆိုင်” လို့လည်း ခေါ်ကြတယ်။ ဆိုင်နေရာက အခု လက်ရှိ “စိန်” စတိုးဆိုင် နေရာမှာပါ။ ကျွန်တော် ထင်တယ်ဗျာ… အဲဒီတုန်းက ကွမ်းယာဆိုင်တွေမှာ ထည့်တဲ့ အဆာပလာတွေက ဒီနေ့ခေတ် ဆိုင်တွေထက် များတယ်၊ ဘာတွေမှန်းကို မသိတာ… အများကြီးဘဲ။ ကွမ်းယာ တစ်ယာဖြစ်ဖို့ ထည့်တဲ့ဘူးပေါင်း (၁၀) ဘူးလောက် အနည်းဆုံး ရှိလိမ့်မယ်။ အခုလည်းပဲ သူငယ်ချင်းတွေနဲ့ ဆုံလို့ သူတို့စိတ်ကျေနပ်အောင် ကွမ်းယာ ပြန်ဝါးဖြစ်တာတွေ ရှိပါတယ်၊ ဒါပေမယ့် အဘိုးနဲ့ အတူဝါးခဲ့ရတဲ့ ကွမ်းယာကိုတော့ လုံးဝ မမီတော့ဘူး။

အဲလို အဘိုးနဲ့အတူ ကွမ်းယာဝါး၊ လက်ဖက်ရည်ဆိုင်ထိုင်လေ့ ရှိခဲ့ပေမယ့် တကယ်တမ်း ကျောင်းသားဘဝ ရောက်လာချိန်မှာတော့ ငါးတန်းနှစ်ကနေ ကိုးတန်းနှစ်ထိ တစ်ခုမှ ဆက်မလုပ်ဖြစ်တော့ပါဘူး။ ကိုးတန်း ဆယ်တန်းမှာ သူများတွေ ကွမ်းစားလာကြတော့လည်း လိုက်မစားဖြစ်ဘူး၊ တော်လို့တော့ မထင်ပါနဲ့… တစ်တန်းကျောင်းသား ဘဝကတည်းက ကွမ်းမူးပြီး ကျောင်းမှာ အန်နေခဲ့ ဖူးပြီးသားကိုးဗျ။ တကယ်က ကွမ်းမူးတာဟာ အရက်မူး တာထက်ကို ဆိုးပါတယ်…၊ အစာတွေအန်… အစာကုန်တော့လည်း လေတွေအန်နဲ့ အတော်လေး အခံရဆိုးတယ်။ အရက်မူးတာကမှ အစာလောက် အန်လိုက်ရင် တော်တော် သက်သာသွားပါ သေးတယ်။

ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်ဟာ ကျွန်တော်နဲ့ နောက်တစ်ကြိမ် ပတ်သက်ဖို့ ဖြစ်လာပြန်ပါတယ်။ အဓိကတရားခံ ကတော့ အလင်းနစ် ပါပဲ၊ သူကို ဖမ်းမိဖို့အတွက် လက်ဖက်ရည်ဆိုင်က မီးပွိုင့်လို အဓိကကျတဲ့ နေရာတစ်ခု ဖြစ်နေတာကြောင့် ပါပဲ။ သူ့ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်လိုက်တာက သံတံတားကြီးပေါ် သွားရှာ နေတာထက် ပိုသေချာပါတယ်။ နောက်ပြီး ကိုမျိုးသက်နှစ် တို့နဲ့လည်း ဆုံနိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်၊ သူကလည်း ယင်းမာပင်ကို ပြန်ရောက်တာနဲ့ ဆိုင်ကို ပေါက်ချ လာတော့တာပါပဲ (အဲဒီ အချိန်က မုံရွာမှာ GTC ဒုတိယနှစ် တက်နေတာ ထင်တာပဲ)။ သူ့အိမ်မှာ သွားရှာတာထက် ပိုသေချာပါတယ်။ နောက်… ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းကြီး ကျော်ခိုင်ကလည်း လက်ဖက်ရည်ဆိုင် ထိုင်ဖို့ စိတ်တူကိုယ်တူ ဖြစ်နေတတ်ပြန် ပါတယ်။

အဲဒီလို အကြောင်းများစွာ ဆုံသွားတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ ညဦးပိုင်း အချိန်တွေဟာ လက်ဖက်ရည်ဆိုင်မှာပဲ ကုန်ဆုံးဖို့ ဖြစ်လာပါ တော့တယ်။ မှတ်မှတ်ရရ… ကိုးတန်းနှစ် စာမေးပွဲတွေ ဖြေပြီးနောက် နွေရာသီ ကျောင်းပိတ်ချိန်မှာတော့ လက်ဖက်ရည်ဆိုင်ကို စတင်ခြေချခဲ့ ကြပါတယ်။ ပထမတော့ နည်းနည်း ကြောင်တောင်တောင် နိုင်သလို ခံစားရပေမယ့် နောက်ပိုင်းမှာတော့ နွေရာသီတစ်ခုလုံးဟာ ကိုမျိုးသက်နှစ်၊ အလင်းနစ်၊ ကျော်ခိုင်တို့နဲ့ “ငြိမ့်” လက်ဖက်ရည်ဆိုင်မှာ အမြဲလိုလို ထိုင်ဖြစ်တဲ့ ကာလပါပဲ။

လက်ဖက်ရည်ဆိုင်ကို စပြီး ခေါ်သွားသူက အလင်းနစ်ဆိုပေမယ့် တကယ်တမ်း နောက်ပိုင်းမှာ အတွဲညီညီ ချီတက်ဖော်က ကျော်ခိုင် ပါ။ သူနဲ့ပဲ အများဆုံး ထိုင်ဖြစ်တယ်၊ ကျူရှင်လည်းတူ အိမ်ကလည်း ကပ်လျက် ဆိုတော့ အတော်လေး တက်ညီလက်ညီ သွားဖြစ်ခဲ့တယ်။

အဲဒီ အချိန်တုန်းက ယင်းမာပင်တစ်မြို့လုံးမှာ ညပိုင်းဖွင့်တဲ့ လက်ဖက်ရည်ဆိုင်က ရှားရှားပါးပါး “ငြိမ့်” တစ်ခုတည်း လူစည်ခဲ့တာပါ၊ “စရီဇာ”၊ “မြရည်နန္ဒာ” တို့လည်း ညပိုင်းမှာ ဖွင့်သေးတယ်လို့ အလင်းနစ်က ပြောပေမယ့် နည်းနည်း လှမ်းတာရယ်၊ လူမစည်လှတာရယ်ကြောင့် ကျွန်တော် မထိုင်ဖြစ်ပါဘူး။ ညပိုင်းဆိုရင် “ငြိမ်”ဟာ customer အားလုံးကို သိမ်းပိုက်ထားတဲ့ လက်ဖက်ရည်ဆိုင် တစ်ခုပါပဲ၊ ပြီးတော့ အခြား လက်ဖက်ရည်ဆိုင်တွေ ဆိုတာကလည်း အခုလို မပေါသေးပါဘူး။ ရွာသာ၊ နှောရိုး စတဲ့ ရွာတွေက လူငယ်တွေထိ ချီတက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဆိုင်လေးပါ။

“ငြိမ့်”ဟာ ညပိုင်းမှာ လူငယ်တွေအတွက် သီးသန့် ရည်ရွယ်ထားတယ်လို့ ထင်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးတွေ လာထိုင်ရင်လည်း ညဦးပိုင်း (၆:၃၀) လောက်ထိပဲ ထိုင်ကြတာ များပါတယ်။ လူကြီးတွေ ဆိုပေမယ့် အခုလို မိန်းကလေးတွေ သိပ်မရှိလှပါဘူး၊ အမျိုးသားတွေချည်း လာထိုင်ပါတယ်။ ပြောရရင် ကျွန်တော်တို့ ဆယ်တန်းနှစ်လောက် ကျမှ လက်ဖက်ရည်ဆိုင်မှာ မိန်းကလေးတွေကို သိသိသာသာ စမြင်ရတာပါ။ “ငြိမ့်” ရဲ့ ဆိုင်ပိတ်ချိန်က (၉:၃၀) နဲ့ (၁၀:၀၀) ဝန်းကျင်လောက်မှာ ဖြစ်တတ်ပါတယ်၊ အတိအကျတော့ မရှိပါဘူး။ ထိုင်တဲ့သူရှိရင် ရှိသလောက် ဖွင့်ပေးထားတာမျိုးပါ။ ဆိုင်ပိတ်ချိန်ထိ ထိုင်နေတတ်တာကတော့ လူငယ်တွေပဲ များပါတယ်။

“ငြိမ်” ဟာ အခြားလူငယ်တွေအတွက် ဘယ်လို ရှိမလဲ သေချာမသိပေမယ့် ကျွန်တော့်အတွက်တော့ ကဗျာထဲမှာ အမြဲပါလာတတ်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကဗျာထဲက ကော်ဖီဆိုင် ဆိုရင်လည်း အဲဒါဟာ “ငြိမ့်” ဖြစ်ဖို့ပဲ များပါလိမ့်မယ်။ ယင်းမာပင်မြို့ကို ပြန်ချင်တဲ့ စိတ်တွေ ပြင်းထန်စဉ်က ရေးခဲ့ဖူးတဲ့ “အိပ်တန်းပြန်” ကဗျာထဲမှ “အကြိုက်မတူတဲ့ သီချင်းတွေ သောက်နေတတ်တဲ့ ကော်ဖီဆိုင်လေးလည်း ရှိမယ်” ဆိုတာဟာ “ငြိမ့်” ပါပဲ။ (အဲဒီ ကဗျာကို Video အဖြစ် ပြောင်းတဲ့ အချိန်မှာတော့ “ငြိမ့်” ဟာ ပိတ်သွား ခဲ့ပါပြီ။ ဒါကြောင့် နောက်ပိုင်းမှ ကျွန်တော်တို့ ပြောင်းထိုင်ဖြစ်တဲ့ “ကောင်းစေ” နဲ့ အစားထိုး လိုက်တာပါ။)“ရယ်ရငိုရတဲ့ ကောင်တွေ” ကဗျာမှာလည်း အရိပ်လို ကပ်ပြီး လိုက်ပါနေတာဟာ “ငြိမ့်” ပါပဲ။

ဆယ်တန်းနှစ်မှာလည်း ကျောင်းနဲ့ ကျူရှင်ဝိုင်း တွေမှာ ဇော်မျိုးထက်၊ ကျော်ခိုင် တို့နဲ့ တွဲဖြစ်သလို ညဦးပိုင်း (၆:၀၀) ကနေ (၆:၃၀) အထိ “ငြိမ့်” မှာ အလင်းနစ်၊ ကိုမျိုးသက်နှစ် တို့နဲ့လည်း ဆုံမြဲပါပဲ။ ရယ်ရတယ်ဗျ… အဲဒီအချိန်တုန်းက ပိုက်ဆံ (၃၅)ကျပ်ဆိုရင် ကော်ဖီနှစ်ခွက် မုန့်တစ်ပွဲ (အကြွပ်ကြော် လို့ခေါ်တယ်၊ အမှန်က ပလာတာကို ကြွပ်အောင်ကြော်ပြီး ပဲဆမ်းပေးထားတာပါ) ရသေးတယ်။ ကျွန်တော်နဲ့ အမြဲ အတွဲညီတဲ့ကောင် ကတော့ ကျော်ခိုင်ပဲ၊ တစ်ခါတစ်လေ… နှစ်ယောက်သား ပိုက်ဆံက မရှိဘူး။ မရှိလည်း ငြိမ့်မှာ သွားထိုင်တာပဲ၊ ကော်ဖီတွေမှာပြီး နှင်းဆီဖြူရဲ့ အဖေကို စောင့်ကြတယ်။ အဲ… နှင်းဆီဖြူ အဖေ လာတာနဲ့ နှစ်ယောက်သား ကော်ဖီခွက်လေးတွေ ကိုင်ပြီး သူ့ အဖေထိုင်တဲ့ စားပွဲဝိုင်းကို ပြောင်းထိုင်ကြတော့ တာပဲ။ သူ့အဖေက လက်ဖက်ရည်ဆိုင် ထိုင်ရင် ခဏပဲ၊ ငါးမိနစ်တောင် ပြည့်အောင် မထိုင်ဘူး။ ကျွန်တော်တို့ နှစ်ယောက် ကော်ဖီခွက်လေးတွေ ကိုင်ပြီး ဝိုင်းပြောင်းလာတာနဲ့ သူ့အဖေက “အေး… လာ… လာ… မင်းတို့ စာရော ကြည့်ဖြစ်ကြရဲ့လား။ စားကြိုးစားကြကွာ….” အစရှိတဲ့ စာကြိုးစားဖို့ အကြောင်းတွေ ပြောလေ့ရှိတယ်၊ ပြီးရင် ကျွန်တော့်တို့ ကော်ဖီခွက်တွေ အတွက်ပါ ရှင်းပေးပြီး ထသွားတော့ တာပဲ။

နှင်းဆီဖြူ အဖေရဲ့ လက်ဖက်ရည်သောက်နည်းကလည်း ကျွန်တော့်အဘိုးတို့ သောက်နည်းအတိုင်းပဲဗျ၊ အောက်ခံ ပန်းကန်ပြားလေးထဲကို ငှဲ့ပြီး သောက်လေ့ရှိတယ်။ အင်း… အခုတော့ သူလည်း ဆုံးပါးသွားပါပြီ၊ ဒါပေမယ့် နှင်းဆီဖြူနဲ့ စကားစပ်မိတိုင်း “ငါနဲ့ ကျော်ခိုင် လက်ဖက်ရည်ဆိုင် အတူ ထိုင်ဖြစ်တိုင်း သတိရမိတဲ့သူက နင့်အဖေပဲ” လို့ အမြဲပြောမိတယ်။ အခု ရေးနေရင်းနဲ့ တကယ်ကို သတိရမိတယ်…. “ငြိမ့်” မှာ ပိုက်ဆံ မရှိဘဲ ထိုင်ဖြစ်တဲ့ ညတွေကို….၊ နောက်… “ငြိမ့်” မှာ လာထိုင်တတ်ကြတဲ့ သူတွေ အားလုံးလိုလို ကိုလည်း….

Nyeint Cafe