လွမ်းမောဖွယ် သင်္ကြန်နေ့ရက်များ

2
177
မပြောင်းလဲသေးတဲ့ မြို့ကလေး
တမာပင်တွေပေါတဲ့ ယင်းမာပင်ဆိုတဲ့ ဇာတိမြို့လေးနဲ့ ဝေးကွာခဲ့တာ နှစ်နှစ်လောက်ရှိခဲ့ပေမယ့် မနေ့တစ်နေ့ကလိုပါပဲ
မြို့လေးကတော့ မပြောင်းလဲသေးဘဲ တမာနံ့လေးနဲ့ ကြိုဆိုလျက်ပါပဲ။ ကားတွေသွားတိုင်း ယိမ်းကတတ်တဲ့
ဒုတိယကမ္ဘာစစ်လက်ကျန် သံတံတားလေးတစ်စင်းရယ်၊ ဟိုးငယ်ငယ်လေးကတည်းက ကလေးမှန်ရင်
လက်ရည်သွေးကြတဲ့ သရက်သီးအကင်းတွေဝေနေတဲ့ သရက်ပင်ကြီးရယ်၊ မိုးရွားတိုင်း ဗွတ်ထတတ်တဲ့
မြေနီလမ်းလေးရယ်၊ မိုးလေကျမယ်ပြင်တိုင်း မီးပျက်တတ်တာလေးတွေရယ်က မပြောင်းမလဲဘဲ ရှိနေဆဲပါ။ ဒီလိုနဲ့ပဲ
ဇာတိမြို့လေးဟာ ကျွန်တော့်ရဲ့ အိမ်လွမ်းစိတ်တွေကို သံပတ်တင်းတတ်ပြန်ပါရဲ့။
အနည်းငယ်အပြောင်းအလဲ
ထင်ရှားတာတော့ ကွမ်းယာဆိုင်တွေ၊လက်ဖက်ရည်ဆိုင်တွေ ပိုပြီးပေါလာတဲ့ ဒီမြို့ငယ်လေးမှာ စားသုံးသူတွေကတော့
ဒီလူတွေ ချည်းပါဘဲ။ မနက်ခင်းမှာ ဒီလူကိုဒီဆိုင်မှာ တွေ့လိုက်တယ်ဆိုရင်၊ ညနေဆို တခြားဆိုင်မှာ
တွေ့လိုက်တော့လည်း ဒီလူတွေပါပဲ။ ဈေးကွက်စီးပွားရေးခေတ်ယင်းမာပင်မြို့က မြို့ခံတွေဟာ စီးပွားရေးအမြင်တွေ
ပဲပွင့်လာကြသလား ဒါမှမဟုတ် စီ:ပွားရေးပဲသောင်းကျန်းလာကြသလား သေချာမသိပေမယ့်
သေချာခြင်းတစ်ခုကတော့ အရင်ကလို ဖြူစင်စွာ ကျေနပ်ရောင့်ရဲတတ်မှုတွေ ပါးလျားကုန်ကြပြီ။ သူငယ်ချင်းတွေကို
အခါတွင်းမို့ အေးအေးဆေးဆေး ဆုံဖြစ်ကြမယ်မှတ်ထားခဲ့တာ ခေတ်မီစတိုးဆိုင်ပိုင်ရှင်တွေနဲ့ အခါတွင်းမှာတောင်
မနားနိုင်တဲ့ စီးပွားရေးသမားတွေကိုပဲ လိုက်တွေ့ခဲ့ရတယ်။

 

 

ဆက်သွယ်ရေးနဲ့ပက်သက်ပြီးတိုးတက်လာတယ်။ အခုဆိုရင် ရန်ကုန်တိုက်ရိုက်ပြေးဆဲတဲ့ မိုးကောင်းကင်နဲ့
ရွှေစင်စင်္ကြာ ဆိုပြီးကားလိုင်းနှစ်လိုင်းရှိပါပြီ။ တန်ဖိုးနည်း နှစ်သိန်းတန် ဖုန်းတွေအတွက်လည်း GSM Tower
တိုင်ကို တပ်ဆင်လျက်ရှိပါပြီ။ နောက်ဆိုရင်တော့ R1 မှာ ဖုန်းသွားပြောရတဲ့ ဒုက္ခမှ ကင်းဝေးတော့မှာ ဖြစ်ပါတယ်။

 

 

ဒါကတော့ သူငယ်ချင်းတစ်ယောက် ကြိုးစားပမ်စား ဖုန်းဆက်နေတာ ဖြစ်ပါတယ်။
သင်္ကြန်အကြိုနေ့
မနက်ခင်းပိုင်းမှာ ပြန်လှည့်ဘကြီးပွဲကို ရောက်ဖြစ်တယ်ဗျ။ ပွဲတော်က စခါစမို့ ဆိုင်တွေတောင် အကုန်အစုံ
မခင်းကြသေးဘူး။ ပြန်လှည့် ရွာတောင် အတော်ပြောင်းလဲသွားပြီ။ အရင်ကသက်ကယ်နဲ့ ဝါးကပ်မိုးအိမ်တွေမှာ
မော်ဒန်သွပ်မိုးအပြာလေးတွေကို လွှမ်းခြုံလို့။

 

 

ညနေခင်းတော့ ယင်းမာပင်မြို့ရဲ့ သင်္ကြန်အကြိုနေ့ကို သူငယ်ချင်းတွေနဲ့
လျှောက်လည်ဖြစ်တယ်။  ရေပက်မခံရဘဲ တစ်ကိုယ်လုံးကို ရေတွေ စိုလို့။။ ညနေမှာ ရွာတဲ့ သင်္ကြန်မိုးကြောင့်ပါ။
ဇာတိမြို့လေးက အိမ်လွမ်းစိတ်ကို ကျောပိုးအိတ်ထဲထည့်ပြီး ပြန်လာခဲ့တဲ့ မြို့ခံဧည့်သည်တစ်ယောက်ကို
အေးချမ်းစေချင်ပုံပါပဲ။
သင်္ကြန်အကျနေ့
ဒီနေ့တော့ သူငယ်ချင်းမိသားစုနဲ့ ပန်းပိတုန်းရွာကိုလိုက်သွားဖြစ်တယ်။ ယင်းမာပင်သင်္ကြန်က ရွာတွေမှာ
ပိုစည်တယ်လို့ ပြောရမလို ဖြစ်နေပြီ။ ရွာတိုင်းရွာတိုင်းမှာ မဏ္ဍပ်တစ်ခုတော့ ရှိကြတယ်။ တရွာလုံး အဲဒီမှာစုပြီး
ရေကစားကြတယ်။ နေ့ခင်းဖက်ဆိုရင် မုန့်တွေဘာတွေလုပ်စားပြီး ညနေဖက် ရေကစားကြပြန်တယ်။
ရွာတွေထဲမှာတော့ ရင်ပေါင်တိုင်ရွာက အစည်ဆုံးဘဲ။

 

 

ပန်းပိတုန်းကို ယင်းမာပင်ကနေ နာရီဝက်လောက်တော့ ဆိုင်ကယ်စီးရတယ်။ ကျေးရွာဆိုပေမဲ့
စာကြည့်တိုက်လေးကိုလည်း တွေ့ခဲ့တယ်ဗျာ။ အုတ်တိုက် စာကြည့်တိုက်လေးပါ။

 

 

ပန်းပိတုန်းရွာ ဘုန်ကြီးကျောင်းထဲက ကျောင်းသားလေးတွေပါ။
သင်္ကြန်အကြတ်နေ့(ပထမနေ့)
အစကတော့ ယင်းမာပင်မြို့ရဲ့ စတုဒီသာတွေ လှည့်စားကြမလို့ပါ။ ကံကောင်းချင်တော့ လက်ဖက်ရည်ဆိုင်သွားမယ့်
သူငယ်ချင်းနဲ့ တွေ့လို့ လမ်းမှာတင် စတုဒီသာ တွေ့သွားတယ်။ လက်ဖက်ရည်ဆိုင်ကနေ မုံရွာကို သွားဖြစ်ကြတယ်။
သူငယ်ချင်းတွေရဲ့မိဘတွေကတော့ မုံရွာကို မသွားစေချင်ကြဘူး။ ဒီနှစ်မုံရွာသင်္ကြန်မှာ လူသေများလို့တဲ့။
ယင်းမာပင်က စထွက်တော့ကို ၉ နာရီလောက်ရှိပြီ။ အထွက်မှာ သူငယ်ချင်းအပျိုကြီးတစ်ယောက်ဆီကနေ ဆရာ၊
ဆရာမတွေငယ်ငယ်တုံးကစာသင်ကြသလို ချော့ကာတစ်မျိုး၊ခြောက်ကာတစ်မျိုး မုန့်ဖိုးတောင်းခဲ့တာ
သတိရသေးတယ်။ သူများတွေ မုံရွာသွားတာ ပိုက်ဆံကုန်များလို့တဲ့။ ကျွန်တော်တို့ တော့ ပိုက်ဆံတောင် ရခဲ့သေး။
တံတားဖက်က သွားတာဆိုတော့ မိုင်းကို ဖြတ်ရတယ်။ အချိန်ကလည်းနေ့လည်ခင်းဆိုတော့ မိုင်းဖက်မှာလည်း
ဘာမှမရှိတော့ဘူး။

 

ဒါပေမဲ့ ကံကောင်းစွာ ထူးဆန်းတဲ့ စတုဒီသာနဲ့ ကြုံခဲ့ရတယ်။ ပုံမှန်အားဖြင့် စတုဒီသာကျွေးရင်
တစ်မျိုးဘဲကျွေးတယ်။ ဒီတစ်ခါတော့ သုံးမျိုးတောင် ကျွေးတာဗျ။ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါးနဲ့ မုန့်လက်ဆောင်
ဆိုတော့ မုံရွာခရီးအတွက်တော့ ရိက္ခာလုံလောက်သွားတာပေါ့။ တမာပင်တွေပေါတဲ့ အညာက ဇာတိမြို့ကလေးမှာ
လျှောက်လည်တာ ဗိုက်ထဲမှာ ရိက္ခာအပြည့်၊ ရင်ထဲမှာ လွမ်းတာအပြည့်နဲ့ လမ်းကြမ်းကြမ်းပေါ်မှာ အရာရာတိုင်းဟာ
နေသားတကျ ပုံမှန်ပြန်ဖြစ်သွားကြရတယ်။
မုံရွာလည်း လူသာသေကြတယ် အရင်လိုမစည်တော့ပါဘူး။ ကမ်းနားလမ်းနဲ့ ဆောက်လုပ်ရေးလမ်းလောက်သာ
စည်တာပါ။ အော်…ရယ်စရာတော့ ကောင်းတယ်။ နယ်မြို့ကလူတွေက မုံရွာကိုလာ၊ မုံရွာကလူတွေက မန္တလေးကို
သွားကြလို့ပါ။ မန္တလေးကလူတွေက………

 

 

သင်္ကြန်အကြတ်နေ့(ဒုတိယနေ့)
သူငယ်ချင်းမိသားစုရဲ့ ဘုန်ကြီးဆွမ်းကပ်ပွဲ ကို လိုက်ပြီး ကူညီဖြစ်တယ်။ ယင်းမာပင်မြို့က
ဘုန်းကြီးကျောင်းတွေတောင် ခေတ်မီလာတယ်။ ဘုန်းကြီးကျောင်းက ကိုယ်ပိုင်ကားတွေနဲ့ ကြွလာကြတယ်။ ညပိုင်းတော့
ယင်းမာပင်မြို့ရဲ့ တစ်ခုတည်းသော (က)ရပ်ကွက်ရဲ့ မိသားစုမဏ္ဍပ်လေးကို အားပေးခဲ့သေးတယ်။ နှစ်တိုင်းလည်း
လုပ်ဖြစ်တယ် ထင်တယ်။ နေ့လည်ဖက်ဆို ကျွန်တော်တို့အကြိုက် စတုဒီသာကျွေးပြီး ညပိုင်းတော့ သင်္ကြန်အကနဲ့
ဧည်ခံလေ့ ရှိတယ်။

 

 

သင်္ကြန်အတက်နေ့
သူငယ်ချင်းတွေစုပြီး ဇောတိကကျောင်းမှာ အလှူလေးပေါင်းပြီး လုပ်ဖြစ်တယ်။ ဒီနှစ်ရော ဆိုရင်တော့
လေးနှစ်လောက်တော့ ရှိပါပြီ။ ဥပုတ်သည်တွေနဲ့၊ စျေးထဲကလူတွေကို ကုသိုလ် လုပ်တာပါ။ အထွေအထူးတော့
မဟုတ်ပါဘူး။

 

လွမ်းစိတ်မပြေ
မြို့ပြဘဝထဲကို ပြန်ရောက်သည်အထိ အသားမကျသေး။ ကိုယ်ကိုကိုယ် အိမ်မက်မက်နေသည်ဟု ထင်နေဆဲ။
Computer သုံးတိုင်း သင်္ကြန်တုန်းက သူငယ်ချင်းတွေရဲ့ ပုံတွေကို ကြည့်လို့ မဝသေး။ ထမင်းစားတိုင်း သင်္ကြန်းတွင်း
တစ်ခုလုံး တစ်လှည်စီကျွေးခဲ့တဲ့ သူငယ်ချင်းအိမ်တွေရဲ့ထမင်းဝိုင်းလေးတွေကို တမ်းတနေဆဲ။

2 COMMENTS

  1. ဆက်ပြီးအားပေးနေပါတယ်။ လက်ရာတွေ တော်တော်တိုးတက်လာပြီပဲ။