ဝက်မှေးရွာမှ ရင်ထဲက စကားသံများ

0
105

အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေ
အတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း
မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလိုဖြစ်သွားမှာ။

အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ပြီးမှ
သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှသတင်းမသုံးရ
ဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ကန်တောက ဘုန်းကြီးတွေ ကိုတော့
သူတို့ပင့်လို့ရတယ်။ ဟိုဘက် ဆည်တဲနဲ့ ဇီးတောကတော့ တစ်ပါးမှ မကြွဘူး။ သူတို့ရွှေ့ခိုင်းတဲ့နေရာတွေကအပြင်ပန်းတော့ အဖြစ်ပေါ့။
တကယ်တန်းတော့ ခရမ်းချဉ်သီးသေတ္တာကမှ ပိုခိုင်ခန့်ဦးမယ်။

ကျုပ်တို့သိထားတာက လူ့အခွင့်အရေးကြေငြာစာတမ်းမှာလေ။ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းက နိုင်ငံတော်အကျိုးစီးပွားအတွက်ဆိုရင်
ပြည်သူတွေက နေရာဖယ်ပေးရမယ်။ ကုမ္မဏီနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား အတွက်ဆို ဖယ်ပေးစရာမလိုဘူး။ ၁၉၇၈ခုနှစ် မြေယာ
တွေ သတ်မှတ်တော့ သတ္တုတွင်း ဝန်ကြီးနဲ့ သစ်တောဝန်ကြီးက မြေတွေတိုင်းပြီး စံပယ်တောင်နဲ့ ကြေးစင်တောင်ကြေးနီသတ္တုတွင်းအတွက်
မြေသတ်မှတ်ပေးခဲ့တာ။ နိုင်ငံအတွက် သိမ်းတာဆိုတာ အားလုံးက ကြည်ကြည်ဖြူဖြူပါပဲ။ အခုဟာကဘာရယ်လို့ကို ဂဃနဏ မသိရဘဲ
အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ လုပ်နေကြလို့ပါ။

ဒီတောင်ကြီးကိုလည်း အဲဒီ ၁၉၇၀-၈၀ ယူဂိုတွေနဲ့ တွဲလုပ်စဉ်အတည်းက လာကြည့်၊ စမ်းသပ်နဲ့ လုပ်နေကြတာ။ အိုင်ဗင်ဟိုးလက်ထက်
မှာလည်းဒီလိုပဲ။ သူတို့လည်း သူတို့အလုပ်လုပ်။ ကျုပ်တို့လည်း ကျုပ်တို့အလုပ်လုပ်ပေါ့။ အားလုံးစည်းကမ်းရှိရှိ၊သေသေဝပ်ဝပ်ပေါ့။ သူ့စည်း၊
ကိုယ့်စည်းနဲ့ပေါ့။ သူတို့တွေ ရောက်လာတဲ့အချိန်ကျမှပဲ အားလုံး ဒုက္ခရောက်ကြတော့တာ။ တစ်ချိန်မှာ ဒီလက်ပံတောင်းတောင်ကြီးကို
ဟိုဘက်က စံပယ်တောင်နဲ့ ကြေးစင်တောင်လိုပဲ ကြေးနီတူးမယ် ဆိုတာ ကျုပ်တို့နယ်က တွက်ပြီးသားပါ။ အခုဟာက ကျုပ်တို့ကိုဘာမှမပြော၊
ဘယ်သူကမှလာအသိမပေးဘဲ ကျုပ်တို့သီးနှံစိုက်ထားတဲ့ မြေတွေပေါ်မှာ ကားတွေဖြတ်တယ်။စက်တွေလာထိုင်တယ်။ ကျုပ်တို့ မေးလည်း
သူတို့ကဗမာလိုလည်း ပြောတတ်တာမဟုတ်။ ထားတော့။ ကျုပ်တို့ မပြောသေးဘူး။ အခုဟာက မြေလာပုံတာဗျ။

ဟိုတလောက ဟိုဘက်သတ္တုတွင်းနားက ရွာသာရွာမှာလည်း မြေပုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်သေးတယ်။ ပြောင်းခင်းစိမ်းစိမ်းစိုစိုကြီး
ထဲကို မြေတွေ လာပုံတာလေ။ သူတို့ အကြီးအကဲနဲ့ ခေါ်ရှင်းတော့ နောက်မပုံစေရပါဘူးဆိုပြီး ညကျ ပြန်ခိုးပုံတယ်။ရွာသားတွေက စုပြီး လိုက်
ရော။ နောက် နိုင်ငံတော်သမ္မတရုံးကလူ လာရှင်းပေးရတယ်။ အဲဒီနောက်ပိုင်း မြေမပုံတော့ဘူး။ ချောင်းဦးက လွှတ်တော် ကိုယ်စားလှယ် ကူညီ
ဖြေရှင်းပေးတာ။ အခု ဒီရွာက လူတွေကျ ကူညီမယ့်လူ မရှိဘူး။ ကိုယ့်ဘာသာ ချနေရတာ။ကိုယ့်ဆားလင်းကြီးက လွှတ်တော်အမတ်က သတ္တု
တွင်းက ညွှန်ကြားရေးမှူးဟောင်းတဲ့။ ဒါပေမယ့် လာလည်းမလာဘူး။ ဘာမှလည်းမလုပ်ဘူး။

တကယ်တန်းတွက်ကြည့်ရင် ဖိုးဝင်းတောင်က မြစ်ဖျားခံလာတဲ့ ချောင်းက လက်ပံတောင်းတောင် ဘေးက ပတ်ပြီး ဒီရွာတွေ ဘေးကနေ
တဆင့် ရွှေလှေတံတားကနေ ချင်းတွင်းမြစ်ဘက်ကို ပွင့်တာ။ မတော်လို့ ဒီစီမံကိန်းများ အကောင်အထည်ပေါ်ခဲ့ပြီး တခုခု ချွတ်ချော်ခဲ့ရင်
ဒီဘက်တစ်ကြောက ရွာတွေအားလုံး မလွတ်ဘူး။ အက်စစ်ရေဖုံးတဲ့မြေဆိုတာ တစ်သက်လုံး အဆုံးပဲ။ ကံကုန်းရွာက လွန်ခဲ့တဲ့ အနှစ်နှစ်
ဆယ်က ဒီလို ကြုံခဲ့ရပြီးပြီ။ နောက်ထပ်ဘယ်ရွာ၊ ဘယ်မြေကိုမှ ထပ်အဖြစ်မခံနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဒီမြေမှာ မြေလာပုံမှာလောက်ကို
တောင်မှပဲ လက်သင့်မခံနိုင်တာ။ ဒီသတ္တုတွင်းမြေ တွေက တစ်ခါပုံလိုက်ပြီးရင် ပြန်ဖော်သုံးလို့လည်း မရတော့ဘူး။ မြေသေဖြစ်သွားတော့တာ။

မီဒီယာတွေကိုလည်း အားကိုးပါတယ်။ ကျုပ်တို့လည်း အားကိုးရှာရတာပေါ့လေ။ ဥပဒေ နားလည် တဲ့ လူကလည်း ဥပဒေပိုင်းပေါ့။ ဒါပေမယ့် ပေါက်ပေါက်မြောက်မြောက် ဖြစ်ဖို့ကတော့ မီဒီယာကို အားပြုရ မှာပဲ။ eleven journal မှာလည်း ဝက်မှေးရွာအကြောင်းကို
ထည့်ပေးဖူးတယ်။ တခြား ပြည်တွင်း၊ ပြင်ပ တချို့အဖွဲ့တွေကလည်း သတင်းတွေ ထည့်ပေးနေတာ ရှိပါတယ်။ ကြိုကြားကြိုကြားပေါ့။
အားလုံးက သတိထားမိစေချင်တာပါ။ အကူအညီတွေရချင်တာပါ။ ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ သိချင်တာပါ။