သတင်းကောင်း၊သတင်းဆိုး

0
138

ကျော်ခိုင်ယင်းမာပင်ရောက်နေလို့သတင်းကောင်း တွေရော၊သတင်းဆိုးတွေပါကြားရတယ်၊ ပထမဆုံး ကြားရတဲ့ သတင်းဆိုးက ဆရာကြီး ဦးပြည့်ဝင်းမောင် ဆုံးပြီ တဲ့နောက်….ဆရာမ ဒေါ်တင်သန်းလည်း ဆရာကြီးနဲ့ တစ်လတည်းမှာပဲ ဆုံးတယ်…တဲ့။ပြီးတော့… ဦးချိုတူးရော….အဲဒီလမှာပဲ….. “ဟင်…တကယ်လား၊ ငါ မသိသေးဘူးလို့ ပဲ ပြန်ပြောနိုင်တယ်။ များတယ်ဟ… အရင်လအတွင်းမှာ ဆုံးတဲ့သူတွေ တော်တော်များတယ်၊ တခြားသူတွေကို နင့်ပြောပြရင်လည်း နင်မသိမှာမို့ ငါမပြောတော့တာ….။ ဘာဖြစ်လို့ အဲလောက်ထိ ဆုံးတဲ့သူတွေ များရတာလဲ၊ ရာသီဥတုပူလို့လားလို့ ပြန်မေးမိတယ်။ မဟုတ်ပါဘူး၊ ဒီလိုပါပဲ… တိုက်ဆိုင်သွားတာလား မသိဘူး။

ဦးချိုတူး ဆုံးသွားတော့ “စိမ်းလန်းသစ်ပင် စာကြည့်တိုက်” ကို အခု ဘယ်သူ ကိုင်နေလဲ…။ “ငါသေချာ မသိဘူး၊ ဦးချစ်တီးတို့ ကိုင်နေတယ် ထင်တယ်။ ဦးသန်းစိုး တို့လည်း အဖွဲ့သစ်ပြန်ဖွဲ့မယ် ပြောနေတယ်””အော်…. အေးအေး၊ ဒါနဲ့ ဟေ့ရောင်။ ကျော်ခိုင်ကို ညနေ ငါးနာရီလောက် ငါ ဖုန်းခေါ်မယ်လို့ ပြောထားလိုက်ပါဦး။ အခု ငါ ဖုန်းချလိုက်တော့မယ်….”

ဆရာကြီး ဦးပြည့်ဝင်းမောင်၊ ဆရာမ ဒေါ်တင်သန်း…. အော်…. မြန်မာစာ ဆရာ/ဆရာမ တွေချည်းပဲ ဆုံးပါးသွား ကြတာပါလားလို့ ကျွန်တော် တွေးနေမိတယ်။ ဆရာကြီး ဦးပြည့်ဝင်းမောင်က ကျွန်တော်တို့ ကိုးတန်းတွင် မြန်မာစာ သင်ပေးသည်၊ ဆရာကြီးရဲ့ လက်တွဲဖော် ဆရာမ ဒေါ်ဌေးတင်က ကျွန်တော့်အခန်း အတန်းပိုင် ဖြစ်သည်။ အရာရာ သည် မနေ့တစ်နေ့ကလိုပင် ပြန်မြင်ယောင်လာ ပြန်သည်။ ကိုးတန်းနှစ်တွင် ကျွန်တော်တို့အဖွဲ့သည် အမြဲတမ်း တစ်မျိုးတစ်မည် ချွန်ထွက်တတ်သောကြောင့် ဆရာကြီးရော၊ ဆရာမပါ ကျွန်တော်တို့နှင့် ရင်းနှီးပါသည်။

ဆရာမ ဒေါ်ဌေးတင် ကိုတော့ အတန်းပိုင်မို့ ရင်းနှီးခြင်းဖြစ်ပြီး၊ ဆရာကြီးကိုတော့ ကျွန်တော်တို့ရဲ့ ကဗျာဝါသနာ ကြောင့် ရင်းနှီးခြင်း ဖြစ်သည်။ ဆရာကြီးက မြန်မာက
ဗျာသင်လျှင် နောက်ခံသမိုင်း အဖြစ်အပျက်ပါ ပြောပြတတ် သည်။ အခြားစာသင်ချိန်များတွင် အချင်းချင်း ပြောင်ကြ၊ နောက်ကျ ရှိတတ်သော်လည်း ဆရာကြီးအချိန်တွင်မူ ကျွန်တော်တို့ ငြိမ်နေသည်က များသည်။ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့ပေါ်တွင် ဆရာကြီးက ဆိုးသည်ဟု မမြင်ပေ၊ ဒါပေမယ့် ဆရာမ ဒေါ်ဌေးတင်ကတော့ အမြဲတမ်း အတိုင်အတန်း ခံနေရသော အတန်းပိုင်းဆရာမ ဖြစ်သောကြောင့်သူ့တပည့်ဆိုးများအကြောင်း သိပါသည်။

အသေအချာ ပြန်တွေးကြည့်လျှင် ကိုးတန်းနှစ်က ကျွန်တော့်တို့၏ အခြေအနေသည် အန္တရာယ်ရှိလှသော အနေအထားဖြစ်သည်။ အရာရာကို သူများလက်ခံတိုင်း လက်မခံဘဲ ကန်လန့်ခံချင်စိတ်
များနေသည်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်၍ သူများကို အလကားနေရင်း လူရာမသွင်းချင်သလို စိတ်ဖြစ်နေသည်။ ဒါပေမယ့် ကျွန်တော်တို့ ကံကောင်းပါသည်၊ အတန်းပိုင်ဆရာမ ဒေါ်ဌေးတင်က အများနှင့် ဆက်ဆံရေးများကို ပဲ့ပြင် ထိန်းကျောင်း ပေးနိုင်ခဲ့သလို ဆရာကြီး ဦးပြည့်ဝင်းမောင်ကလည်း ကျွန်တော်တို့ရဲ့ လေလွင့်ချင်နေသော စိတ်များကိုကဗျာတွင် ကိန်းဝပ်စေရန် ဖန်တီးပေးထားနိုင်ခဲ့သည်။ကျွန်တော် ထင်ပါတယ်၊ ဆရာကြီးနဲ့ ဆရာမတို့ကတော့ ကျွန်တော်တို့မို့ဆိုပြီး သီးသန့်ထား လိုက်ပြုပြင်ပေးလိုက်တာမဟုတ်ပါဘူး။ ဆရာတို့ရဲ့ မေတ္တာစေတနာနဲ့သာ အရင်းတည်ပြီး ဆုံးမပုံသွင်း ပေးလိုက်ကြတာပါ။ ဒါပေမယ့် ကျွန်တော့်တို့အတွက်တော့ အန္တရယ်များတဲ့ လမ်းချိုးတစ်ခုကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။ အော်… ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ဆရာသမားတွေ….. အခု မရှိကြတော့ပါလား….။ ဘာပဲဖြစ်ဖြစ်… ကျွန်တော် ယုံကြည်ပါတယ်၊ ဆရာကြီးကောင်းရာသုဂတိကို လားမယ်ဆိုတာကိုပေါ့….

သတင်းကောင်း

ညနေ ငါးနာရီကျတော့ ကျွန်တော် ကျော်ခိုင်ဆီ ဖုန်းပြန်ခေါ်ဖြစ်သည်၊ ကြားရတဲ့ သတင်းကောင်းတွေကတော့…. “ဟလို…. ကျော်ခိုင်၊ ယောက်ဖ…။ ဘယ်လိုလဲ…. အဆင်ပြေရဲ့လား””ဟေ့ရောင်ရေ…. အဆင်ပြေတယ်၊ ငါတို့ ဒီမှာ လုပ်နေတဲ့ ကိုထွန်း၊ ကိုဟိန်းတို့ ဦးသန်းစိုးတို့နဲ့ ချိတ်မိသွားပြီ။ မင်းသိချင်တဲ့ သတင်းတွေအားလုံး သူတို့လည်း စိတ်ပါလက်ပါနဲ့ ကူရှာပေးနေတယ်။ အစုံပဲ… ဟေရောင်ရေ…. ရွှေဆံပင်တံတား သတင်းတွေကိုပါ ဆရာတော်ဆီကနေ ယူပေးမယ် ပြောတယ်။””အား… ဟေ့ရောင်၊ ကြားရတာ အားရတယ်ကွာ။ လုံးဝ အားရှိသွားပြီ၊ ဒါနဲ့မင်းစာအုပ်တွေရော… စိမ်းလန်းသစ်ပင် ပို့လိုက်ပြီလား””ဦးသန်းစိုးကတော့ Info Link က Library မှာ လှူလိုက်တာ ပိုကောင်းမယ်လို့ ပြောလို့ အဲဒီကိုပဲ ပို့မယ် စိတ်ကူးထားတယ်….””အင်း…. အဲဒါလည်း ကောင်းပါတယ်။ စိမ်းလန်းသစ်ပင်ကတော့ စာပေပေါ့၊ Info link ကတော့ နည်းပညာ ပေါ့… ကောင်းတယ်…. ကောင်းတယ်…””အင်း….ဒီမှာ လုပ်နေကြတဲ့ လူမှုရေးလူငယ်တွေကိုလည်း ငါတော့သဘောကျနေတာကွ””အာ…ဒါနဲ့၊ မင်းအလုပ်ကရော ဘာတဲ့လဲ….””……………””ဟဲလို… ဟေ့ရောင်၊ ဟဲလို… ဟဲလို….”ပြောနေရင်း ဖုန်းက ကျသွားပါပြီ၊ ယင်းမာပင်မှာ ဖုန်းတွေပေါ့လာပေမယ့် လိုင်းတွေက စိတ်ညစ်စရာကောင်းနေဆဲပင် ရှိသေးသည်။ ဘာပဲပြောပြော ယင်းမာပင်ရဲ့ နောက်ဆုံးသတင်းအချို့ ကျွန်တော် ရလိုက်ပါပြီ။