သမိုင်းကဗျာမြစ်ထဲက

0
233

ChindwinRiver

သီတင်းကျွတ်ရင် ဘာလုပ်မှာလဲလို့ လူများစွာကို အချိန်ယူပြီး မေးခဲ့ဖူးတယ်။ ကလေးအများစုကတော့ မီးထွန်းမယ်၊ ဗြောက်အိုး ဖောက်မယ်တဲ့။ အရွယ်ရောက်ပြီးတဲ့ လူငယ် တစ်ချို့ကတော့ တကယ်ပဲ ပြောသလား၊ အလွယ်ပဲ ပြောသလား မသိ။ သီတင်းကျွတ်ရင် လက်ထပ်မယ် တဲ့…။

၁၂ လရာသီနဲ့ ရိုးရာဝါဒီ
ဒါက မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာ ခံစားချက် တစ်ရပ်ပါ။ ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားပြီး အောင်မြင်စွာ ခံစားနေကြတဲ့ သူများလည်း ရှိဖူးတယ်။ ဘဝပေး အခြေအနေက ရည်မှန်းချက် ပန်းတိုင်ကို တိုက်စားပြီး အဓိပ္ပါယ်မဲ့စွာနဲ့ နေရသူများကိုလည်း မြင်တယ်။ ရာသီအို နေရက်များမှာ မီးမထွန်းလိုက်ရ၊ ဗြောက်အိုးမဖောက်လိုက် ရတဲ့ ကလေးများလည်း ရှိတယ်။ ဘဝတိုက်ပွဲ ရွှေလက်တွဲ သွားတဲ့ လူငယ်တွေလည်း ရှိပြန်တယ်။

သီတင်းကျွတ်မှာ မီးထွန်းတယ်၊ မီးရှူးမီးပန်း ပစ်လွှင့်တယ်ဆိုတာက မြတ်စွာဘုရား တာဝတိံသာလား၊ ဘာသာအနှောလား မဆိုတတ်။ ရွှေလက်တွဲပြီး မင်္ဂလာပွဲဝင်တယ် ဆိုတာ အနာဂတ် လူရည်လူမွန်များ တိုးပွားလာစေဖို့ အတွက် အမျိုးစပ် ကြတာဖြစ်တယ်။

လူပျိုကြီးလည်း အမျိုးစပ်ပေးခြင်း
သတင်းတော့ ကျွတ်ခဲ့ ပါပြီ။ အမေ့တာဝန် အမြောက်အများကြောင့် လက်ထပ်ဖို့ ကိစ္စပင် ခေါက်ထားခဲ့ ရသူက ကျွန်တော်ပါ။ ဒါပေမယ့် အားမငယ် ပါဘူး။ လက်မထပ်ဘဲနဲ့ အမျိုးစပ်ပေးလို့ ရတယ်။ ကျွန်တော့် အဖေက တရုတ်၊ ကုလားမှ အစ လူမျိုးခြား အားလုံးက ချစ်ခင် လေးစားကြတဲ့ “ဦးမြန်မာ” တဲ့။ ကျွန်တော့် အမေက ရိုးရိုးအေးအေး ပဲ နေတတ်တယ်။ အမေ့ရဲ့ နာမည်များက ကဗျာဟန် ဆန်သလိုမျိုးနဲ့ မဟာမာန် ရန်အမျိုးကိုလည်း နိုင်စေတယ်။ ငယ်နာမည်က “သလ္လာဝတီ” လို့ ခေါ်တယ်။ အရွယ်ရလာတဲ့ အခါ မှတ်ပုံတင်ပါ နာမည်ကတော့ “ချင်းတွင်းဝတီ” လို့ ခေါ်ဆို ကြပြန်တယ်။ ဦးမြန်မာ၊ ဒေါ်ချင်းတွင်းဝတီက မွေးဖွားပေးတာကြောင့် ကျွန်တော်က “ချင်းတွင်းသား” ဖြစ်တယ်။ အကြောင်း သိတဲ့ သူငယ်ချင်း များကတော့ “သလ္လာဝတီသား” တဲ့လေ။ ဒါက အညာဒေသက ကျွန်တော်တို့ရဲ့ မိသားစုလေးပါ။

အမေများထဲက အမေ
အမေ့ကိုယ်ခန္ဓာ အရပ်အမောင်းက ၆၉၁ မိုင်ထိ ရှည်လျား ထွားကျိုင်းတယ်။ ကိုယ်လုံး ကိုယ်ဟန် နွဲ့နှောင်း ပျော့ပျောင်းပေမယ့် အညာဒေသ တစ်ခွင်က စားဝတ်နေရေး အားအင်ထမ်းပိုးကို နိုင်နင်းစွာ အမေ ထမ်းပိုးခဲ့တယ်။ အမေက မွေးချင်း များစွာ ရှိတယ်။ အမေ့ ဦးလေး နှစ်ယောက်ကတော့ “တနိုင်းခ” နဲ့ “တရန်ခ” တို့ ဖြစ်တယ်။ အမေ ချင်းတွင်းဝတီ က ငြိမ်းချမ်းရေးဝါဒီရှင်ကြီး ဆိုတာ ထင်ရှားတယ်။ အမေ့ရဲ့ လက်နှစ်ဖက်က ငြိမ်းချမ်းရေး အတွက်ဆိုပြီး တိုင်းရင်းသားများကို ပွေ့ဖက်ထားတယ်။ အမေ့ရဲ့ ဘယ်ဘက်လက်က ကချင် တိုင်းရင်းသား ညီနောင်ဘွားတွေကို လက်တွဲခေါ်ဆောင် ညီညွတ်ခြင်းပုံကို ဆောင်တယ်။ အမေ့ရဲ့ အဲ့ဒီလက်မှာ ကျောက်စိမ်းလက်ကောက် တွေ အစုံအလင်နဲ့ ရွှေစင်အတိ ဝင်းအိလို့ ပဲပေါ့။ ဒါကြောင့် ပထဝီဝင်ဗေဒ စကားအရ အမေ့ရဲ့ ဘယ်ဘက်လက်ကို “ဥရု”(ချောင်း) နာမ ခေါ်တွင် ကြရတာ ဖြစ်တယ်။ ကချင်သွေး နှောတဲ့ ဥရုက ညာလက်ကို ဂုရုဘူမိကလျာများက မက်တယ်။ မျက်စိကျ ရည်ငံတယ် ဆိုတာလည်း အမေ သိတယ်။

အမေရဲ့ လက်ယာဘက်က ယောဒေသကို ပွေ့ဖက်ပြီး “ဆလိုင်းခေါ်ကို ရွှေချင်း” များနဲ့ တောင် အထင် မြောက်ကိုပင် တပျော်တပါး စီးကြတယ်။ အမေ့ရဲ့ လက်မှာ ကောက်ပဲသီးနှံ ဆန်ရေစပါး လွန်ပေါများပြီး ချမ်းသာကြွယ်ဝ နေထိုင်ရလို့ “မြစ်သာ” နာမ ခေါ်တွင်တယ်။ “ဥရုနဲ့ မြစ်သာ” ဟာ အမေ့ရဲ့ လက်နှစ်ဖက် ပမာဖြစ်တယ်။

ညီညွတ်ရေး တာဝန်ထမ်းတဲ့ အမေ
အမေရေ…။ အမေက ရိုးသား ပွင့်လင်း စိတ်ထားရှင်းတဲ့ နာဂတိုင်းရင်းသား များကို ဦးခေါင်းမှာ ရွက်တင်၊ ငြိမ်းချမ်းရေး ခရီးကို နှင်တယ်။ အမေ့ရဲ့ လက်နှစ်ဖက် အစုံမှာ ကချင် တိုင်းရင်းသား အကုန်နဲ့ ချင်းတိုင်းရင်းသား အစုံကို ပွေ့ချီလို့ ထားပြန်တယ်။ တကယ်ပါ အမေရယ်…။ အမေ့ဟန်၊ အမေ့သဏ္ဌာန်က စည်းလုံးညီညွတ်ခြင်းမာန်ကို တတ်စေရပါတယ်။ အမေက လူမျိုးရေးလည်း မခွဲခြားတတ်သလို လူတန်းစားလည်း မရွေးတတ်ပြန်ဘူး။ အမေ့ကို ခိုလှုံသမျှ အားလုံးက ငြိမ်းချမ်းကြတယ် အမေ။

ဇရာအိုပေမယ့် ကညာပျိုလို တာဝန်ယူတဲ့ အမေ
လူ့ဘဝဆိုတာ ရခဲ၊ ရောက်ခဲ တယ်တဲ့။ လူ့ဘဝလေးမှာ အမေ့ရင်ခွင် တွင်းမှာပဲ မွေးဖွားသန့်စင် လူတစ်ယောက်ပင် ဖြစ်လာခဲ့ ရတယ်။ ကလေး သဘာဝ ငိုဟန်ပြလို့ ရှိရင် ညှင်သာတိုးညှင်း လှိုင်းခတ်ကြက်ခွပ် သံစဉ်တေးသီချင်းတွေနဲ့ အငိုတိတ်အောင် ချော့သိပ် ပေးတာ အမေပါ။ လယ်တောအပြန် နွားကျောင်းဟန်နဲ့ အိမ်ပြန်အရောက် အမေ့ဆီ တစ်ခေါက်လာပြီး အမေ့ရင်တွင်း လှိုင်းပုခက်စီးရင်း ပျော်မြူးရွှင်ပျ ပင်ပန်းခဲ့သမျှ ကိုလည်း အမောဖြေလို့ ပြေစေခဲ့ ပါတယ် အမေ။ သားမောင်တို့ ဘဝတွေကို ကြည့်ရင်း ကြည်နူးနေခဲ့တာလည်း အမေပဲ။ အသိပညာ အလိမ္မာနဲ့ စာပေသုတ ဖတ်ရှုရအောင် ဟို… မုံရွာ ဘက်ဆီကနေ သယ်ဆောင်ပို့ပေး ပညာတွေ ရှာဖွေပေးခဲ့တာ အမေပေါ့။ ဆန်၊ ဆီ၊ ဆား၊ ငရုတ် စားဝန်ထုပ်ကို သယ်ယူ ကျွေးမွေး ဝမ်းဝရေးကို အမေကပဲ ပို့ဆောင် ပေးတယ်။ သွပ်ချပ်၊ ရိုက်သံ၊ တီဗွီ မကျန်အောင် ခေတ်နဲ့အညိ လူ့အဆင့် မီအောင် နေထိုင်နိုင်ရေး အမေပဲ ပေးတယ်။ ကျေးဇူးမေတ္တာ လွန်ကြီးစွာတဲ့၊ ချင်းတွင်းဝတီဟာ အမေများထဲက အမေပါပဲ။ အညာဒေသ တစ်ခွင်က သားသမီး အစုံအလင်ကို ဘယ်ကိုပဲ သွားသွား၊ အမေနဲ့ သွားတဲ့။

အမေရေ…။ အမေ့မေတ္တာတရားကို သူတို့ တတွေက ထောက်ထားလို့ သားမောင်တို့ ရွာကို ကားလမ်းတောင် ဖောက်မထားခဲ့တာလည်း စိတ်မဆိုးနိုင်ပါဘူး အမေ။ သားတို့တတွေ ဘဝမှာ ကားလမ်းဆိုတာ တစ်ခဏ၊ အမေ့လမ်းက ထာဝရပါ။ အမေရှိရင် လမ်းရှိတယ်။ အမေ့လမ်းက ချိုင့်ခွက်၊ ချောက်ကင်း၊ ပြေပြစ်ခြင်းနဲ့ ငြိမ့်ညောင်းသာယာ ခရီးတာကိုလည်း ရောက်စေတယ်။ တချို့ဆို အမေ့လမ်းကနေ စင်္ကာပူ၊ မလေးရောက်လို့ တိုက်ဆောက်သူတွေ ဆောက်လို့ပေါ့။ ဝတီအမေဟာ သားတို့အလှ၊ သားတို့ဘဝ၊ သားတို့ ကမ္ဘာပါ…။ အမေပေးတဲ့ အသက်နဲ့ လူ့နေ့ရက် များစွာကို ရှင်သန်နိုင်ခွင့် ရတာပါ။ အမေ့ ရင်ခွင်ထဲမှာ သားတို့ ကြီးပြင်းခဲ့ရသလို သားတို့ ရင်ထဲမှာလည်း အမေ့ကို ချစ်စိတ်တွေ ကြီးပြင်းလာခဲ့ ရပါတယ် အမေ…။

ခန္ဓာကိုယ်ပုံပြင်လို့ ဆုံးမတတ်တဲ့ အမေ
အမေ့ငယ်နာမည်ကို ကိုးကားပြီး ဆိုရိုးစကားနဲ့လည်း သွန်သင်တယ်။ “သလ္လာ” ဆိုတာ ကျောက်စွယ်၊ ကျောက်တန်းတဲ့၊ အပျော့တမ်း စာရင်းဇယားတန်းမှာ ဘယ်တော့မှ မဝင်ဘူးတဲ့။ ခိုင်ကျည်သော စိတ်ဓာတ်နဲ့ ဘဝကို အနေမြတ်အောင် နေတတ်ရမယ် လို့ အမေမို့ သွန်သင်တတ်တယ်။ ကျောက်စွယ်၊ ကျောက်တန်း ပေါ်က ဖြတ်ကျော်ကာ စီးဆင်းစေတဲ့ အမေ့မေတ္တာ၊ နို့စမ်းရေဟာ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း တွေးခေါ် မျှော်မြင်မှု၊ နက်နဲခြင်း စတဲ့ စိတ်အစဉ် အနေအထားကို ပုံပြင်လို ဆုံးမထားခဲ့တယ်။ အမေရေ….။

အမေ့ရဲ့ ဂုဏ်ရည်ကို ဖော်ထုတ် ထုဆစ်ပေးဖို့ ဆိုတာ သားသမီးတို့တတွေ မစွမ်းနိုင်အောင် များမြောင်လွန်းပါတယ် အမေ။ အမေက လူ့ဘာသာစကားနဲ့ လူ့ဝါဒတရားကို ပြန်မပြောတတ် ပေမယ့်လည်း အရာအားလုံးရဲ့ မနောဓာတ် အမှန်ကိုတော့ စစ်ကြောလို့ အမေသိပြန်တယ်။ သဘာဝပတ်ဝန်းကျင်တွေ အပေါ် မကောင်းကြံ၊ အမေ့သားသမီးများ အပေါ် ဖောက်ပြန်၊ အဲဒီလို မကောင်းကြံ ဖောက်ပြန်မယ့်သူ ဆိုရင် “အထက်မှာ ပေ၊ အောက်မှာ အမေ့ရဲ့ ကာကွယ်ရေး “ဝဲ” လက်နက် သဏ္ဌာန်တွေက မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်ကာ သူတို့စိုင်းပြီး ရန်သူတိုင်းကိုလည်း အောင်နိုင်စေ ပါတယ် အမေရယ်…။

မိခင်နဖူး သိုက်တူးတဲ့ ငမိုက် ရူးတွေ
အမေရေ…။ အမေ့ရဲ့ ကြီးမားတဲ့ စေတနာတရားကို မလေးစားနဲ့ စျေးကစားချင်တဲ့ သူများလည်း ရှိတယ်။ အမေ့ရင်ကို ခွဲပြီး အမေ့အသည်းကို ထုတ်ယူကာ သူတို့ဘဝ သာယာလှပအောင် လုပ်မယ်တဲ့။ သည်းခံခြင်း တရားနဲ့ နစ်နာခြင်း များစွာကို အမေမျိုချ အောင့်ထားခဲ့တာ ဘာကြောင့်များလည်း အမေရယ်…။ အမေ့ရဲ့ ခြေဆုံး ခေါင်းဖျား ရောက်အောင် ဖောက်ထွင်းတူးဆွ ရွှေရှာကြတာ အမေ အသည်းမနာနိုင်ပေမယ့်၊ သားမောင်တို့ ရင်နာရတယ် အမေ…။ မိုးကာလတုန်းက ကမ်းပါးတစ်ချက် ပြိုကျသံကို၊ အမေ့ အလှပျက်တယ် ဆိုတဲ့ မာန်နဲ့ ချင်းတွင်းသားတစ်ယောက် တောက်တစ်ချက် ခေါက်မိရက်တယ် အမေ။ အမေ့ရဲ့ မေတ္တာနို့ရည်၊ ချိုအီဆိမ့်မြ ဟို…. ဟိုတုန်းက သားမောင် တသသ ဖြစ်ခဲ့ရတယ်။ အခုတော့ အမေ့နို့ရည်ထဲ ပြဒါးရည် တစ်ဝက်စွဲလို့ ဆိုင်ယာနိတ် အက်ဆစ် အညှီဆိုးတွေနဲ့ ခေတ်နဲ့အညိ ရောဂါမျိုးတွေကို သူတို့တစ်တွေက ရောယှက်လို့ ပေးနေကြတယ် အမေ….။

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးတဲ့။ ကျန်းမာခြင်း လာဘ်ကြီးလည်း အမေ့နို့ရည် ကမ္ဘာကြီးထဲက နှုတ်ဆက်လက်ပြ လမ်းခွဲစ ပြုနေပါပြီ အမေရယ်…။ အခုတော့လေ… အထက်အညာဒေသ တစ်ခွင်က သဘာဝ ပတ်ဝန်းကျင်များကတောင် အမေ့ခန္ဓာ အထက်က ဒဏ်ရာဒဏ်ချက်တွေကို ကြည့်ပြီး သနားရတယ် တဲ့။ အမေ့ကျန်းမာရေး သားမောင် ခဏခဏ မေးဖူးတယ်။

ချင်းတွင်းသားနဲ့ သမိုင်းကဗျာမြစ်
အမေက….။ သလ္လာကျောက်တန်းဆိုတာ အပျော့တမ်း စာရင်းမဝင်ဘူး ဆိုပြီး မာကျောခက်ထန် ဒေါသမာန်လည်း ကင်းစင်လှပ ရှိစွရပါတကား….။ အမေရေ….။ အမေ့ရင်ကို ခွဲပြီး အမေ့အသည်းကို ဖောက်ထွင်း အမေ့ သည်းခြေတွင်းက အမေပိုင် ရတနာများကို လောဘရမ္မက် စက်ယန္တရားဖက်လို့ ဖောက်ထွင်းတူးဆွသမျှ သားမောင်တို့ကပဲ မျက်ရည်ကျခဲ့ရတာ။ သားမောင်တို့ ရင်ထဲမှာ အမေ့အတွက် တယ်နေကဲ သလိုပါပဲ။ မြင်သမျှ အရာတွေထဲ မှာလည်း ပူလောင်စရာတွေ ချည်းပါပဲ အမေ။

ကဲ… ငါဟဲ့… ချင်းတွင်းသား။ ဝတီမိခင်ရဲ့ မေတ္တာတရားကို နားလည်တယ် ဆိုပြီး ဓားလွယ်ကို ဆွဲဆုပ်အကိုင်မှာတော့ ချင်းတွင်းဝတီ အမေ့သည်းညှာခိုင်က ဟဲ့…. လူကလေး။ လူလေး သားမောင်…. သလ္လာသဝတီ ရာဇဝင်မြစ်ဆိုတာ… ငါ့သား… မင့်… ဓားကိုင်ပြီး စာမခြစ်ခဲ့ ရင်တောင်… သမိုင်းကဗျာ အဖြစ်နဲ့ …. ရှိနေရစ်ဦးမှာပဲ…. တဲ့။

ကိုတိုး(ချင်းတွင်း)

Via : ပြည်သူ့အတွက် သတင်းတမန် ENVOY Journal (Vol 2. No. 28) (3-11-2011)