အညာလေက ခါးခဲ့သလား . . . စာဥ

0
215

(၁)
ပင်အိုရိုင်းတွေတောင်
ယဉ်ကျေးမှု အလိုက်နဲ့ ပေါက်ရောက်နေကြပြီ
အညာလေက ခါးခဲ့လို့လား. . .
မြို့ကြီးရောက်နေတဲ့. . . စာဥ ရယ်

(၂)
ဒီ တမာပင်လေးကို ပြန်ရောက်လာလေသလား
ငါ နဲ့ တမာအိုပင်ကြီးကတော့
နွေရာသီ အဟောင်းလေးကိုပဲ လွမ်းတယ် ၊၊

(၃)
ရေခပ်ဆင်းချိန်တွေမှာ
ခရမ်းရောင်ပန်းလေး မပွင့်တာ ကြာပြီ
ပန်းရိုင်းကပွဲတွေမှာ
ငါ့ မယ်ဒလင်လေး နင့်ရှေ့မရောက်တာ ကြာပြီ ၊၊

(၄)
ကွမ်းတောင်ကလေးက နင့်လက်ဗွေရာကို
မျှော်ငေးရပ်တည်နေလေရဲ့ . . .
လယ်စောင့်တဲရဲ့ လယ်ကွင်းအဝါလေးကို
နင် စိတ်ဦးမလှည့်မိဘူးလား . . . စာဥ

(၅)
စာဥ ရေ . . .
နင့် နဖူးမှာ ဘယ်နှုတ်ခမ်းတွေ ပွင့်နေပြီလဲ
ဒါမှမဟုတ် . . .
ဘယ် ကာဖီ ခါးခါးတွေက နင့် နှုတ်ခမ်းကို သောက်သုံးနေပြီလဲ ၊၊

(၆)
အတိတ်ဆိုတာ . . . တစ်ကယ်တော့
နင့် နောက်ကျော နဲ့ နင့် အရိပ်ပါပဲ . . .
နှုတ်ခမ်းတွေ တင်းတင်းပိတ်ထားတုန်းလား
ပါးစပ်ပါရင် ရွာရောက်ပါတယ် ကွယ် . . .

(၇)
ငါ့ ၁၂ ရာသီရဲ့ ရာသီဥတုမလေး ရေ
ငါ့ အညိုရောင်ပါးကွက်ကြား ရွာသူမလေး ရေ
ငါ့ လှောင်ချိုင့်တွေရဲ့ ထိတ်တုံးမလေး ရေ
အရင်လို နှစ်လိုဖွယ်ပြုစားဖို့ ပြန်ဖန်ဆင်းမယ် မဟုတ်လား

(၈)
အခုတော့ . . . မျှော်လင့်ချက်တစ်ခွဲသားနဲ့ ​ကြွေတဲ့
တမာရွက်အိုတွေပဲ တမှတ်တရကောက်သိမ်းနေရတယ် . . .
လှေနံဓားထစ်မြို့ပြရောက် . . . ချစ်တဲ့ စာဥ ရေ
အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ် . . . ၊၊

+ Zarti +

စကားချပ် ။ ။ ကဗျာတစ်ရွက်ရဲ့ နေဝင်နေထွက်ရာသီ ဘလော့စာမျက်နှာလေးမှာ ရေးသားဖော်ပြထား တဲ့ ကဗျာလေးပါ။ အကြောင်းအရာရော၊ ခံစားမှုဖော်ထုတ်သွားပုံလေးကိုရော အလွန်သဘောကျမိတဲ့ ကဗျာလေးပါ။ နောက်… ဒီလိုကဗျာကောင်းလေးကို ရေးသားတဲ့ Zarti အပေါ်ကိုလည်း ခင်မင်လေးစားမိပါတယ်။ အညာရဲ့ လက္ခဏာလေးတွေရော…၊ ခေတ်ရဲ့ရိုက်ခတ်မှု့ကိုရော… အားလုံးဟာ ပြောစရာမလိုအောင် ကွက်တိကျလွန်းလှပါတယ်။

ဒီကဗျာလေးကို ဖတ်ပြီးသွားတဲ့အခါမှာ ကဗျာရေးသူနဲ့အတူ အညာမြေကနေ ထွက်ခွာသွားတဲ့ ကောင်မလေးကို လွမ်းဆွတ်သွားမိ ပါရဲ့. . . .။ “စာဥ” ဆိုတဲ့ ကောင်မလေးရေ. . . .၊ တို့ အ ညာ လေ က ခါး ခဲ့ ပါ သ လား ကွယ် . . .

Via : http://www.zarti.co.cc