အပင်ကိုသတ်တဲ့ သစ်သီးများ

0
185

‘သူရဲကောင်းတွေ လိုအပ်နေတဲ့ တိုင်းပြည်ဟာ ကံမကောင်းသေးတဲ့ တိုင်းပြည်ပဲ…..။’

ကျွန်တော့်အတွက် မှတ်မှတ်သားသားဖြစ်နေမိတဲ့ အဆိုစကားလေးတစ်ခွန်းပါ။ ဟုတ်ပါလိမ့်မယ်၊ အဲဒီလိုပါပဲ…သူရဲကောင်းတွေ လိုအပ်နေဆဲဖြစ်တဲ့ ယင်းမာပင်မြို့ကလေးဟာလည်း ကံမကောင်းသေးတဲ့ မြို့လေးပါပဲ…။ဒီအကြောင်းကို အရင်ကလည်း “သူရဲကောင်းရှားတဲ့မြို့” ဆိုပြီး ကျွန်တော် တစ်ခါရေးသားခဲ့ဖူးပါတယ်။ယင်းမာပင်မြို့ကလေးဟာ သူ့အတွက် အားထားရမယ့် မျိုးဆက်(Generation)တစ်ခုကို မွေးထုတ်လိုက်နိုင်ပြီလို့ ပြောဖို့ခက်ခဲနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ မျိုးဆက် (Generation)တွေဟာ သူ့ဆီကနေထွက်ခွာသွားတဲ့အချိန်ကစပြီး အောင်မြင်သွားတဲ့အချိန်အထိ နောက်ပြန်လှည့်ကြည့်ဖို့ မေ့နေ ခဲ့ကြလို့ပါပဲ….။သူတို့ဟာ မြို့ကလေးကို ကလေးဘဝရဲ့ ပုံပြင်ဟောင်းတစ်ပုဒ်ထဲမှာ မေ့ပစ်လိုက်ကြဟန်တူပါတယ်။ အီးမေးလ်တွေ၊ဘလော့တွေ ဖတ်ပြီး အက်ဒီဆင်ကို မေ့ပစ်လိုက်သလိုမျိုး…၊ အာကာသလွန်းပျံယာဉ်ကိုစီးပြီး ရိုက်ညီနောင်ကိုမေ့ပစ်လိုက်သလိုမျိုး…. မေ့ပစ် လိုက်ပြီလား….။ မသိကြလို့ပါကွာဆိုရင်လည်း သိအောင်ကောမကြိုးစားကြတော့ဘူးလား…။ ကျွန်တော်တို့ ဘယ်လောက်ထိများ တာဝန်ကျေခဲ့ကြပြီလဲ…. ကျွန်တော်တို့ရဲ့ အညာက
ဇာတိမြို့ကလေးအပေါ်မှာ….

“ပေတစ်သီး၊ ကျီးတစ်သား” ဆိုတဲ့စကားပုံကို အညာမှာမွေးဖွားလာခဲ့သူတိုင်း သိကြမှာပါ။ ပေပင်တွေဟာအသီးတစ်ကြိမ် သီးပြီး တာနဲ့ သေရတော့တာပါပဲ….၊ ပေသီးတွေဟာ သီးပွင့်လာခြင်းနဲ့အတူ ပေပင်တစ်ပင်အတွက်မရဏခေါ်သံကိုပါ တစ်ပါတည်း ယူဆောင် လာခဲ့ကြပါတယ်။ ဒီလိုဆိုရင်… ပေသီးတွေဟာ အပင်ကိုသတ်တဲ့သစ်သီးတွေများလား၊ အဲလိုတော့လည်း မဟုတ်ပါ။ အဲဒီ ပေသီးတွေကနေ နောက်ထပ်ပေပင်ပေါင်း မြောက်များစွာကို မျိုးဆက်လက်ဆင့်ကမ်းပေးကြပါတယ်။ အဲဒီထဲက အ ချို့သော ပေသီးများကတော့ ဘာမှ လက်ဆင့်ကမ်းပေးခြင်းမရှိပါဘူး၊ အဲဒီပေသီးတွေဟာ အပင်ကို သတ်ရုံသာသတ်သွားတဲ့ သစ်သီးတွေ ပါပဲ…၊ ဘာမှ လက်ဆင့်ကမ်းပေးဆပ်ခြင်းမရှိကြလို့ပါ။ ကျွန်တော်ပြောလိုတာက ကျွန်တော်တို့ကရော “အပင်ကို သတ်တဲ့ သစ်သီး” တွေ များလားပေါ့ဗျာ….

လောကမှာ လူဆိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ် အသက်တစ်ရာထက် ပိုနေခွင့်မရှိပါဘူး။ (စွန်းရင်လည်းနည်းနည်းပေါ့ဗျာ) အဲဒီ အသက်တစ်ရာအတွင်းမှာ ကိုယ့်အတွက်ချည်း ကိုယ်ယူသွားမှာလား (ဒါမှမဟုတ်)နောင်မျိုးဆက်သစ် လူငယ်တွေအတွက် ကိုယ် တတ်နိုင်သလောက် ချန်ထားခဲ့မလား။ ဒါဆိုရင် ဘာတွေကိုချန်ထားခဲ့မလဲ….???