အမေရေရင်နတ်သမိုင်းဒုတိယမူခွဲ

0
188

ဒီမူကွဲကတော့ အမေရေရင် နတ်သမိုင်းရဲ့ လူသိနည်းလှတဲ့ မူကွဲဖြစ်ပါတယ်။ ကျွန်တော်တို့ ယင်းမာပင်မြို့နယ်ရဲ့ကိုးကွယ်ယုံကြည် မှုများနဲ့ ကိုက်ညီတဲ့ အမေရေရင်ရဲ့ အချက်အလက်များကိုလည်း ဒီမူကွဲဇတ်လမ်းလေးမှာ အများအပြား တွေ့ရပါတယ်။ နောက်… အမေရေရင် နတ်ချင်း၊ နတ်ပို့များပါ အချက်အလက်များနဲ့လည်းကိုက်ညီပါတယ်။ (ဥပမာ- အမေရေရင်ဟာ ရှမ်းမတစ်ယောက်ဖြစ် တယ် ဆိုတာမျိုးတွေပါ။) ပြီးတော့…. ဒီမူကွဲဟာ မောင်းတုံရွာ အမေရေရင်နတ်နန်းမှာ ရှိတဲ့ အမေရေရင်သမိုင်း လက်ရေးမူ (အဲဒီ လက်ရေးမူကို မောင်းတုံနန်းထိန်း မိသားစုများက ထိန်းသိမ်းထားတယ်လို့ သိရပါတယ်၊ ယခုအချိန်တွင် ရှိသေးလားတော့ ကျွန်တော်လည်း သေချမသိပါ) ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဒီမူကွဲဇာတ်လမ်းထဲမှာတော့ အမေရေရင်မှာ မောင်နှမနှစ်ယောက်သာ ရှိပါတယ်၊ မောင်တော်နာမည်က ပထမမူကွဲမှာပါဝင် တဲ့ မောင်တော်ရဲ့နာမည်နဲ့တော့ တူနေပါတယ် (တောင်ဦးစားလို့ပဲ ခေါ်ပါတယ်)။ ဒီဇတ်လမ်းထဲမှာပါတဲ့ မောင်တော်တောင်ဦးစား ဟာ အမေရေရင်နဲ့အတူ လှေမှောက်သေဆုံးပြီး တောင်ဦးစားရဲအလောင်းဟာ ပြန်လှည့်ကျေးရွာနားမှာ ပြန်ပေါ်ပါတယ်။ အခု ပြန် လှည့်ကျေးရွာမှ နှစ်စဉ်ကျင်းပတဲ့ ဘကြီးပွဲကို တောင်ဦးဘုရင်ပွဲလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမယ့်… အတော် များများက သတိမထားမိကြပါ။ ဒီအောက်က ဘကြီးရဲ့နတ်နန်းပုံကို တစ်ချက်ကြည့်လိုက်ရင် “တောင်ဦးဘုရင်” လို့ ဘကြီးကို လည်းခေါ်ကြောင်း သိသွားမှာပါ။

တောင်ဦးဘုရင်ပွဲ (သို့) ဘကြီးပွဲကို နှစ်စဉ်ကျင်းပကြပေမယ့် “မုန်ဝင်တဲ့ နှစ်” ဆိုတာ ရှိပါသေးတယ်။

ဘကြီးဟာ မှုန်ဝင်တဲ့ နှစ်မှာ ရှမ်းနတ်တွေနဲ့ တိုက်တာခိုက်တာတွေ လုပ်ပါတယ်။ အဲဒီအချိန်မှာ ဘကြီးနတ်ဝင်သည်က ယပ်တောင် အရိုးရှည်ကို ကိုင်ပြီး ရှမ်းနတ်တွေကို တားပါတယ်။ ရှမ်းနတ်များက ဓါးတွေကိုင်ထားလို့ ထိန်းမနိုင်တာကများပါတယ်။ တစ်ခါတစ်ရံ တွင် ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်တတ်ပြီး အနည်းငယ်လန့်စရာ ကောင်းပါတယ်။ တောင်ဦးဘုရင် ဘကြီးနတ်ဟာ မုန်ဝင်တဲ့နှစ် မှာ ရှမ်းနတ်တွေ နဲ့ ဘာကြောင့်တိုက်ခိုက်မှန်းကို ကျွန်တော်သေချာမသိပေမယ့် ဘကြီးဟာ ရှမ်းနတ်များနဲ့ဆက်စပ်မှု ရှိနေတာ ကတော့ သေချာလှပါတယ်။ ဒီတော့ အမေကြီးဟာ ရှမ်းမတစ်ယောက်ဖြစ်တယ် ဆိုတဲ့ ဒီမူကွဲဇတ်လမ်းကို ကျွန်တော်တို့နယ်ရဲ့ ကိုးကွယ်ယုံကြည်မှုများနဲ့ အကိုက်ညီဆုံးလို့ ယူဆမိပါတယ်။ အောက်မှာ ဖတ်ရှုကြည့်နိုင်ပါတယ် –

မြန်မာနိုင်ငံတွင် ပုဂံပြည်၌ အနော်ရထာမင်း အုပ်စိုးသည့်ကာလ ရှမ်းပြည်နယ်တွင် ရှမ်းစော်ပွားကြီးသည် မင်းတို့၏ကျင့်ဝတ်နှင့် အညီ အုပ်စိုးခဲ့၏။ ထိုစော်ဘွားတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိခဲ့လေသည်။ သားတော်အား တောင်ဦးမြို့ကို အပိုင် စားပေးထားသဖြင့် သူ့အား တောင်ဦးမြို့စားဟုခေါ်တွင်ပြီး နှမတော်၏အမည်မှာ နန်းမွန်ဖြစ်သည်။ နန်းမွန်မှာ ရုပ်ရည်ရူပ ကာ ချောမောလှပသလို အများအပေါ်တွင်လည်း စေတနာ၊ ဂရုဏာထားကာ ကူညီတတ်သူဖြစ်သည်။ ထို့ကြောင့် နယ်သူနယ်သား များ၏ ချစ်ခင်လေးစားမှုကို ခံယူရသူ ဖြစ်လာသည်။

တစ်နေ့တွင် တိုင်းတစ်ပါးမှ ကျူးကျော်နယ်ချဲ့လာခဲ့သည်။ အင်အားချင်း မမျှသဖြင့် ရှမ်းစော်ပွားတို့ဘက်မှ ရှုံးနိမ့်ပြီး သားတစ်ကွဲ၊ မိဘတစ်ကွဲဖြင့် ထွက်ပြေးခဲ့ကြရသည်။ နန်းမွန်တို့ မောင်နှမလည်း ထွက်ပြေးလာခဲ့ရာ မြန်မာပြည် အလယ်ပိုင်းဒေသကို ကျော် လွန်ပြီး ယောနယ်တစ်လွှားသို့ ရောက်ရှိသွားကြသည်။ ထိုမှတစ်ဆင့် နေထိုင်ရန် သင့်လျော်မည့် အရပ်ဒေသကို လိုက်လံရှာဖွေ ကြရာ ယခုမောင်းတုံရွာဟု အမည်တွင်သော ဓားခံမြို့သို့ ရောက်ရှိခဲ့ကြသည်။ ထိုရွာမှပင် အခြေချပြီး မောင်နှမနှစ်ယောက် သည် ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ကြသည်။

တစ်နေ့တွင် နန်းမွန်တို့ မောင်နှမသည် သံတောင်မြို့သို့ သွားရောက်ပြီး ကုန်ပစ္စည်းများ ဝယ်ယူကြသည်။ သူတို့မရောက်မီနေ့က ငါးရှဉ့်ကြီးတစ်ကောင်သည် ကောလိယမြို့မှ သံတောင်သို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည်။ သံတောင်မြို့ဦးစေတီ သို့ ရောက်/မရောက် ရေအောက်မှ ခေါင်းဖော်ကြည့်လိုက်သည်တွင် အင်းကြီးတစ်အင်းနှင့်ကုန်းကြီး တစ်ကုန်း ဖြစ်၍ နေခဲ့သည်။ ဒုတိယ အကြိမ် ခေါင်းဖော်ကြည့်သည့် နေရာတွင်လည်း ကုန်းတစ်ကုန်းနှင့် အင်ကြီးတစ်အင်း ဖြစ်ပေါ်လာရာ ယခုအခါ ထို ကုန်းပေါ်တွင် မြင်စားကုန်းရွာရှိပြီး ရွာနံဘေးတွင် အင်းတစ်အင်း ဖြစ်ပေါ်နေသည်။ တတိယအကြိမ် ခေါင်းဖော်ကြည့်သောနေရာ တွင် ကုန်းရွာနှင့် အင်းတစ်အင်း ပေါ်ပေါက်လာခဲ့သည်။

သံတောင်မြို့သို့ရောက်သောအခါ ကြီးမားလှသည့် ငါးရှဉ့်ကြီးအား မြို့သူမြို့သားအားလုံး ဝိုင်း၍ဖမ်းဆီးပြီး အားလုံးဝေငှ ချက်ပြုတ် စားသောက်ကြသည်။ နန်းမွန်တို့မောင်နှမလည်း မုဆိုးမတစ်ယောက်အိမ်တွင် တည်းခိုနေကြသည်။ မုဆိုးမက ထမင်းကျွေးသော အခါ အသားကိုနှမြောမိသဖြင့် ငါးရှဉ့်အရိုးချည်းသာ နန်းမွန်တို့အား ခပ်၍ကျွေးသည်။ သို့သော်လည်း ထိုအရိုးများသည် ပန်းကန် အတွင်းသို့ ရောက်သွားသောအခါ အသားများ ဖြစ်သွားကြသည်။ မုဆိုးမလည်းနှမြောသဖြင့် ပြန်ယူသွားရာ နန်းမွန်တို့မောင်နှမ ငါးရှဉ့်သားကို မစားလိုက်ရပေ။

ညသန်းခေါင်ကျော်သောအချိန်တွင် ကောင်းကင်ယံမှ ကြီးမားလှသော ငှက်ကြီးတစ်ကောင်သည် သံတောင်မြို့ပေါ်မှပျံသန်း ရစ်ဝဲကာ ငါးရှဉ့်သားမစားတဲ့သူ မြို့ပြင်ထွက်ပေးဟု သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးလေသည်။ နန်းမွန်တို့မောင်နှမလည်း ထိုအသံကို ကြားပြီး အိပ်ရာမှ နိုးလာကြသည်။ ကုန်ရောင်းရန် ကောလိယမြို့သို့ သွားရမည်ဖြစ်သဖြင့် အိမ်ရှင်အား နှုတ်ဆက်ကာမြစ်ကြောင်း အတိုင်း ကောလိ ယမြို့သို့ ဆန်တက်ခဲ့ကြသည်။ အရုဏ်တက်သောအချိန်သို့ရောက်သောအခါ သံတောင်မြို့ကြီးမှာ မီးဟုန်း ဟုန်းတောက်လောင်၍ ပြာအတိကျခဲ့လေသည်။

နန်းမွန်တို့မောင်နှမ စီးလာခဲ့သည့် လှေလည်း ချောင်းသွယ်နှင့် မြစ်ကြောင်း ပေါင်းဆုံသည့်နေရာတွင် ရေဒဏ်လှိုင်းဒဏ်ကြောင့် ထိန်းသိမ်းမရဘဲ လှေမှောက်၍ အသက်ဆုံးကြရသည်။ မောင်ဖြစ်သူ တောင်ဦးစားမှာ ယခုတိုင် သံတောင်ဟု ခေါ်သောနေရာတွင် အသက်ပျောက်ပြီး နတ်ဘဝသို့ ရောက်ခဲ့လေသည်။ ဘဝပြောင်းပြီးသော်လည်း သူ၏ရုပ်ကလာပ်မှာ အောက်သို့ မျောပါသွားပြီး မှ ပြန်လှည့်ရွာ အနီးတွင် တင်၍နေခဲ့သည်။ ထို့ကြောင့် ပြန်လှည့်ရွာတွင်နှစ်စဉ်နှစ်တိုင်း ပွဲတော်ကျင်းပကြသည်။

နန်းမွန်တို့ ဘဝပြောင်းသွားရသည်ကို သိကြားမင်းသိရှိသွားသဖြင့် လူ့ပြည်သို့ ဆင်းသက်လာကာ နန်းမွန်အား ဤသို့ပြောဆို၏။ အသင်သည် ယခင်ဘဝများကလည်း ထူးမြတ်သော ပါရမီဒါနများကို ပြုခဲ့သည်၊ ယခုအခါ နတ်ဘဝသို့ရောက်လာပြီဖြစ်ရာ လူ အများအား စောင်မကယ်တင်ပါ၊ ထိုလုပ်ငန်းများ လုပ်တောင်ရန်အတွက် ကျွန်ုပ်ကသင့်အား အစွမ်းထက်သော ဒေဝသိဒ္ဓိများပေး ခဲ့မည်။ ကျွန်ုပ်ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပါတော့ ဟုပြောဆိုခဲ့၏။

နန်းမွန် သို့မဟုတ် အမေရေရင်သည် နတ်ဘဝသို့ပြောင်းပြီး တော်အုပ်တစ်ခုတွင် စံနေတော်မူသည်။ တောရဲတိရစ္ဆာန်တို့သည် သူတို့နေထိုင်ရာ တောအုပ်အတွင်းသို့ ရောက်ရှိလာသော အမေရေရင်အား ပြိုင်ဆိုင်ရန် ရောက်လာကြသည်။ထိုအခါ အမေရေရင် က သူ၏စွမ်းပကားကို ပြလိုက်သည့်အခါ ဆင်၊ ကျား၊ မြွေသတ္တဝါ အပေါင်းတို့သည် သူ့အား ကြောက်ရွံကာ လေးစားပြီး အရို အသေပေးကြရလေသည်။ အမေရေရင်က သတ္တဝါများအပေါ် ကရုဏာထားပြီးနေထိုင်ခဲ့သဖြင့် သူတို့ကလည်း အမေ၏စေခိုင်း ချက်ကို တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ခဲ့ကြသည်။

တစ်နေ့တွင် မဏိစည်သူမင်းသည် ဖောင်စကြာဖြင့် ခရီးထွက်လာရာ အမေရရင်ရှိသည့် တောအုပ်အနီးသို့ ရောက်ရှိလာ၏။ ထိုအခါ ဖောင်စကြာသည် အလိုအလျောက် ရပ်တန့်သွားတော့သည်။ မည်သူ၏ လက်ချက်ဖြစ်ကြောင်း သိရရန်ကြိမ်စကြာဖြင့် ရိုက်လိုက် ၏။ သူ၏ ကြိမ်စကြာသည် အစွမ်းထက်လှရာ သာမန်ပုဂ္ဂိုလ်များဆိုပါက ဦးခိုက်ပြီး ရှေ့တော်မှောက် ရောက်ရှိလာရ သည်။ အမေရေရင်မူ ဤသို့မဟုတ်၊ ထဘီကို စွန်တောင်ဆွဲလျက် ရေပေါ်ဖိနပ်စီးပြီး ဖောင်စကြာရှိရာသို့ လမ်းလျှောက် လျက် ရောက်ရှိလာသည်။

အကြောင်းစုံကို မဏိစည်သူမင်း သိရှိသွားသည့်အခါ အလွန်ပင်လေးစားသွားသည်။ ထိုနေရာတွင် ဖောင်တော်ဦးဘုရားစေတီ တစ်ဆူ တည်ထားပေးပြီး သင်းကနက်ဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူကိုလည်း ပေးထားခဲ့၏။

အမေရေရင်၏ ပွဲတော်ရက်များတွင် သာမန်လူအများသာမက ယောနယ်တစ်လွားရှိ ပညာသည်များ လာရောက်ပြီးပညာပူဇော် ကြရသည်။ ရှေးအခါက တစ်နှစ်တစ်ခါ လာရောက် ပူဇော်ကြရသော်လည်း ယခုအခါ သုံးနှစ်တစ်ကြိမ်သာလာရတော့သည်။ ပညာသည်များ ပူဇော်၍ သူတို့အချင်းချင်း ပညာစမ်းကြသည့်နေရာမှာ မြက်ပင်သစ်ပင်များ
မပေါက်ဘဲ ပြောင်၍နေသည်။ ထိုနေရာကို စုန်းတလင်းဟု အများက ခေါ်ကြသည်။

အမေရရင်ပွဲသို့ လာရောက်ပူဇော်ပသ စားတော်ခ ရေစင်သောက်ကြရသော သူများသည် နွားလှည်းဖြင့် လာရောက်ကြသော သူများ ဖြစ်ပါက ပွဲတော်သို့ရောက်လျင် အမေရေရင် ရောက်ပါပြီ ဆိုကာ လှည်းဦးကို လွှတ်ချရ၏။ ထိုသို့လွှတ်ချသော်လည်း အမေရေရင်အတွက် စားဆော်ခ,ရန် ပါလာသော စားတော်စာများမှာ ဖိတ်စင်ခြင်း လုံးဝမရှိဟု ဆိုကြသည်။

ဝါဆိုလဆန်း ၁၀ ရက်နေ့တွင် အမေရေရင်သည် နှစ်စဉ် ဥပုသ်ဆောင်ဝင်သည်။ ထိုနေ့တွင် ဝါဆိုကနားကျင်းပကြသည်။ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်မူ အမေ ဥပုသ်ဆောင်မှ ထွက်သည့် အထိမ်းအမှတ်အဖြစ် အမေရေရင်ဘုရားအား ဆွမ်းကပ် လှူဒါန်းကြသည်။