အမေရေရင်

1
165

အပြင် (၃၇)မင်း နတ်စာရင်းတွင် မပါဝင်သော်လည်း မြန်မာပြည်အလယ်ပိုင်းမှ ထင်ရှားသည့် နတ်တစ်ပါးမှာ အမေရေရင် ဖြစ်၏။ အမေရေရင်ကို အနောက်အမေကြီးဟု ခေါ်ကြရာ သူ့အတွက် ပြုလုပ်သည့်ပွဲကို အနောက်အမေကြီးပွဲဟု ခေါ်ကြသည်။ အမေရေ ရင် နန်းတည်ရာ မောင်းတုံရွာသည် မြန်မာပြည်အလယ်ပိုင်း မိုးပါးသည့်ဒေသတွင် ရှိသော်လည်း ရေမရှားပေ။ စိမ့်စမ်း အလွန်ပေါ များ သည့် ဒေသဖြစ်၏။ တစ်မိုင်ပတ်လည် နီးပါးရှိသည့် ရွံ့နွံအိုင်များပင် မောင်းတုံနှင့် ဇီးတောရွာအကြားတွင် တည်ရှိသည်။ ရွံ့နွံ အိုင်ကြီး တစ်နှစ်ပတ်လုံး ရှိနေသဖြင့် မျှော့သတ္တဝါများလည်း ပေါက်ဖွားရှင်သန်ကြသည်။ ထိုအကြောင်းကြောင့်ပင် အမေရေရင် အား “ဆပ်သွားဖူး နဲ့ ရေဦးသူ၊ ဆပ်သဘင်နဲ့ ရေရင်သူ၊ ကြိမ်ပိုက်တောနဲ့ မျှော့တောသူ” ဟု တင်စား ခေါ်ဝေါ်ကြသည်။ အမေရေ ရင်သည် ရှေးအခါက ထိုဒေသတွင် နေထိုင်ခဲ့သည့် ရှမ်းကတူးတို့ ကိုးကွယ်သည့် နတ်တစ်ပါးဖြစ်ဟန် တူသည်။ ထိုအကြောင်းကို အမေရေရင်နတ်ချင်းများတွင် တွေ့ရသည်။

အမေရေရင်၏ အပြင်နန်းအနီးတွင် စိမ့်စမ်းများ ပေါများလှသည်။ အချို့သော စိမ့်စမ်းတို့မှာ တစ်နှစ်ပတ်လုံး ရေထွက်နေကြသည်။ ပွဲတော်လာပရိတ်သတ် သောက်သုံးရုံမျှမက အနီးအနားရှိ ရွာများမှ လယ်သမားများ စပါးစိုက်ပျိုးနိုင်လောက်အောင်ပင် ပေါများ သည်။ မည်သည့်အခါမျှ ခန်းခြောက်သွားသည်ဟူ၍ မရှိပေ။စိမ့်စမ်းများမှ ထွက်သောရေကို အသုံးပြုပြီး ရွာသူရွာသားများသည် လယ်ယာစိုက် ပျိုးမှု ပြုလုပ်ကြသည်။သီးနှံများ ရိတ်သိမ်း ပြီးစီးသည့်အခါ စမ်းရေထွက်များ  ထိန်းသိမ်းစောင့်ရှောက်သူကို ပသ ကြသည်၊ ရေ၏ အရှင် သခင်သည် ရွာသူရွာသားများအား သားသမီးသဖွယ် ကျွေးမွေးသည်။ ရေ၏ အရှင်သခင်၊ သို့မဟုတ် ရေရင် အမေကို ထိုဒေသ သူ ဒေသသားများက အမေရေရင်ဟု ခေါ်ကြသည်။ အမှန်အားဖြင့် အမေရေရင်သည် စိမ့်စမ်းရေထွက်များကို ကိုယ်စားပြုသည့် နတ်ဖြစ်သည်။

အမေရေရင်အား ကျေးဇူးဆပ်သည့်အနေနှင့် နတ်စုကောက်ကာ နတ်အား တင်မြှောက်ပသကြသည့်ဓလေ့ လွန်ခဲ့သော နှစ် ၃၀ ကျော် က ရှိခဲ့သေးသည်။ ထိုဓလေ့သည် ယခုအခါ မရှိတော့သော်လည်း အမေရေရင်အတွက် ပြုလုပ်သည့်နတ်ပွဲမှာ စည်ကား သိုက်မြိုက် သည်။ အမေရေရင်သည် မောင်းတုံနှင့် ဇီးတောရွာတစ်ဝိုက်မှ ရွာသူရွာသားတို့အား စောင့်ရှောက်သူအဖြစ်မှ ယခုအခါ အနီးအနားရှိ ကျေးရွာများအတွက် လယ်ယာစိုက်ပျိုးရေးတွင် ကူညီစောင့်ရှောက်သူ ဖြစ်လာသည်။ ရေထွက်များမှ ထွက်သောရေ ကို စုဆောင်းပြီး ဆည်သဖွယ်ပြုလုပ်ကာ ဇီးတော၊ အုန်းတော၊ ရွာအောင်၊ စားတော်ပြင်၊ လက်လှုပ်၊ ပြောင်းပြာ၊ မြို့ပေါ်၊ ရုံးလေး ပင်၊ အစရှိသည့် ရွာများ အတွက် စိုက်ရေလွှတ်ပေးနိုင်ခဲ့သည်။ မိုးလည်းမများ၊ တူးမြောင်း၊ ဆည်မြောင်းလည်း မရှိသော ထိုဒေ သသူ ဒေသသားတို့အတွက် ဝမ်းစာစပါး မပူပင်ရအောင် အမေရေရင်သည် အကျိုးပြုလျှက်ရှိပေသည်။

အမေရေရင်နတ်ပွဲ လာသူများသည် ညအခါ ရွာအပြင်၌ မီးလုံးကြီးများ ကောင်းကာင်သို့ တက်သွားသည်ကို ရံဖန်ရံခါ မြင်တွေ့ ကြရသည်။ ထိုမီးလုံး ကြီးများသည်စုန်းကဝေများ ပညာပြိုင်ခြင်းဖြစ်သည်ဟု ပြောကြသည်။ အမှန်မှာ ရွံ့ညွှန်အိုင်များမှ ဓာတ်ငွေ့ များထွက် ကာ မီးလောင်ပြီး မြေပြင်မှအပေါ်သို့ တက်သွားခြင်း ဖြစ်သည်။

မောင်းတုံရွာအပြင်တွင် ပညာသည်များ ပညာပြိုင်သည့် နေရာတစ်ခုရှိသည်။ ထိုနေရာတွင် မည်သည့်သစ်ပင်မျှ မပေါက်ပေ။ မြက် ပင် မပေါက်။ ရွာသူရွာသားများက ထိုနေရာကို စုန်းတလင်းဟု ခေါ်ကြသည်။ အမှန်မှာ မြေအောက်မှဓာတ်ဆားများသည် အ ရည်ပျော်ကာ မြေပြင်ပေါ်သို့ ရောက်ရှိလာကြသည်။ ရေခန်းခြောက်သွားသည့်အခါ ဓာတ်ဆားများ မြေပြင်တွင် ကျန်ရစ် ခဲ့သောကြောင့် မည်သည့်သစ်ပင်မျှ မပေါက်နိုင်ခြင်း ဖြစ်၏။ ဆပ်ပြာကြမ်းမြေတွင် မြက်နှင့် သစ်ပင်မပေါက်သည့် သဘောဖြစ် သည်။

လမ်းခရီး

အမေရေရင်နန်းသို့ သွားလိုပါက မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးရွာသို့ ချင်းတွင်းမြစ်ကို ဖြတ်ကာကူးရသည်။ ညောင်ပင်ကြီး မှ ယင်းမာပင်မြို့ကို ဖြတ်ကာ ပုလဲ-ဂန့်ဂေါ လမ်းအတိုင်း သွားရသည်။ ယင်းမာပင်မှ ငါးမိုင်ခွဲအကွာ လယ်ငေါက်လမ်းခွဲမှ ပုလဲသို့ မသွား ဘဲ မောင်းတုံသို့ သွားသောလမ်းအတိုင်း လိုက်သွားပါက ကိုးမိုင်ခွဲအကွာတွင် အမေရေရင်၏ မောင်းတုံနန်းသို့ ရောက်နိုင် သည်။ မောင်းတုံး သို့မလာဘဲ အပြင်နန်းရှိရာ ဇီးတောရွာသို့လည်း ကားဖြင့် သွားနိုင်သည်။

ပွဲတော်ရက်

အမေရေရင်ပွဲကို တပေါင်းလ၌ ပြုလုပ်သည်။ တပေါင်းလပြည့်ကျော် ၄ ရက်နေ့တွင် အတွင်းနန်းတည်ရှိရာ မောင်းတုံရွာတွင် လူအ များ၏ ပူဇော်မှုကို ခံယူပြီး ချိုးရေတော်သုံးပွဲ ကျင်းပသည်။

တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ဇီးတောရွာအနီးရှိ သက်ပျောက်နန်းသို့ နံနက်နေတက်ချိန်တွင် အပူဇော်ခံထွက်ခဲ့ သည်။ ရှေ့ဆုံးမှ သင်းကနက်သားဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကြီးကို ရွာသူရွာသားများက ပင့်ဆောင်ပြီး နောက်မှ အမေရေရင် ပုံတော်ကို လှည်းဖြင့်တင်ဆောင်ကာ အပူဇော်ခံထွက်သည်။ အမေရေရင်၏ လှည်းနောက်တွင် ကျားထမ်း၊ ဓားထမ်း၊ လှိုင်းထမ်း၊ သိုင်းထမ်းများ လိုက်ပါပြီးနောက် အမျိုးသမီးများက ပန်းအိုးကိုယ်စီနှင့် တန်းစီထွက်ခဲ့ကြသည်။ ထိုနေ့မှစ၍ တပေါင်း လပြည့်ကျော် ၈ ရက်နေ့အထိ အမေရေရင်သည် အပြင်နန်းတွင် အပူဇော်ခံသည်။ နတ်ကတော်များက အမေရေရင်အား ချော့ကြ သည်။

တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင် ဖောင်တော်ဦးဘုရား ဆွမ်းကြီးလောင်းပွဲ ကျင်းပသည်။ လပြည့်ကျော် ၈ ရက်နေ့တွင် အမေရေရင် သည် အပြင်နန်းမှ မောင်းတုံရွာရှိ အတွင်းနန်းသို့ ပြန်လည်ကြွချီတော်မူသည်။ ထိုနေ့တွင် ကနားသိမ်း ကျားသိမ်းကို ရိုးရာမပျက် ဆောင် ရွက်ကြရသည်။ ညတွင် မောင်းတုံရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများသည် အစစအရာ ရာ အောင်မြင်မှုရရန်အတွက် ဓားသွေးကြရသည်။ ကနားသိမ်း ကျားသိမ်းပြီးသည့်အခါ ထိုနှစ်အတွက် မိုးလေဝသ ကောင်းမွန်စေ ရန် ရွှေမိုးငွေမိုး ရွာပေးကြသည်။

အမေရေရင်အား အဓိဠာန်ပြုရန် အသုံးပြုသည့် မောင်းတော်

မောင်းတုံရွာရှိ အမေရေရင်၏စံနန်းတွင် ရှေးအစဉ်အလာ မောင်းတစ်လုံးကို ချိတ်ဆွဲထားရှိခဲ့သည်။ အမေရေရင်အား ပူဇော်ပသ ပြီး မိမိ လိုအပ်သည်များကို ဓိဠာန်ကာ မောင်းတီးပြီး ဆုတောင်းကြသည်။ အမေရေရင်အား စားတော်ဆက်ပြီးသည့် အခါတွင် လည်း ထိုမောင်းကြီးအား တီးလေ့ ရှိကြသည်။ ယခုအခါ အမေရေရင်နန်းသို့ ရောက်လာကြသောသူများသည် မောင်းတီး ပြီးရောက်ရှိကြောင်း ပြောကြသည်။ ပြန်တော့မည်ဆိုလျှင်လည်း မောင်းတီးပြီး အမေရေရင်အား ပြောကြသည်။

လက်သုံးတော်ဓါး

အမေရေရင်တွင် ရှေးအစဉ်အဆက်ကတည်းက လက်သုံးတော်ဓားများ ရှိခဲ့သည်။ ထိုဓားသည် အစွမ်းထက်သည် ဟု ယုံကြည်ကြ သည်။ အတိုက်အခိုက်၊ အပြိုင်အဆိုင်များရှိလျှင် ထိုသူ၏ ဦးခေါင်းပေါ်မှ ဓားမိုးပြီး ဖယ်ရှားရုံနှင့် အန္တရယ်ကင်းရှင်းနိုင်သည် ဟု ယုံ ကြည်ကြသည်။ အမေရေရင်အား နတ်ဝင်သည်များ ပင့်၍ ချော့မြူကြသည့်အခါ ရှေးကတည်းကပင် ဓားကို သုံးကြိမ်သုံးခါ သွေး ကြရသည်။ ပထမအကြိမ်သွေးခြင်းမှာ အန္တရယ်ကင်း၍ သူများနှင့်ယှဉ်ပြိုင်လျှင် နိုင်စေရန်ဖြစ်သည်။ ဒုတိယအကြိမ် သွေးခြင်း မှာ ရွှေငွေရတနာ ပေါများစေရန်ဖြစ်ပြီး တတိယအကြိမ် ဓားသွေးခြင်းမှာ စိတ္တသုခနှင့် ကာယသုခ ပြည့်စုံရန် အတွက်ဖြစ်၏။

စီးတော်ကျားနှင့် နောက်လိုက်နောက်ပါ

အမေရေရင်တွင် ရှေးအခါကတည်းက သူ၏ခိုင်းစေချက်များကို အမြဲတစေဆောင်ရွက်ပေးသော ကျားပြောက်ရွှေဝါများရှိခဲ့သည်။ အမေရေရင် မနှစ်သက်သည်များကို ပြုလုပ်ပါက မခိုင်းစေရဘဲ အလိုက်သိစွာ သတိပေးဆုံးမလေ့ရှိသည်ဟု ဆိုသည်။

အမေရေရင်နန်းသို့ ရောက်လာကြသူများသည် ကျားစာကျွေးကြသည်။ ကျားရေစင်ဖိုး ငွေများကို ကျားရေစင်ပုံးတွင် ထည့်ဝင် ကြသည်။ ထိုသို့ ကျွေးမွေးသော ခုနှစ်ရက်သားသမီးတို့ အန္တရာယ်ရှိလာလျှင် ကျားပြောက်ရွှေဝါက တားဆီးကာကွယ်ပေးသည်ဟု ယုံကြည်ကြ သည်။

အမေရေရင်တွင် အစွမ်းထက်သောမြွေများနှင့် နောက်လိုက်နောက်ပါများ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ရိုးရာ မပျက် ရှေးအစဉ်အဆက်ကတည်းကပင် ဝါဆိုကနားပြီးလျှင် နောက်လိုက်နောက်ပါများအား အစားအစာကျွေးကြသည်။ ထို သို့ ကျွေးမွေးရောတွင် ရွာပြင်ထွက်၍ ကျွေးရသည်။

Via : “ခင်မောင်သန်း(စိတ်ပညာ) ရိုးရာယုံကြည်မှုနှင့် ဓလေ့ထုံးစံများ”

1 COMMENT

  1. တပေါင်းလပြည့်ကျော် ပွဲတော်ရက်များကိုပြန်လွမ်းမိပါတယ်
    ကျနော်တို့ အညာရဲ့ ကပိုကရို အလှလေးတွေကို တမ်းတမိပါတယ်
    လေးစားဝမ်းမြောက်လှျက်
    အေသင်