အလောင်းတော်

1
168

ယင်းမာပင်မြို့ ကနေ အလောင်းတော် ကဿပ သို့ သွားရာ လမ်းတွင် ပင်တောင်လေး၊ ပင်တောင်ကြီး၊ နေမြင်တောင်၊ မဟူတောင်၊ ပြာပုံတောင် စသော တောင်များကို ဖြတ်ကျော်ကာ သွားရသည်။
မဟူတောင် – မဟူတောင်မှာ မဟူရာ ကျောက်များ ထွက်သည်၊ ၎င်း ကျောက်အစစ် ရလျှင် အဆိပ် အမျိုးမျိုး ကို နိုင်သည်ဟု ယူဆကြသည်။
မဟူတောင် – မဟူရှင်မ နတ်ကွန်းရှိသည်။
ပြာပုံတောင် – ပြာပုံတောင် တွင် မြေကြီးများမှာ ပြာသဏ္ဍာန် ပြာရောင် ရှိ၍ မြေပွ တစ်မျိုး ဖြစ်၏။ ထိုတောင်တွင် အလွန် ထင်ရှားသော ပြာပုံရှင်မ နတ်ကွန်လည်း ရှိသည်၊ ပြာပုံရှင်မ ဟူသည် ဗန့်ဂျီတိုက်နယ် အတွင်းရှိ ယင်းမာပင်မြို့ အနောက်ဖက်ရှိ ပြောင်းပြရွာသူ မယ်ဖြူ ဖြစ်သည်။ မယ်ဖြူ၏ အမိမှာ လင်ရှိသူ မဟုတ်ဘဲ ခါချဉ်အနက် ကိုက်၍ သန္ဓေရသည် ဟု ဆို၏။ (စဏ္ဍပဇ္ဇောတ မင်း၏ မယ်တော်မှာ ကင်းမြီးကောက် ဗိုက်ပေါ်တက်၍ သန္ဓေရသည် ဟု ကျမ်းဂန်များတွင် တွေ့ရ၏၊ ယခုလည်း ထိုနည်း အတူပေါ့။)

ထိုအခါ လက်တောင်းကြီးရွာ မောင်ဖြစ်သူက လင်မရှိဘဲ သန္ဓေရသည်ကို ရှက်၍ မခေါ်မပြောဘဲ အဆက်အသွယ် ဖြတ်ထားခဲ့ လေသည်။ မယ်ဖြူကို မွေးပြီး၍ ကင်ပွန်းတပ် သောအခါ မယ်ဖြူအမေက မောင်ဖြစ်သူကို ဖိတ်လေ၏။ သို့သော် မောင်ဖြစ်သူက မလာချေ၊ မောင်မလာ၍ စိတ်နာပြီး မုန့်တွေကို အနီးရှိ ချောင်းထဲသို့ ပစ်ချလိုက်သည်။ ထိုချောင်းကို ယခုတိုင် မုန့်ပစ်ချောင်းဟု ခေါ်တွင်လျက် ရှိသည်။

မယ်ဖြူ အရွယ်ရောက် လာသောအခါ အလွန်လှပ သဖြင့် အဆက်ဖြတ် ထားသော ဦးလေးကပင် ချစ်ခင် သဘောကျ၍ မိမိ၏သားနှင့် လက်ဆက်ရန် အကြောင်းကြား လာရာ အမဖြစ်သူက စိတ်နာထား သဖြင့် သဘောမတူကြောင်း အကြောင်းပြန် လိုက်လေသည်။ ထိုအခါ မောင်ဖြစ်သူက စိတ်ဆိုး၍ မနာလို ဖြစ်ကာ ဘုရင် ကျန်စစ်သား ထံသို့ ပြောင်းပြာရွာတွင် မယ်ဖြူဆိုသူ မိန်းမချော တစ်ယောက် ရှိကြောင်း လျှောက်ထားလေသည်။

ဘုရင်က ရွေးကောက်မည် ပြုရာ မယ်ဖြူ၏ အမေက မောင်ဖြစ်သူ လုပ်ရပ် မအောင်မြင် စေလိုသည်က တစ်ကြောင်း၊ ဘုရင်နှင့် မဆက်ဆံ လိုသည်က တစ်ကြောင်း အင်္ဂါမစုံလျှင် မင်းကောက်မည် မဟုတ်ဟု အကြံဖြစ်ပြီး မယ်ဖြူ၏ လက်ညှိုးကို ပါးစပ်နှင့် ကိုက်ဖြတ် ပစ်လိုက်လေသည်။

ဘုရင်မင်းကောက်ယူသော အခါ အင်္ဂါမစုံ၍ အိမ်နိမ့်တွင် ထားပြီး လျစ်လျူရှု့ ထားရာ ကွမ်းရေတော် မောင်ငို ဆိုသူနှင့် ရည်ငံ မိကြကာ ရွာသို့ ပြန်ထွက်ပြေး လာကြသည်။ မင်းပြစ် မင်းဒဏ်ကို ကြောက်သော ရွာသူ ရွာသားများ နှင့် မိခင် တို့က လက်မခံ၍ အခြားအရပ်သို့ ထွက်ပြေးရင်းနှင့် ပြာပုံတောင်သို့ ရောက်လာကြ၏။

မယ်ဖြူသည် ယခုဘ၀သို့ မရောက်ခင်က ပြာပုံတောင်တွင် နတ်ဖြစ်ဖူးသည်၊ အဖော်နတ်သမီးများက သူ၏ ဒုက္ခများကို မကြည့်ချင် သဖြင့် အသက်နှုတ်ယူ ထားလိုက်ရာ မယ်ဖြူသေ၍ ပြာပုံတောင်တွင် နတ်ပြန်၍ ဖြစ်လေသည်။ မယ်ဖြူသည် မိမိအဖြစ် မိမိ၏ရွာကို စိတ်နာ၍ ကျိန်ခဲ့သည် ဆို၏။ သူကျိန်ပုံမှာ “တစ်နှစ် သုံးသီးလည်း စားရပါစေ၊ အကြွေးကြီးလည်း တင်ပါစေ” ဟု ကျိန်ခဲ့ ခြင်း ဖြစ်သည်။ သူကျိန်ခဲ့သည့် အတိုင်းပင် ပြောင်းပြာရွာသည် တစ်နှစ် သုံးသီး စားရသော်လည်းအကြွေးမကင်း ဖြစ်ကြသည် ဆို၏။ ထူခြားချက်မှာ ပြောင်းပြာရွာတွင် သုံးနှစ်တစ်ကြိမ် မိန်းမချော တစ်ယောက် ပေါ်ထွန်းလေ့ ရှိပြီး၊ ထို မိန်းကလေး အရွယ်ရောက် လျှင် ပျက်ဆီးသွား တတ်ခြင်း ဖြစ်သည်။

မယ်ဖြူ ပြေးစဉ်အခါက “ငါပြန်လာမှ ကြီးရမယ်၊ သီးရမယ်” ဟု အဓိဠာန် ပြု စိုက်သွားသော ပေပင်သည် ယခုအခါ ပြောင်းပြာ ရွာသူကြီး ဟောင်း ဦးကျော်၏ အိမ်တွင် တွေ့ရသည်။ ထိုပေပင်သည် အတန်ကြီးမား နေသည်ကို တွေ့ရသည်။

စကားချပ် – ပြာပုံတောင်၏ ထင်ရှားသော အခြားအမည် တစ်မျိုးမှာ “ပြာပုံ(၁၂)ကွေ့” လို့ ဖြစ်ပါတယ်၊ ဘာလို့ ခေါ်မှန်းတော့ ကျွန်တော်လည်း သေချာ မသိပါ။ စာအုပ်များမှာ “ပြောင်းပြရွာ” လို့ ရေးကြ သောလည်း ကျွန်တော်တို့ နယ်ကတော့ “ပြောင်းပြာရွာ” လို့ ပြောကြ၊ ရေးကြ ပါတယ်။ ပြာပုံရှင်မကို အဓိက ကိုးကွယ်သူများမှာ ထို ပြောင်းပြ ရွာသူ/သား များသာ ဖြစ်ပါတယ်၊ မိမိတို့ ဘိုးဘွားများ၏ အပြစ်ကို တောင်းပန်ခယ ကြခြင်း ဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ် အနေနဲ့ အဓိကထား ကိုးကွယ်သော နတ်မှာ အမေရေယဉ်နတ် ( “အမေကြီး” လို့ ကျွန်တော်တို့ ကတော့ ခေါ်ကြ ပါတယ်) ဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ် အတွင်းရှိ အခြားသော ကိုးကွယ် ယူဆမှု့များ ကိုလည်း အလျဉ်းသင့် သလို ဆက်လက် ရေးသား သွားပါမယ်။ ကျေးဇူး တင်ပါတယ် ……

Ref: အလောင်းတော် ကဿပသမိုင်း – အရှင် ဘဒ္ဒန္တဥတ္တရ

1 COMMENT