အိမ်မက်ထဲမှာ လွမ်းရတယ်

0
179

(၁)
အိပ်မက်တစ်ရာ၊ ငါမက်ပါလျှင်
တစ်ရာလိုပင်၊ ငါ မက်မြင်သည်
ငယ်စဉ်နေခဲ့ ငါ့အိမ်လေး။

(၂)
ငါ့အိမ်ရှေ့တွင်၊ တလင်းပြင်မှာ
ယခင်လိုပင်၊ သဲနုလွင်နှင့်
သန့်စင်လှဲကျင်း ဖြူဖြူဝင်း။

(၃)
ငါ့အိမ်ဦးတွင်၊ စံပယ်ပင်ကား
ယခင်လိုပင်၊ ဖူးပွင့်ဆင်၍
လေတွင် ဆွတ်ညင်း ကြူကြူသင်း။

(၄)
ငါ့အိမ်ခေါင်းရင်း၊ ကျောက်ရေတွင်းသည်
သလင်းလိုလို၊ ရေချိုချိုနှင့်
ရှေးလို အေးမြဲ ချိုပါဆဲ။

(၅)
ငါ့အိမ်ဘေးမှာ၊ မာလကာနှင့်
သြဇာသရက်၊ မြရောင်လက်၍
ငှက်တို့သံစုံ ကျူးရင့်ကုန်။

(၆)
ငါ့အိမ်လေးမှာ. . .
တဲကုပ်သာမျှ၊ သေးငယ်စွလည်း
ငါ့ဘဝမှာ၊ အမြဲသာလျှင်
စွဲပါ၍လာ၊ မမေ့သာသည်
ငယ်ခါနေသည့် အိမ်ငယ်ငယ်
အိမ်မက်ထဲမှာ လွမ်းရတယ်။

+ ပျဉ်းမနား မောင်နီသင်း +