အောက်မေ့ဖွယ်သူငယ်ချင်း

1
172

နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့မြို့လေးကို ပြောင်းသွားတော့
ငါတို့ရဲ့ ကရုဏာမြို့လေးဟာ အလွမ်းနဲ့ကျန်ရစ်ပေါ့
မင်းရဲ့ အခုမြို့က မာယာမိုးတွေ နေ့တိုင်းရွာနေတာ
သမရိုးကျပဲမဟုတ်လား
ငါတို့မြို့လေးကတော့ မင်းရှိစဉ်ကအတိုင်း ချိတ်ထမီနဲ့ ရွှေခြေကျင်း
မောင်ကြီးနှမကျားကိုက်ပါစေရဲ့ မလိမ်ပါဘူးပြောတုန်း
မင်းရဲ့ အခုမြို့က ဟက်ပီးဝေါလ်ဆိုပေမဲ့ သရဲရထားတွေပေါမှန်း မင်းသိပြီမဟုတ်လား
ငါ့ကျေးဇူးရှင် ကိုစိုးတင့်ကွမ်းယာကိုမှ စားတတ်တဲ့မင်း
ခု ဘယ်ကကွမ်းတွေ တမြုံ့မြုံဝါးပြီး တဗျစ်ဗျစ်ထွေးနေလဲ
ဘယ်သူမှ စာလုံးမပေါင်းချင်တဲ့ အဆင်မပြေမှုတွေက
မင်းရဲ့ သစ္စာရှိမိတ်ဆွေတွေပဲလား
ငါတို့ ကြားကြားနေရတဲ့ အသံတွေမှာ လိမ်လည်မှုတွေ
မှင်နဲ့ မောင်းနဲ့ဆိုတာ​ရော သတိထားမိသေးလား
ဟိုးဝေးဝေးကတောင်ပြာတန်းပေါ် မင်းထားခဲ့တဲ့ မေတ္တာတွေပြန်သွားယူတာရော
အဆင်တပြေပဲလား
တို့တွေဘဝ အတောင်သာလျှင် ဝန်ရှိ၏ ငှက်လို ခိုးစရာမရှိအောင်နေမှ စိတ်ချမ်းသာစရာ
ပိုကောင်းတယ်လို့ ဆရာအစဉ်အဆက်ပြောစကားကိုရော မင်းမှတ်မိသေးလား
ငါတို့မြို့လေးကနေ မင်းသိမ်းထုပ်ယူသွားတဲ့ စိတ်ကူးစိတ်သန်းတွေ ဖွင့်စားပြီးပြီလား
ငွေသံကြေးသံတချွင်ချွင်မြည်မှ တအိအိပြုံးတတ်တဲ့ မင်းတို့မြို့ကို
ဒီနှစ်မီးပုံးတွေထွန်းရင် ယဉ်ယဉ်လေးလှတဲ့ ငါ့ချစ်သူ
ဖျင်တဘက်ကလေးနဲ့ အလည်လာခဲ့မယ်
အဲဒီကျမှ မင်းနဲ့ ငါ အပြုံးတွေ ကုလားဖန်ထိုးကြတာပေါ့။

ရွှေတောသား(မုံရွာ)
ရယ်စရာမဂ္ဂဇင်း(သြဂုတ်၊ ၂၀၁၁)

1 COMMENT

  1. အမှတ်တမဲ့တွေစုပေါင်းလိုက်
    ရင် နောက်တချိန်မှာ အမှတ်
    တရ တွေဖြစ်လာမယ်တဲ့
    သူငယ်ချင်း မက်မဏ်းပြော
    ဟခဲ့ တဲ့စကားလေးလိုဘဲ
    ရင်ထဲမှာ ယင်းမာပင်ကို
    လွမ်းတယ်၊ မိုးလင်းတိုင်း
    ကိုယ်အခန်းထဲမှာ ကောက်
    ချိပ် မျက်နှာမြင်ယောင်
    မိတယ်၊ရင်ပေါင်တိုင်သူ
    လေးကော၊ ပန်းသူခိုး
    (မော်မော်စန်း) သူငယ်ချင်း
    အပေါင်းအသင်းတွေ အားလုံး
    ဘဝအမောတွေပြေလျော့လို့
    တောင့်တသမျှပြည့်ဝကြပါစေ