ဦးမင်းတိုက်

0
224


(ဦးမင်းတိုက်တည်နေရာ မြေပုံကို ကြည်ရန့် ပုံပေါ်တွင် ကလစ်လုပ်ပါ၊ Click on the Image to see the Map!)

တိုက်တစ်လုံးအကြောင်းများ ဘာလို့ ရေးနေတာလဲ၊ ဘာများ ထူးခြားနေလို့လဲလို့ မေးချင်စရာ ရှိပါတယ်။ ဟုတ်ပါတယ်… တိုက်တစ်လုံးဟာ အခြားမြို့တွေ၊ နေရာတွေ အတွက် သိပ်မဆန်းလှပေမယ့် ကျွန်တော်တို့ ယင်းမာပင်မြို့နယ်အတွက် တော့ ထူးခြားပါတယ်။ အဲဒီထက် ပိုပြီး ထူးခြားတာက အဲဒီတိုက်ကို ဆောက်လုပ်သွားတဲ့ လူတစ်ယောက် အကြောင်းပါ။ သူ့ကို ကျွန်တော်တို့ မမြင်ဘူးပေမယ့် ယင်းမာပင်သူ ယင်းမာပင်သား မှန်ရင် “ဦးမင်းတိုက်” ဆိုတာကိုတော့ ကြားဖူးကြမှာပါ။ သိလည်း သိကြမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မြို့နယ်မှာ ဟိုးအရင်က တိုက်မဆောက်ကောင်းဘူး ဆိုတဲ့ အယူအဆတစ်ခု ရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ငယ်စဉ်က ယင်းမာပင်မြို့မှာ တိုက်ဆိုတာ လက်ချိုးရေလိုတောင် လက်ခလယ်ထိ ရောက်ချင်တာ မဟုတ်ပါဘူး။


ဒါပေမယ့် ဦးမင်းတိုက် ဆိုတဲ့ တိုက်ဝါကြီးတစ်လုံးကတော့ ယင်းမာပင်မြို့ထဲမှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့လို နောက်ပိုင်း လူငယ်တွေအတွက် တိုက်မဆောက် ကောင်းဘူးဆိုတဲ့ မြို့တစ်မြို့မှာ တိုက်ဝါကြီးတစ်လုံး ရှိနေတာကို သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ပိုပြီး သတိမထားမိတာကတော့ အဲဒီတိုက်ကို ဆောက်လုပ်သွားတဲ့ ဦးမင်းဆိုတဲ့ လူတစ်ယောက်ကိုပါ။ အဲဒါတွေထက် သတိ မထားမိဆုံးကတော့ တစ်ချိန်က ကျင့်သုံးအောင်မြင်ခဲ့တဲ့ ဦးမင်းဥပဒေ (U Minn’s Law) ပဲ ဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ မြို့ကို လာတဲ့ လမ်းတစ်လျှောက်မှာ တမာပင်တန်းတွေ အစီအရီနဲ့ လှပနေပုံကိုတော့ ကျွန်တော်တို့ သတိထားမိပါတယ်။ အခြားတစ်နေရာကနေ ပြန်လာလို့ တမာပင်တန်းတွေကို မြင်လိုက်ရတိုင်း ငါတို့မြို့ကို ရောက်တော့မယ် ဆိုတဲ့ အသိက သွေးခုန်နှုန်းကို နှိုးဆွနေဆဲပါပဲ။ ကျွန်တော် တစ်ခါတစ်ခါ ဆက်စဉ်းစားမိတာက ရှေးက လူတွေများကွာ ဒီလို တမာပင်တွေ ဘယ်လိုများ စိတ်ရှည်လက်ရှည် စိုက်ခဲ့ကြတာပါလိမ့် လို့ပါ။ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရောက်တော့ ဦးလေး ဦးညွန့်မောင်နဲ့ သွားတွေ့ပြီ: သိချင်တာလေးတွေ သွားမေး ဖြစ်ပါတယ်။ အဲဒီမှာ အံ့သြစရာ ကောင်းတဲ့ U Minn’s Law ကို သိလိုက် ရသလို၊ ဦးမင်း အကြောင်းကိုလည်း သိခွင့် ရခဲ့ပါတယ်။ဦးမင်းက ယင်းမာပင်သား မဟုတ်ပါဘူး၊ လည်ငေါက်ရွာသားပါ။ အဲဒီအချိန်က ဦးမင်းဟာ ခရိုင် မြူနီစပယ်မှူး (ယခုခေတ်စကားနဲ့ ပြောရရင် ခရိုင် စည်ပင်သာယာ ဥက္ကဌ ပေါ့ ) ဖြစ်ပါတယ်။ ဒီတော့ သူက ဦးမင်းဥပဒေ (U Minn’s Law) ဆိုပြီး စည်ပင်သာယာ ဥပဒေတစ်ရပ်ကို ပြဌာန်းပါတယ်။ အဲဒီ သူပြဌာန်းလိုက်တဲ့ ဥပဒေထဲမှာ တမာပင်တစ်ပင် ရှင်အောင် စိုက်နိုင်ရင် (၃) နှစ်နေမှအပ် တစ်မူး၊ ကုက္ကိုပင် တစ်ပင်ကို ရှင်အောင်စိုက် နိုင်ရင်တစ်မတ် ဆိုပြီး ပါဝင်ခဲ့ရာ ယခု ကျွန်တော်တို့ မြင်တွေ့နေရတဲ့ တမာပင်တန်းတွေ၊ ကုက္ကိုပင်တန်းတွေ ဖြစ်ပေါ်လာခဲ့ ပါတော့တယ်။ ဘယ်လောက် ကောင်းလိုက်တဲ့ ဦးမင်းဥပဒေ (U Minn’s Law) လဲဗျာ၊ ကောင်းမှကောင်းပဲ…။ ဦးမင်းကလည်း အဲဒီ တမာပင်၊ ကုက္ကိုပင် တွေကို မြင်းနဲ့ စီးပြီးတော့ကို လိုက်ကြည့်ပြီး လက်ခံခဲ့တာလို့ သိရပါတယ်။
 
U Minn'sLaw in Yinmarbin

ဦးမင်း ဟာ အဲဒီအချိန်က ယင်းမာပင်ရှိ ဆယ်တန်း ကျောင်းသား/သူ တွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို အားမရလို့ သူကိုယ်တိုင် သင်ပေးချင်ပါတယ်လို့ ပြောခဲ့ဖူးသူပါ။ ဒါပေမယ့် သူကိုယ်တိုင် ကတော့ (၇)တန်းပဲ အောင်ပါတယ်။ အင်္ဂလိပ်လက်ထက် (၁၉၃၆-၃၇)မှာ အင်္ဂလိပ် ဘုရင်ခံ ဖိုးဝင်းတောင်ကို ရောက်လာတော့ ဖိုးဝင်းတောင်သမိုင်းကို လိုက်ပြီး ရှင်းပြပေးနိုင်ခဲ့သူပါ။ အဲဒီမှာ ဘုရင်ခံအပါအဝင် အတူပါလာသူတွေက သူ့ကို သဘောကျသွားခဲ့ပြီး ဘုရင်ခံ ကိုယ်တိုင်က ရွှေလက်စွပ်တစ်ကွင်း ဆုချခဲ့ပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Gazetteer တွေ လုပ်တဲ့အခါ သူ့ဆီကနေ အယူအဆတွေ၊ အမြင်တွေကို လှမ်းမေးပြီး ယူခဲ့ရပါတယ်။ဦးမင်းက နေရာတကာမှာ တော်တော်လေး နှံ့နှံ့စပ်စပ်ရှိပုံ ရပါတယ်၊ ယင်းမာပင်မြို့နယ်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းရာတွေကို ရေစုန်ရေဖျား လိုက်ကြည့်တဲ့ အခါတိုင်း ဦးမင်းကတော့ ဒီလို ပြောပြခဲ့တယ်၊ ဒီလို မှတ်ချက်​ ပေးခဲ့တယ် ဆိုတဲ့ စကားကို ဘယ်တော့မှ ရှောင်လို့ မလွတ်ခဲ့ပါဘူး။ (ဥပမာ− အမေရေရင် သမိုင်းပဲ ဖြစ်ဖြစ်၊ ပြာပုံရှင်မ မယ်ဖြူ သမိုင်းပဲ ဖြစ်ဖြစ်၊ အလောင်းတော် ကဿပ သမိုင်းပဲ ဖြစ်ဖြစ်ပါ) မြန်မာသမိုင်းထဲက အညာဒေသကို လေ့လာမယ်ဆိုရင် ပါဌိဘာသာကို သိသင့်တယ်၊ အကြေ (ရန်ကုန်ကဲ့သို့ မြန်မာပြည် အောက်ပိုင်း) ကို လေ့လာမယ်ဆိုရင် မွန်ဘာသာကို သိသင့်တယ် လို့ မှတ်ချက်ပေးခဲ့တဲ့ ဦးမင်းပါ။ သူ့မှတ်ချက်နဲ့ သူပြောပြတဲ့ အကြောင်းအရာတွေကတော့ လက်ခံဖွယ်ရာတွေ ပါပဲ။ အညာဒေသမှာ ဆိုရင် ပါဌိဘာသာ အခြေခံပြီး နေရာဒေသတွေကို အမည်ပေးလေ့ ရှိတတ်လို့ပါပဲ။ (ဥပမာ− အလက္ကပ္ပရွာ ဆိုပါတော့ အလ − စိမ်းလန်းသော၊ ကပ္ပ − ကုန်းမြေ ဖြစ်ပါတယ်။ သလ္လာ − ဆူးရှိသော၊ ဝတီ− မြစ် လို့ ဖြစ်ပါတယ်) အဲဒီလိုပဲ အကြေအရပ်တွေမှာ ဆိုရင်တော့ မွန်ဘာသာကို အခြေခံပြီး နေရာဒေသတွေကို အမည်ပေးလေ့ ရှိတယ်လို့ ပြောပါတယ်။နောက်တစ်ခုက ဦးမင်းဟာ နေရာတကာမှာ လေ့လာအားကောင်းတော့ အခွင့်အလမ်းကိုလည်း အခြားသူတွေထက် ပိုမြင်ခဲ့ပုံ ရပါတယ်။ ဒါကြောင့် တိုက်မဆောက် ကောင်းဘူးဆိုတဲ့ ယင်းမာပင်မြို့မှာ တိုက်ဝါကြီးတစ်လုံးကို ဟိုတယ်လုပ်မယ်ဆိုပြီး ဆောက်ခဲ့တာပါ။ သူသိတဲ့ သတင်းက ဘလုတ်ဘရားသား ကုမ္ပဏီ (ဦးနာအောက်နဲ့ အပြိုင်ကျဲခဲ့တဲ့ အိန္ဒိယကုမ္ပဏီ) ဟာ ယင်းမာပင်ထိ ရထားဖောက်မယ် ဆိုတဲ့ သတင်းပါ။ အဲဒီ သတင်းကလည်း အမှန်ပါပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ အစီအစဉ်ပြောင်း သွားခဲ့တော့ ဦးမင်းတစ်ယောက် ကိုးရိုးကားယား ဖြစ်ပြီး တိုက်ကြီးတစ်လုံး အဖတ်တင် ကျန်ခဲ့ရှာပါတယ်။အဲဒီလို ရထားလမ်းဖောက်တဲ့အခါ ယင်းမာပင်မှာ ဟိုတယ်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးမင်းဆောက်ခဲ့တဲ့ တိုက်ကြီးဟာ ၁၉၄၂ ဧပြီလ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနေဝင်းတို့ ရောက်လာတော့ ရုံးစိုက်ရာ တိုက်ကြီး ဖြစ်သွားခဲ့ပါ တော့တယ်။ ရက်ပေါင်း (၂၀) ကျော် ကြာအောင် ရုံးစိုက်သွားခဲ့ ပါတယ်။ ဗိုလ်ချုပ်တို့ကို လက်ခံ ကြိုဆိုခဲ့သူကတော့ အဲဒီအချိန်က (အင်္ဂလိပ်အပြေး ဂျပန်အတက်) မြို့သူကြီး ဖြစ်သူ ဦးသာဆင် ပါ။ ဗိုလ်ချုပ်တို့က ဦးမင်းတိုက်မှာ ရုံးဖွင့်ခဲ့ပေမယ့် တည်းခိုခဲ့တဲ့ နေရာက တစ်နေရာပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဦးအောင်ပွင့်အိမ်မှာ တည်းခိုပြီး ဦးနေဝင်းကတော့ ဦးသာဆင်အိမ်မှာ တည်းခဲ့တာ လို့ သိရပါတယ်။အဲဒီလို ဗိုလ်ချုပ်အောင်ဆန်းတို့ ယင်းမာပင်ကို ရောက်နေချိန်မှာ သခင်သန်းထွန်းက နောက်ကနေ လိုက်လာပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောစရာ ဆိုစရာ တစ်စုံတစ်ခု ရှိဟန် တူပါတယ်။
ထူးခြားတာက ဗိုလ်ချုပ်က သခင်သန်းထွန်းကို သူရုံးဖွင့်ထားတဲ့ ဦးမင်းတိုက်မှာ လက်ခံတွေ့ဆုံခြင်း မလုပ်ဘဲ အခြားနေရာတစ်ခုမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ (ဒီအကြောင်းကို ဟိုး.. အရင်က “ရှေ့သို့” စာစောင်မှာ စာရေးဆရာ ​မင်းခေါင်ဦး က “ဧရာဝတီမြစ်ဖျားမှ” ဆိုတဲ့ ဆောင်းပါးထဲမှာ ထည့်ရေးခဲ့ဖူးတာ တွေ့ရပါတယ်။)ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနေဝင်းတို့ အတွက် ယင်းမာပင်မြို့ကို အမှတ်တရ ဖြစ်စရာ အခြားအရာတွေ ရှိကောင်း ရှိနေနိုင်ပါတယ်၊ ဒါပေမယ့် သေချာတာကတော့ ဦးမင်းရဲ့ တိုက်ဝါကြီးကိုတော့ သူတို့ သေချာ မှတ်မိကြကြောင်း၊ အမှတ်တရ ရှိနေကြောင်း တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ပိုင်း ဦးနေဝင်း အာဏာရလာချိန် (မဆလ ခေတ် ဗိုလ်ချုပ်သန်းညွန့် တိုင်းမှူးဖြစ်စဉ်တုန်းက)မှာ
ဖိုးဝန်းတောင်ကို ရောက်တော့ ဦးနေဝင်းက မေးခဲ့ဖူးပါတယ်။

“မင်းတို့ ယင်းမာပင်မြို့မှာ ဟိုတိုက်ကွာ…”
“ဦ:မင်းတိုက်ပါ”
“အေး.. အေး.. ဟုတ်တယ်၊ မြို့နဲ့ တိုက်နဲ့တော့ မလိုက်ပါဘူးကွာ။ အဲဒီကိစ္စကကွာ နည်းမျိုးစုံနဲ့ လုပ်ပြီး တိုက်ကြီးဆောက်သွားတာပါပဲ။ ဒါကတော့ စကားအရပေါ့ကွာ….”

လို့ အမှတ်တရ ပြန်မေးခဲ့ ဖူးလို့ပါပဲ၊ ဗိုလ်ချုပ်လည်း ထိုနည်းလည်းကောင်း ရှိလိမ့်မယ်လို့ ယူဆမိပါတယ်။ ဦးမင်းရဲ့ တိုက်ဝါကြီးကို ကျွန်တော် ဒီစာရေးရင်းနဲ့တောင် ပြန်မြင်ယောင် လာမိသလို ပါပဲ။ အရင်က ဦးမင်းတိုက် အကြီးကြီးတင် မဟုတ်ပါဘူး၊ တိုက်ကြီးရဲ့ ဘေးပတ်လည်မှာ သနပ်ခါးပင်တွေ အပြည်နဲ့ ခြံအကျယ်ကြီးပါ။ ခုနောက်ပိုင်းတော့ ခြံကိုပိုင်းပြီး ရောင်းလိုက်လို့ တိုက်ကြီး တစ်နေရာစာနဲ့ ဘေးအနည်းငယ်သာ ကျန်တော့တာတွေ့ရ ပါတယ်။ ကျွန်တော် ယင်းမာပင်ကို ပြန်ရောက်တော့ အဲဒီ တိုက်ကြီးကို ဓာတ်ပုံရိုက်ဖို့ လက်ရှိတိုက်ပိုင်ရှင် အန်တီကို ခွင့်တောင်းတော့ ခွင့်ပြုလို့ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ (အဲဒီ အန်တီ မဝယ်သေးခင် အရင်က ဦးမင်းရဲ့ တိုက်ဝါကြီးကို ဘော်ဒါဆောင် ဖွင့်ခဲ့ပါတယ်)။ အဲဒီ အန်တီကတော့ လက်တောင်းကြီး ရွာဘက်ကလို့ ပြောပါတယ်။ သဘောကောင်းစွာနဲ့ပဲ ဓာတ်ပုံ ရိုက်ခွင့်ပေးခဲ့ သလို သူတို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း စကင်ဖတ်ခွင့် ပြုခဲ့ပါတယ်။ ကျေးဇူးအထူး တင်ရှိကြောင်းကိုလည်း ဒီစာထဲကနေ မှတ်တမ်းတင် ပြောကြားလိုပါတယ်။ နောက်… ဦးမင်းအကြောင်းတွေကို ပြန်လည် ပြောပြခဲ့တဲ့ ဦးလေး ဦးညွန်မောင်ကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။

ဦးမင်းတိုက်ဟာ တောင် မြောက် အလျား ပေ(၇၀) ခန့် ရှိပြီး၊ အရှေ့ အနောက် အနံ ပေ (၄၀) ခန့် ရှိတဲ့ နှစ်ထပ်တိုက် တစ်လုံးပါ၊ လသာဆောင်ပါတဲ့ ဆင်ဝင်တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့။ အောက်ထပ်မှာပဲ လူနေပြီး အပေါ်ထပ် ကတော့ လူမနေဘဲ ပစ္စည်းတွေသာ ထားတာကြောင့် ဖုန်တွေ၊ ပိုးမျှင်တွေနဲ့ ဖွေးဖွေး ပါပဲ။ တိုက်ရဲ့ အပေါ်ထပ် မျက်နှာစာ လေးဘက်မှာ သုံးဘက်စလုံးကို လသာဆောင် (အညာအခေါ် ဆိုရင်တော့ ဆင်ဝင်လို့ ခေါ်မယ် ထင်ပါတယ်) ထုတ်ထားတာ တွေ့ရတယ်။ မြောက်ဘက် တစ်မျက်နှာထဲပဲ လသာဆောင် မရှိတာ၊ မရှိတာကလည်း အဲဒီဘက် အောက်ထပ်မှာ ကားထားမယ့် အဆောင်တစ်ခုနဲ့ စားဖိုဆောင် တစ်ခုကို ထုတ်ထားလို့ပါ။ (ကားထားမယ့် အဆောင်လို့ ယူဆမိတာပါ၊ ဒါပေမယ့် အဲဒီခေတ်က ကားတွေ မပေါသေးတော့ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့) အပေါ်ထပ်ကို တက်ဖို့ လှေကား နှစ်စင်းတောင် တပ်ထားတာ တွေ့ရတယ်။ အိမ်အောက်ထပ်ရဲ့ တောင်ဘက်မှာ တစ်ခု၊ မြောက်ဘက်မှာ တစ်ခုပါ။ တောင်ဘက်က တစ်ခုကတော့ ထောင့်ချိုးနဲ့ နှစ်ဆင့်တက် လှေခါးပါ။ မြောက်ဘက်က လှေခါးကတော့ တစ်ဆင့်တည်း တက်တဲ့ လှေခါးဖြစ်ပြီး တော်တော်လေး မတ်ပါတယ်။


ကျွန်တော် သဘောကျမိတာကတော့ တောင်ဘက်က ထောင့်ချိုး နှစ်ဆင့်တက် လှေခါးမှာ သုံးထားတဲ့ သစ်တွေကိုပါ။ ခုခေတ်မှာ ဒီလို သစ်တွေ သုံးနိုင်ဖို့ တော်တော် ခက်ပါလိမ့်မယ်။

U Minn'sBuilding in Yinmarbin
 

U Minn'sBuilding in Yinmarbin

လက်ရှိတိုက်ပိုင်ရှင် အန်တီက သဘာဝဓာတ်မြေသြဇာ ထုတ်လုပ် ရောင်းချသူမို့ တိုက်အောက်ထပ် အလယ်ခန်း ကိုတော့ လုပ်ငန်းဆောင်ရွက်ရာ အခန်းအဖြစ် သတ်မှတ် အသုံးပြုထားတာ တွေ့ရတယ် ၊ “မြင့်ချမ်းသာ သဘာဝ ဓာတ်မြေသြဇာ” လုပ်ငန်းလို့လည်း သိရတယ်။ တိုက်ရဲ့ အတွင်းပိုင်း နံရံတွေကိုတော့ ခုနောက်ပိုင်းမှ အစိမ်းနုရောင် ပြန်သုတ်ထားတာ လို့လည်း ပြောတယ်၊ အရင် သူဝယ်တုန်းကတော့ ဝါတာတာ အရောင်နဲ့ တဲ့။

U Minn'sBuilding in Yinmarbin

ဒါကတော့ ကျွန်တော် သိသလောက် ဦးမင်းအကြောင်းနဲ့ သူဆောက်လုပ်ခဲ့တဲ့ တိုက်ဝါကြီး အကြောင်း အကုန်ပါပဲ။ ဦးမင်းရဲ့ နောက်ပိုင်း အကြောင်းတွေ ကိုတော့ ကျွန်တော် မသိတော့ပါဘူး၊ သူ ဘယ်အချိန်မှာ ဆုံးပါး သွားသလဲ၊ ဘယ်မှာ နောက်ဆုံး နေထိုင်ခဲ့လဲ စတာတွေ အားလုံးရောပေါ့။ တကယ်လို့ နောက်ထပ် သိရတာတွေ ရှိခဲ့ရင်လည်း ဆက်ရေးပါ့မယ်။ အခု ကျွန်တော်ရေးတဲ့ အကြောင်းအရာထဲက မှားနေတာ တစ်ခုခုကို ထောက်ပြချင်လို့ပဲ ဖြစ်ဖြစ်၊ သိတာ တစ်ချို့ကို ထပ်ဖြည့်ချင်လို့ပဲ ဖြစ်ဖြစ် ​ပြောပြချင်တာများ ရှိခဲ့ရင် Comment မှာ ပြောခဲ့ နိုင်ပါတယ်။