My Native Town

Facebook ကပေးသော အကောင်း(+) အဆိုး(−) များ

Facebook

Facebook ရဲ့ သမိုင်း

Facebook ကို ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ဇူကာဘတ်နဲ့ သူ့ရဲ့အတန်းဖော် သူငယ်ချင်းတွေက ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် ထုတ်လွှင့်ခဲ့ ပါတယ်။ ၂၀၀၉ ခုနှစ် အကုန်ထိ အကျိုးအမြတ်ရဖို့ မရည်ရွယ်ခဲ့ပေမယ့် ၂၀၁၀ ဇူလိုင်လမှာ သုံးစွဲသူ အရေအတွက် စုစုပေါင်းက သန်း ၅၀၀ ကျော်သွားခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂ တစ်ခုလုံးမှာရှိတဲ့ လူဦးရေထက် ပိုများတဲ့ အရေအတွက်ပါ။

Facebook ဟာ သူ့ရဲ့ အဓိကဝင်ငွေတွေကို ကြော်ငြာတွေ၊ Application တွေနဲ့ Credits ငွေပေးချေမှုတွေက ရရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေပေးချေမှုကို အသုံးပြုသူ မရှိသလောက် ရှားပါတယ်။ Facbook ပေါ်မှာ Famville နဲ့ Mefia War ဆိုတဲ့ ဂိမ်းတွေဟာ နာမည်ကြီးခဲ့ပါတယ်၊ ကွန်နက်ရှင် ခက်ခဲတဲ့ ကျွန်တော့်အတွက်တော့ အဲဒီဂိမ်းတွေကို မဆော့ဖြစ်ခဲ့ပေမယ့် ကျော်ခိုင်ရဲ့ အဆိုအရတော့ တော်တော်လေး မိုက်တယ်လို့ ဆိုပါတယ်။

Farmville နဲ့ Mefia War ဂိမ်းတွေဟာ Zynga company က စီစဉ်ပေးတဲ့ ဂိမ်းတွေပါ၊ အရင်ကတော့ Facebook ဟာ Zynga၊ Amazon တို့နဲ့ အတူလက်တွဲခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အားလုံးကို လက်တွဲဖြုတ်ခဲ့ပါတယ်။ ၂၀၁၂ ဇွန်လမှာ Facebook ဟာ ကိုယ်ပိုင် application store တစ်ခုအဖြစ် MobileAppCernter ကို မိတ်ဆက်ခဲ့သလို ဓာတ်ပုံတွေ ဝေမျှနိုင်တဲ့ Instagram ကိုလည်း ဝယ်ခဲ့ပါတယ်။ Facebook ရဲ့ UI ကို Timeline UI အဖြစ် ၂၀၁၂ အတွင်းမှာပဲ ပြောင်းလဲခဲ့သလို ဓာတ်ပုံအရွယ်အစား ကြီးမားသည့် ပုံများကို ဖော်ပြနိုင်မယ့် HomePage ဒီဇိုင်းကိုလည်း မကြာခင်က မိတ်ဆက်လာခဲ့ပါတယ်။

Facebook ရဲ့ ပြိုင်ဘက်များ

Facbook ရဲ့အဓိက ပြိုင်ဘက်များကတော့ Google+ (http://plus.google.com) နဲ့ Twitter (www.twitter.com) တို့ပါပဲ၊ ကျန်တာတွေ ရှိပေမယ့် ဒီနှစ်မျိုးကတော့ ထိပ်ဆုံးကနေ ပြိုင်ဆိုင်နေတဲ့ Social site တွေပါပဲ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ အမြင်အရတော့ Google+ ရော Twitter ပါ သူ့နည်းနဲ့ သူကောင်းပါတယ်၊ Facebook ထက် သာတဲ့နေရာလေးတွေလည်း ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် အတော်များများက ဒီနှစ်ခုလုံးကို သိပ်မသုံးကြပါဘူး။

Facebook ရဲ့ စွမ်းအားများ

အာရပ်နွေဦးတော်လှန်ရေးဟာ Facebook ပေါ်ကနေ စတင်ခဲ့သလို Facebook ပေါ်ကနေပဲ အင်အား ကြီးမားလာခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးအခင်းတွေ၊ မိထ္တီလာမြို့ ပရိပက္ခတွေမှာ Facebook ပေါ်က လှုံ့ဆော်မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ပါဝင်ခဲ့ပါတယ်။ အခြား လူမသိ သူမသိဘဲ ဖြစ်ပျက်ခဲ့ရတဲ့ အရှက်တကွဲ အကျိုးနည်း အဖြစ်အပျက်ပေါင်း များစွာဟာလည်း Facebook ပေါ်ကနေ ထွက်ပေါ်ခဲ့သလို Facebook ပေါ်မှာ ဆုံတွေ့ လက်တွဲခဲ့တဲ့ စုံတွဲတွေ၊ Facebook ပေါ်မှာ စုစည်းပြီး အများအကျိုးကို ဆောင်ရွက်နိုင်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းငယ်လေးတွေလည်း ရှိခဲ့ပါတယ်။ အဓိက ပြောချင်တာကတော့ Facebook ဟာ အတော်ကလေး စွမ်းအားရှိတဲ့ Social Media ပါပဲ၊ ကျွန်တော်တို့ “မြန်မာနိုင်ငံအတွက် Facebook ဟာ စတုထ္တမဏ္ဍိုင်ရဲ့ တာဝန်ကို လွှဲပြောင်းရယူထားတယ်” ဆိုတဲ့ ပြက်လုံးတွေ ပေါ်တဲ့အထိပါပဲ။

Facebook မှာ ဆင်ခြင်စရာများ

ဖြစ်နိုင်ရင် Facebook ပေါ်က Flame War (ပြဿနာမီးပွားစစ်ပွဲများ) တွေမှာ ဝင်မပါတာ အကောင်းဆုံးပါပဲ၊ မတတ်သာလို့ ဝင်ပါသင့်တယ် ဆိုရင်တောင် မိုက်ရိုင်းစော်ကားတဲ့ အသုံးအနှုန်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ Facebook ပေါ်မှာ မိမိအသုံးပြုနေတဲ့ နာမည်ဟာ တကယ့်နာမည်အရင်း မဟုတ်ဘူးဆိုရင်တောင် မိမိရဲ့ Nick (အမည်ပြောင်) ကိုတော့ တန်ဖိုးတစ်ခု ထားသင့်ပါတယ်။ ငါ့နာမည်မဟုတ်ဘူး၊ ငါ့ကို ဘယ်သူမှ သေချာ မသိနိုင်ဘူး ဆိုတဲ့ အမြင်မျိုးစွဲကိုင်ပြီး Facebook မှာ ကျင်လည်ရင်တော့ သင့်လိုလူစားမျိုးတွေနဲ့ချည်း တွေ့ရပါလိမ့်မယ်။ ရတနာရှိရာ ရတနာစု၊ အမှိုက်ရှိရာ ယင်အုံပါပဲ။ ချိုကုပ်ရှိရာ ချိုထောင်မလာပါဘူး။

တကယ်လို့ နာမည်က Nick (အမည်ပြောင်) တစ်ခု ဖြစ်နေဦးမယ်ဆိုရင်တောင် အတတ်နိုင်ဆုံး Facebook ပေါ်မှာ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို အမှန်ကန်ဆုံး ထည့်သွင်းသင့်ပါတယ်။ အများစု ကျူးလွန်လေ့ ရှိတဲ့ အမှားကတော့ အမှန်အတိုင်း မဖြည့်စွက်တာ ဖြစ်ပါတယ်၊ အဲဒီအတွက် နောက်ဆက်တွဲက မျှော်လင့်ထားသလို ကိုယ့်ရဲ့ မိတ်ဟောင်းဆွေဟောင်း၊ သူငယ်ချင်းဟောင်းတွေနဲ့ ပိုပြီး အလှမ်းဝေးကွာ သွားစေတာပါပဲ။ ဥပမာ− ယင်းမာပင်မြို့ကို ဇာတိမြို့လို့ ထည့်ထားရင် Facebook က ယင်းမာပင်ဇာတိ မြို့သူ/သား တွေနဲ့ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်ရဲ့ အချက်အလက်တွေ ထည့်ထားပြီးပြီဆိုတာနဲ့ ကိုယ့်ရဲ့ Facebook အကောင့်ကို တန်ဖိုးထားဖို့ လိုအပ်လာပါလိမ့်မယ်၊ ကိုယ့် Nick ဟာ လူတကာကို ရန်စ၊ မချေမငံ တာမျိုး ဖြစ်နေရင်တော့ မကောင်းပါဘူး။ အရေးအကြီးဆုံးကတော့ ကိုယ့် Facebook အကောင့် စကားဝှက် (Password) ကို ဘယ်သူနဲ့မှ ဝေမျှ မသုံးစွဲဖို့ပါပဲ။ ဖြစ်တတ်တဲ့ သဘာဝက ချစ်သူ/ရည်းစား အများစုဟာ ဒီရောဂါ ရှိတတ်ကြပါတယ်၊ သူ့အကောင့် ကိုယ်သုံး… ကိုယ့်အကောင့် သူသုံးနဲ့…. အဆင်မပြေတဲ့ တစ်နေ့မှာ အရှက်တကွဲ အကျိုးနည်းရကိန်း ပါပဲ။ အဲဒီလို အရှက်တကွဲ မဖြစ်ခဲ့ရင်တောင် ကိုယ့်အကောင့်ကို သူယူသုံးတာက ကိုယ့်သူငယ်ချင်းတွေကိုပါ စော်ကားခွင့်ပြုလိုက်တဲ့ သဘောမို့ ကျွန်တော်ကတော့ အဲလို လူတွေရှိရင် block လုပ်ပစ်လိုက်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဇာတ်ရှုပ်တွေမှာ မြေဇာပင် ဖြစ်တတ်လို့ပါ။

Facebook မှာ ဖြစ်တတ်တာတွေ

အဖြစ်အများဆုံးက Log In ဝင်လို့ရပြီး သုံးလို့မရဘဲ Lock ကျနေခြင်း ဖြစ်ပါတယ်၊ Facebook က security ကို အတတ်နိုင်ဆုံး အထိမခံပါဘူး။ IP address ပြောင်းသုံးရင်တောင် တကယ် အသုံးပြုနေကျသူ ဟုတ်မဟုတ် ဆန်းစစ်တတ်ပါတယ်။ ဒီတော့ Lock ကျတာက ကျွန်တော့်အတွက် ဖြစ်နေကျလိုပါပဲ။ ဒါပေမယ့် အမျိုးမျိုးဖြစ်တတ်ပါတယ်၊ ပထမအကြိမ် Lock ကျစဉ်က နေရာရွေးခိုင်းပါတယ်၊ ဒုတိယအကြိမ်မှာ သူငယ်ချင်းတွေ ဓာတ်ပုံပြပြီး ဘယ်သူလဲ ရွေးခိုင်းပါတယ်၊ တတိယအကြိမ်မှာ ဖုန်းနံပါတ် သွင်းလိုက်မိတဲ့ အတွက် ဖုန်းဆီကို SMS ပို့ပေးမယ် လုပ်ပါတယ်။ အဲဒီ တတိယအကြိမ်မှာ ကွဲတော့တာပါပဲ၊ ဖုန်းခေါ်ရင်တော့ လက်ခံလို့ရပေမယ့် မြန်မာနိုင်ငံက International SMS ကို လက်မခံနိုင်သေးပါဘူး။ နောက်ဆုံး SMS လက်ခံလို့ရတဲ့ www.pinger.com ကို သုံးလိုက်ရပါတယ်၊ ဒါပေမယ့် တော်တော်လေး ရွာလည်ပါတယ်။ ဒါကြောင့် ဖုန်းနံပါတ်ထည့်မယ်ဆိုရင် သေချာ စဉ်းစားသင့် ပါတယ်။

နောက်တစ်ခု ဖြစ်တတ်တာက Facebook ထဲမှာ တစ်ချို့သူတွေကို invite လုပ်မရခြင်းပါ၊ သူ့ရဲ့ Facebook Profile ကို သွားကြည့်ပေမယ့် “add friend” မပေါ်ဘဲ Follow သာ လုပ်လို့ရနေတာမျိုးပါ။ အဲလိုပေါ်နေရတာဟာ ထိုသူက သူ့ရဲ့ Facebook Account ကို Privacy Setting ထဲမှာ လုံခြုံရေးအဆင့်မြှင့်မှု လုပ်ထားလို့ ဖြစ်ပါတယ်၊ ဥပမာ−သူနဲ့ ဆက်စပ်မှု ရှိသူသာ invite လုပ်နိုင်တယ်ဆိုတာမျိုးပါ၊ ဆက်စပ်မှုရှိတယ်ဆိုတာ ဇာတိမြို့ချင်း တူတာမျိုး၊ ကျောင်းချင်းတူတာမျိုး၊ ရောက်နေတဲ့ နေရာချင်း တူတာမျိုး ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲလိုမျိုး ဖြစ်နေတယ်ဆိုရင်တော့ Message ပို့ပြီး သူ့ကို ပြန် Invite လုပ်ခိုင်းနိုင်သလို၊ သူနဲ့ တစ်နေရာရာမှာ (ဥပမာ−ဇာတိမြို့၊ ကျောင်း) တူအောင် ကိုယ့် Profile ထဲမှာ ပြောင်းထားလိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မယ်။

Facebook မှာ “Friends You May Know” ဆိုပြီး ပြနေပေမယ့် ကိုယ်နဲ့ လုံးဝ မသိတဲ့သူတွေကို ( Mutual Friends မဟုတ်တဲ့ သူတွေ၊ Mutual Friends ဆိုတာ သူငယ်ချင်းရဲ့ သူငယ်ချင်း(Friends of Friends) လို့ အဓိပ္ပါယ် ရပါတယ်။ ကျွန်တော်နဲ့ မောင်လှ သူငယ်ချင်း ဆိုရင် မောင်လှသူငယ်ချင်းတွေ အားလုံးဟာ ကျွန်တော့်ရဲ့ Mutual Friends တွေပါပဲ) invite လုပ်ခြင်းအား တားမြစ်ထားပါတယ်။ တကယ်လို့ ကိုယ် invite လုပ်လိုက်တဲ့သူ တစ်ဦးက ကိုယ့်ကို reject လုပ်လိုက်ရင် Facebook က ဒီလိုလုပ်ရပ်ကို annoying (သူတစ်ပါးကို နှောင့်ယှက်တယ်) လို့သတ်မှတ်ပြီး (၂)ရက်တိတိ အခြားသူတွေကို invite လုပ်ခွင့် ပိတ်ပါတယ်။ အဲဒီလို အပိတ်ခံရတဲ့ (၂)ရက် အတွင်းမှာ အခြားသူတွေကိုလည်း invite လုပ်ထားတယ်ဆိုရင် အဲဒီ Friend Request Invite တွေကို ပါယ်ဖျက်မလားလို့ မေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ invite လုပ်ခွင့် (၂)ရက် အပိတ်ခံထားရဆဲမှာ ထပ်ပြီး နောက်တစ်ယောက်က Reject လုပ်ရင် (+၂)ရက်ပေါင်းပြီး (၄)ရက်ဖြစ်သွားမှာ မို့လို့ပါ။ အဲလိုပဲ တစ်ယောက်က Reject လုပ်လိုက်တိုင်း (+၂)ရက် ထပ်,ထပ် ပေါင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို invite အပိတ်ခံရတဲ့ ရက်တွေမှာ ကိုယ့် သူငယ်ချင်း မဟုတ်သေးသူတွေဆီ message ပို့ခွင့်ကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။ ခဏခဏ Reject ထိလာရင် သတိထားသင့်ပါတယ်၊ Facebook က သင့်ကို black list သွင်းပြီး စောင့်ကြည့်ပါလိမ့်မယ်။

Facebook အကောင့်ကို တစ်ယောက်ယောက်က Poke တယ်၊ Report တယ်…

ကိုယ့်ရဲ့ Facebook Account (or) Page ကို တစ်စုံတစ်ယောက်က Poke လုပ်သွားတယ် ဆိုပါတော့၊ ဒါဟာ စနောက်သွားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အနီးစပ်ဆုံး ဘာသာပြန်ရရင် ကိုယ့်ကို လာတို့ပြီး စသွားတာလို့ ပြောရပါမယ်။ ဒီအတွက် ဘာဖြစ်လဲ… ကိုယ်ကို လာစ (Poke) သွားတဲ့ သူရဲ့ အကောင့်ကို (၃) ရက်အတွင်း အတားအဆီးမရှိ အရင်းနှီးဆုံး အနေအထားနဲ့ မြင်တွေ့ခွင့် ရသွားပါတယ်။ သူ့ရဲ့ Profile ထဲက plublic လုပ်မထားတဲ့ အချက်အလက်တွေကို မြင်တွေ့ခွင့် ရသွားတာပါ။ ကိုယ်က ပြန် Poke လုပ်လိုက်မယ်ဆိုရင် သူကလည်း ကိုယ့်ကို အဲလိုပဲ မြင်တွေ့ခွင့် (၃) ရက်တိတိ ရသွားမှာ ဖြစ်ပါတယ်။ ဒီလို Poke လုပ်တာကို Report နဲ့ ရောပြီး ကိုယ့်ကို နာမည်ဆိုးစာရင်း ပေးတယ်လို့ ယူဆပြီး အပြန်အလှန် Poke နေကြတဲ့ သူတွေလည်း အများအပြားပါပဲ…

ကိုယ့်ရဲ့ Facebook Account (or) Page ကို တစ်စုံတစ်ယောက်က Report လုပ်သွားတယ် ဆိုရင်တော့ မကောင်းပါဘူး၊ ကိုယ့်ကို မကောင်းကြောင်း Facebook ဆိုဒ်ကို အကြောင်းကြားလိုက်တာပါ။ ကိုယ့်ကို သူ တစ်ယောက်တည်းက Report လုပ်တယ်ဆိုရင် အကြောင်းမဟုတ်ပေမယ့် တစ်ယောက်ထက် များလာပြီဆိုရင်တော့ ကိုယ့် Facebook Account ကို အပိတ်ခံ/အဖျက်ခံ ရပါလိမ့်မယ်။ နောက်တစ်ကြိမ်လည်း လက်ရှိ email address နဲ့ အကောင့်သစ် ဖွင့်ခွင့် ပေးမှာ မဟုတ်တော့ပါဘူး။ အကောင်းဆုံးကတော့ ဘယ်တစ်ဦးတစ်ယောက်ရဲ့ သတင်းပို့ခြင်းကို မခံရတာပါပဲ၊ နို့မို့ဆိုရင်တော့ အကောင့် အပိတ်မခံရတောင် စောင့်ကြည့်စာရင်းထဲ ရောက်သွားနိုင်ပါတယ်။

Facebook မှာ အသုံးများတဲ့ Tips တွေ

Comment တွေ၊ Post တွေမှာ ကိုယ့်ရဲ့ သူငယ်ချင်းနာမည်ကို link လုပ်ချင်တဲ့အခါ “@” ဆိုတာလေးကို အရင်ရေးပြီး ကိုယ့်သူငယ်ချင်းနာမည်ကို ရိုက်ပါတယ်။ (ဥပမာ − သူငယ်ချင်းနာမည်က AyeAye ဆိုပါတော့၊ @AyeAye ) လို့ ရိုက်ပါတယ်။) ဒါကို Mention လုပ်တယ်လို့ ခေါ်ကြပါတယ်၊ အဓိက ကတော့ ကိုယ့်သူငယ်ချင်းကို link လုပ်လိုက်တာပါပဲ။ သာမန်စာသားတွေက အနက်ရောင်လေး ဖြစ်နေပြီး link လုပ်ထားတဲ့ သူငယ်ချင်းနာမည်က အပြာရောင်စာသားလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒါကို မြန်မာနာမည်တွေ မှာလည်း လုပ်လို့ရပါတယ်၊ ကိုယ့်သူငယ်ချင်းနာမည်က “မောင်မောင်” ဆိုပါတော့၊ @မောင်မောင် လို့ ရိုက်ပါတယ်။

Comment တွေ၊ Post တွေမှာပဲ နောက်ထပ် အသုံးပြုလေ့ ရှိကြတာက Chat Emotions (or) Smileys တွေပါပဲ… အောက်ကပုံလေးကိုသာ ကြည့်လိုက်ပါ….

Facebook သုံးရတာ ပျော်စရာပါ

အကောင်း (+) ။ Facebook ကို သုံးရတာ တော်တော်လေး ပျော်စရာကောင်းပါတယ်၊ ထူးထူးဆန်းဆန်း အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သတင်းတွေ၊ ဆောင်းပါးတွေကို အလွယ်တကူ ဖတ်လို့ ရပါတယ်။ တစ်ချို့ဟာသတွေဆို ရယ်ရလွန်းလို့ တစ်ယောက်တည်း မနည်း ကျိတ်ရယ်နေခဲ့ရတဲ့ အထိပါပဲ။ ပေါက်ပေါက်ရှာရှာ နိုင်လွန်းတဲ့ အတွေးအခေါ်တွေကိုလည်း တွေ့မြင်ရတတ်ပါတယ်။

အဆိုး (−) ။ Facebook ဟာ ဆေးလိပ်၊ အရက်လို စွဲလန်းစေတတ်လို့ သူ့အတွက် အချိန်တော်တော်လေး ပေးနေရပါတယ်။ ကိုယ့်အတွက် အကျိုးရှိမယ့် သတင်းတစ်ခု ဖတ်ဖို့ အခြား ပေါက်တတ်ကရ သတင်း ကိုးခုလောက်ကိုပါ ဖတ်ဖြစ်နေရပါတယ်။ တစ်ကယ်လို့ ကိုယ့် သူငယ်ချင်းစာရင်း ထဲမှာ ပြဿနာ မီးထွန်းရှာနေတဲ့ သူတွေပါရင် ပိုဆိုးပါတယ်၊ ဘာတွေဖြစ်လို့ သူတို့ ပြသနာဖြစ်နေရတာလဲ သိချင်စိတ်နဲ့ ပေါက်တတ်ကရ သတင်းနောက်ကို လိုက်မှန်းမသိ လိုက်နေမိတတ်ပါတယ်။ တကယ်တမ်း Facebook အသုံးပြုသူ အများစုက သတင်းတွေကို ပြုစုရေးသား နေတာထက် သူများတကာ သတင်းတွေကို လိုက်ပြီး ဝေမျှနေတာက ပိုများပါတယ်။

Facebook က မိတ်ဆွေဟောင်းတွေကို ကူညီချိတ်ဆက်ပေးတယ်

အကောင်း (+) ။ Facebook က ကိုယ်ကိုယ်တိုင် မေ့နေတဲ့ သူငယ်ချင်းတွေကိုတောင် ပြန်ရှာပြီး ချိတ်ဆက်ပေးနိုင်ပါတယ်။ တစ်ချိန်က သင်သတိမထားမိတဲ့ သင့်ဇာတိမြို့သူ/သား တွေနဲ့လည်း ပိုပြီး ရင်းနှီးနွေးထွေးလာစေပါတယ်။ တစ်ချို့ဆို အထက်တန်းကျောင်းသား ဘဝက ငယ်ချစ်ဦးနဲ့တောင် ပြန်လည်ဆုံတွေ့ လက်တွဲနိုင်တဲ့ အထိပါပဲ…။ အကောင်းဆုံးကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ဘယ်နေရာရောက်ရောက် (အင်တာနက်သာ ရှိမယ်ဆိုရင်) အဆက်မပြတ်နိုင်တော့ တာပါပဲ။

အဆိုး (−) ။ ကိုယ်ရေးအချက်အလက်တွေကို အမှန်အတိုင်း ထည့်မထားတဲ့အခါ Facebook ချိတ်ဆက်ပေးတဲ့ သူတွေက သူစိမ်းတွေချည်းပါပဲ။ ကိုယ်ကလည်း ခပ်လန်းလန်းဆို ပေါင်းထည့်၊ ခပ်မိုက်မိုက်လေး ဆို ပေါင်းထည့်နဲ့ သူငယ်ချင်းသာ များလာပြီး ဘာမှ အကျိုးမထူးပါဘူး။ လေဒီဂါဂါမှာ ရှိတဲ့ သူငယ်ချင်းတွေလိုပါပဲ၊ သူငယ်ချင်းတစ်ယောက်စီကို “A” ဆိုတဲ့ အက္ခရာတစ်လုံးလောက် ပို့မယ်ဆိုရင်တောင် သူ့သူငယ်ချင်း သုံးပုံတစ်ပုံပြည့်အောင် လေဒီဂါဂါ မပို့နိုင်ပါဘူး။ အရေအတွက်သာ များပြီး ကိုယ့်အတွက် အကျိုးမထူးဘဲ Facebook အတွက်သာ အသုံးပြုသူ ဘယ်လောက်ရှိတယ်ဆိုတဲ့ အရေအတွက် ဖြစ်သွားပါတယ်။

အဆိုးတကာ့ အဆိုးဆုံးကတော့ သူငယ်ချင်းတွေနဲ့ စားပွဲတစ်ဝိုင်းတည်းမှာ ငုတ်တုတ်ရှိနေရက်နဲ့ ဖုန်းကြီးတကိုင်ကိုင်လုပ်ကာ ခေါင်းကြီးငုံ့ပြီး Facebook ပေါ်က သူငယ်ချင်းတွေနဲ့ လုံးထွေးနေတဲ့ အဖြစ်ပါ။ တော်တော်လေး ဆိုးရွားတဲ့ အပြုအမူပါပဲ၊ Facebook ဟာ တကယ့် လက်တွေ့ဘဝကို လျစ်လျူရှုဖို့ ဖိအားပေးနေတာကတော့ သေချာပါတယ်။ လက်ရှိဘဝကို ထွက်ပြေးချင်တဲ့ သူတွေအတွက်တော့ ကောင်းမွန်ပေမယ့် လက်ရှိဘဝကို မျက်ကွယ်ပြု ထွက်ပြေးတာဟာ အမိုက်မဲဆုံးလို့ ကျွန်တော် ယူဆမိပါတယ်။

Facebook ပေါ်က ဓာတ်ပုံတွေက မိုက်တယ်…

အကောင်း (+) ။ Facebook ပေါ်က ဓာတ်ပုံတွေဟာ Facebook ကို ကြိုက်ရတဲ့ အဓိက အချက်ပါပဲ၊ Facebook အသုံးပြုသူ အများစုဟာ သူတို့ရဲ့ အလုပ်၊ ခရီးသွား မှတ်တမ်းဓာတ်ပုံတွေ၊ သူငယ်ချင်းတွေနဲ့ မင်္ဂလာဆောင်စဉ်က ဓာတ်ပုံတွေကို တင်ပေးပြီး ဓာတ်ပုံထဲမှာ ပါဝင်တဲ့သူ အချင်းချင်း tag လုပ်ကြပါတယ်။ အဲလို ဓာတ်ပုံတွေကို ပြန်မြင်ရတိုင်း ကျွန်တော့်အသက်က ပြန်ငယ်သွားသလိုပါပဲ၊ အဲဒီအချိန်က ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုလေးတွေကိုလည်း ပြန်လည်အမှတ်ရ ကြည်နူးမိပါတယ်။ Facebook ဟာ သူငယ်ချင်းတွေ အချင်းချင်းကြားမှာ ဓာတ်ပုံတွေ ဝေမျှဖို့ အကောင်းဆုံး tools တွေ (ဥပမာ − Instgram) ကိုလည်း အရန်သင့် ပေးထားတာမို့ အလွယ်တကူ အသုံးပြုနိုင်တာကလည်း တော်တော်လေး ကောင်းပါတယ်။ နောက်ပြီး မှန်ထဲကို ဖုန်းနဲ့ ချိန်ပြီး ရိုက်ထားတဲ့ နှုတ်ခမ်းစူစူလေးတွေ၊ လျှာတစ်လစ်လေးတွေ ကလည်း ကျွန်တော့်ကို ပိုပြီး နုပျိုစေတယ်လေ…။

အကောင်းတကာ့ အကောင်းဆုံးကတော့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတဲ့ Up to Date သတင်းဓာတ်ပုံတွေကို အချိန်နဲ့ တပြေးညီ မြင်တွေ့ရမှု့ပါပဲ။

အဆိုး (−) ။ အခုလို နည်းပညာခေတ်ကြီးထဲမှာ ကွန်ပျူတာ (သို့မဟုတ်) အင်တာနက် ပေါ်က ဓာတ်ပုံတစ်ပုံကို ယုံကြည်တယ်ဆိုရင်တော့ ခင်ဗျားဟာ တော်တော်လေးခေတ်နောက်ကျ ကျန်ခဲ့ပြီ ဆိုတာကို နားလည်လိုက် ဖို့ပါပဲ။ ဓာတ်ပုံတစ်ပုံကို စိတ်ကြိုက် ပြင်ဆင် တည်းဖြတ်လိုက်တာနဲ့ မူရင်းပုံနဲ့ ဆန့်ကျင့်ဘက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Facebook ပေါ်မှာ တွေ့ရတဲ့ သတင်းဓာတ်ပုံတိုင်းကို အမှန်လို့ ယူဆလိုက်ရင် လုံးဝ မှားပါလိမ့်မယ်။ ချွင်းချက်တစ်ခု အနေနဲ့ အဲဒီသတင်းဓာတ်ပုံ ဘယ်ကနေ လာတာလဲ ဆိုတာပေါ် မူတည်ပြီး မှန်နိုင်/မှားနိုင် ခြေကို သုံးသပ်ယူရပါလိမ့်မယ်။

နောက်ပြီး လူတွေဟာ အပြင်မှာ အူကြောင်ကြောင် မလုပ်ရဲသမျှ Facebook ပေါ်မှာ အတိုးချပြီး လုပ်နေကြသလားတောင် မပြောတတ်အောင်ပါပဲ။ သေချာတာကတော့ အဲလို ပြင်ပလောကမှာ မလုပ်ရဲတဲ့ အပြုအမူဓာတ်ပုံတွေ တင်နေတဲ့သူရဲ့ မိဘဆွေမျိုးတွေ Facebook ပေါ်မှာ မရှိကြဘူး ဆိုတာပါပဲ။ တကယ်လို့ သူ့ မိဘဆွေမျိုးတွေ မြင်ရတဲ့အခါ ဒါကျွန်တော် တင်ထားတာပါ ဆိုပြီး လက်မထောင် ပြောကြမလား၊ မထင်ပါဘူး….။ အဲလို ပုံတွေကို မြင်နေရတဲ့ ဒုက္ခကလည်း မသေးပါဘူး…။

Facebook ပေါ်မှာ ကိုယ်သိချင်တာတွေကို စုံစမ်းနိုင်တယ်…

အကောင်း (+) ။ ကိုယ့်သူငယ်ချင်းတွေရဲ့ အလုပ်အကိုင်၊ အကြိုက်တွေ၊ ဝါသနာတွေက အစ… သူ ဘယ်နှစ်မှာ ဘာတွေလုပ်ခဲ့တယ် ဆိုတာအထိ သိနိုင်ပါတယ်။ နာမည်ကျော် company တိုင်းကလည်း Facebook ပေါ်မှာ Fun Page တစ်ခု တည်ဆောက်ထားလေ့ ရှိတာမို့ အရာရာကို Facebook မှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ Facebook ရဲ့ Auto Suggestion tools တွေကလည်း ကွန်နက်ရှင် ကောင်းခဲ့မယ်ဆိုရင် လက်လက်ကို ထလို့ပါပဲ။ အခုနောက်ပိုင်း ရှာဖွေမှုပုံစံကို အဆင့်မြှင့်လိုက်တဲ့ Graph Search မှာဆိုရင် Google တောင် လိုက်မမီနိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

ကိုယ်စိတ်ဝင်စားရာ အကြောင်းအရာနဲ့ ပတ်သက်တဲ့ Group တွေအများကြီး ရှိနေတာကလည်း ကိုယ်လိုချင်တာရှာဖို့ ပိုပြီးတော့ လွယ်ကူစေပါတယ်၊ ဟိုး အရင်က ဒီလို Group တွေကို ချိတ်ဆက်ဖို့ Forum တွေမှာ ဒေါင်းတောက်အောင် ဝင်ရှာခဲ့ရတာပါ။

အဆိုး (−) ။ ကိုယ့်အချက်အလက်တွေကို သေချာ ကာကွယ်မထားရင် လူတကာက အလွယ်တကူ ရှာတွေ့နိုင်တာမို့ အတော်လေး ဂရုစိုက်သင့်ပါတယ်။ ဥပမာ−ကိုယ့်သူငယ်ချင်း မဟုတ်ရင် မြင်ခွင့်မရှိ (Friends Only) လုပ်ထားတာမျိုး၊ အချို့အရေးကြီး အချက်အလက်တွေကို ကိုယ်သာမြင်တွေ့ခွင့်ရှိတာမျိုး (Only Me) လုပ်ထားသင့်ပါတယ်။ မဟုတ်ရင်တော့ အန္တရာယ်များလွန်းပါတယ်။ Facebook ကို အသုံးပြုတဲ့ email address ကို ဖော်ပြထားတာမျိုးဟာ အရမ်းကို အန္တရာယ်များပါတယ်၊ Three Trusted Friends လို့ တိုက်ခိုက်မှုမျိုးနဲ့ ကိုယ့် Facebook အကောင့်ကို ယူသွားလို့ရပါတယ်။

အများစုက Group တွေကို (Join) ဝင်လိုက်ပေမယ့် တကယ်တမ်း ဘာမှထိထိရောက်ရောက် ပြောဆို လုပ်ကိုင်ကြတာ မရှိကြပါဘူး၊ နောက်…. Fun Page တွေ အများကြီးကို Like လုပ်ထားပေမယ့် အကုန်လုံးကို မကြည့်အားကြပါဘူး။ ဒါကြောင့် Group တွေကို ဝင်ထားလည်း အဖွဲ့ဝင် ဆိုတာကလွဲပြီး မထူးခြားလာရင် မဝင်တာက ပိုကောင်းပါတယ်။ တချို့ အဖွဲ့တွေဟာ ကွန်ပျူတာရှေ့ ထိုင်ပြီး ကလစ်နှိပ်နေတဲ့ အဆင့်ကလွဲပြီး ဘာမှ လှုပ်ရှားမှု မရှိကြပါဘူး။ တကယ်မကြိုက်ဘဲနဲ့ တစ်စုံတစ်ရာ အကျိုးမျှော်ကိုးပြီး Fun Page တွေကိုလည်း Like လုပ်မနေပါနဲ့၊ သင့်နံရံ (Facebook Wall) ညစ်ပတ် ရှုပ်ပွတာပဲ အဖတ်တင်ပါလိမ့်မယ်။

Facebook ပေါ်က Status Update နဲ့ Event တွေ

အကောင်း (+) ။ ကျွန်တော်က မုံရွာမြို့ ကို ရောက်နေတဲ့အကြောင်း Status Update တင်ဖြစ်လိုက်တာကြောင့် မုံရွာက သူငယ်ချင်းတစ်ချို့က သူတို့နဲ့ လာဆုံဖို့ ဖိတ်ခေါ်တာနဲ့ အလွယ်တကူ တွေ့ဆုံနိုင်ခဲ့တယ်။ အဲလိုပဲ ကျွန်တော့် မွေးနေ့ပွဲအတွက်လည်း သူငယ်ချင်းတွေကို Event တစ်ခု ဖန်တီးပြီး အလွယ်တကူ ဖိတ်လိုက်နိုင်တယ်။ Status Update တွေဟာ သူငယ်ချင်းတွေနဲ့ အနီးစပ်ဆုံး ရှိနေတယ်လို့ ခံစားရစေပါတယ်၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှု အတက်အကျ များစွာကို ဝေမျှခံစားဖို့ အကောင်းဆုံး tool တစ်ခုပါပဲ။

အဆိုး (−) ။ Facebook ပေါ်က Status Update နဲ့ Event တွေဟာ တကယ့်လက်တွေ့ ဘဝနဲ့ ကိုက်ညီမှုရှိရဲ့လား စဉ်းစားစရာ များစွာရှိပါတယ်။ Status Update တွေ လိမ်ညာရေးသားနေတဲ့ သူတွေကို ယုံကြည်ပေး လိုက်ရမှာလား၊ တောင်သွားမယ်ဆိုပြီး မြောက်ရောက်နေတဲ့သူတွေ တစ်ပုံကြီးပါပဲ။ ဒီနေ့ပျော်လိုက်တာလို့ ပြောပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သူတွေကိုလည်း တွေ့နေရတာက ပိုပြီး စိတ်ကုန်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုကိုယ် မင်းသား/မင်းသမီးလို့ ထင်နေမယ်ဆိုရင်တော့ ကိုယ့်တစ်နေ့တာ လှုပ်ရှားမှု အားလုံးကို Facebook Status Update ကနေသာ live လွှင့်လိုက်ပါတော့၊ ကျွန်တော့်အတွက်တော့ နေ့စဉ်ဖြစ်ပျက်နေတဲ့ ထူးမခြားနား အဖြစ်အပျက်တွေကို ပြောပြနေဖို့ စိတ်ကူးမရှိတာကြောင့် Status Update ဟာ လိုအပ်သလောက်ပဲ ဖြစ်သင့်တယ်လို့ ယုံကြည်မိပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ ဘဝအတွေ့အကြုံ အရာရာအားလုံးကို အင်တာနက်ပေါ် တင်မှ ပြည့်စုံတယ်လို့ ထင်နေရင်တော့ ခင်ဗျားသဘောပါပဲ…

အခု ကျွန်တော်ရောက်နေတာက တာချီလိတ်မြို့ပါ၊ ဒါပေမယ့် ကျွန်တော့်ဆီကို ဝင်လာတဲ့ Event တွေ အားလုံးက ရန်ကုန်မြို့မှာလုပ်မယ့် ပွဲတွေကို တက်/မတက် ဖိတ်ကြားတဲ့ Event တွေ ဖြစ်နေတာကလည်း တစ်ခါတစ်ခါ စိတ်ရှုပ်ရလေ့ ရှိပါတယ်။ ဒါကြောင့် Event တွေကို သုံးတဲ့အခါ သတင်းသဘောမျိုး သုံးမှာလား၊ တကယ်ဖိတ်ကြားမှာလား သေချာ စဉ်းစားသင့်ပါတယ်။

Facebook Connect ကနေ အခြားဆိုဒ်တွေကို တန်းသုံးလို့ရတယ်

အကောင်း (+) ။ Facebook ရဲ့ သြဇာဟာ အခြား website တွေအပေါ်မှာ အများကြီး လွှမ်းမိုးမှုရှိလာတဲ့အတွက် အခြား Website အတော်များများဟာ Login ဝင်ဖို့အတွက် UserName , Password တွေ သီးခြားထပ်မံ ရိုက်ထည့်ပြီး ဝင်စရာမလိုတော့အောင် Facebook Connect ကို အသင့် လုပ်ပေးထားကြပါတယ်။ ကိုယ့်ရဲ့ Facebook ကို ဖွင့်ထားပြီး အခြား ကိုယ်သုံးနေတဲ့ Website ဆီကို Facebook Connect ကတစ်ဆင့် တိုက်ရိုက်အသုံး ပြုနိုင်ပါတယ်။ ဒါဟာ စကားဝှက် တွေ အလွှတ်ကျက်မှတ်ထားရတဲ့ ဒုက္ခကနေ ကင်းဝေးစေသလို အချိန်ကုန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် Facebook နဲ့ ချိတ်မထားတဲ့ ဆိုဒ်အတော်များများကို မပြည့်စုံတဲ့ website တွေလို့တောင် ထင်နေမိပါတယ်။ Facebook Connect မရှိခဲ့တုန်းကတော့ Google ရဲ့ Open ID ကို သုံးဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ Facebook Connect ဟာ အသုံးပြုရ အလွယ်ကူဆုံး ဖြစ်နေပါတော့တယ်။

အဆိုး (−) ။ Facebook Connect က ကောင်းပါတယ်၊ ဒါပေမယ့် မယုံကြည်ရတဲ့ Website တွေအတွက် အသုံးပြုလိုက်မိရင်တော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး ပေါက်ကြားသွားနိုင်ပါတယ်။ ဒီတော့ Facebook Connect ပါတဲ့ website တိုင်းကို ယုံယုံကြည်ကြည်နဲ့ ချိတ်ဆက် အသုံးပြုလိုက်တော့မလား ဆိုတာ သေချာ စဉ်းစားသင့်ပါတယ်။ မကြာခင်မှာ Online Payment တွေ ဖြစ်ပေါ်လာရင် ဒီအချက်ဟာ ပိုပြီး ဂရုပြုသင့်တဲ့ အချက်ပါ။

Facebook Mail နဲ့ Chatting

အကောင်း (+) ။ Facebook အသုံးပြုသူတိုင်းအတွက် email တစ်ခု အလကား ရပါတယ်၊ ဒါကို အတော်များများက သတိမပြုမိကြသလို အသုံးလည်း နည်းပါတယ်။ Mail Address ကတော့ မိမိအသုံးပြုတဲ့ နာမည်ပေါ် မူတည်ပါတယ် (ဥပမာ − mgmg@facebook.com)။ Facebook Mail က ပုံမှန် email တစ်ခုလိုပါပဲ၊ Facebook ထဲက သူငယ်ချင်းတွေကို အမည်လေးရိုက်ထည့်ရုံနဲ့ ပေးပို့နိုင်ပြီး အခြား Gmail၊ Hotmail တို့ကိုလည်း ပေးပို့နိုင်ပါတယ်။ ပြီးတော့ File Attachment တွေကိုလည်း ခွင့်ပြုထားပါသေးတယ်။ Facebook မှာ Message ဆိုတာဟာ ပုံမှန် email တစ်ခုရဲ့ Inbox နဲ့ သဘောချင်း တူသလို NewMessage ဆိုတာဟာလည်း Compose နဲ့ အတူတူပါပဲ။ တကယ်လို့ ကိုယ်က Group တစ်ခုရဲ့ Admin ဆိုရင် ကိုယ့် group အတွက် Group Mail တစ်ခုကိုလည်း တောင်းဆို ရယူနိုင်ပါတယ်။ (ဥပမာ− yinmarbin@group.facebook.com ဆိုတာမျိုးပါ။)

“ကမ္ဘာကျော် အီးမေးလ်တစ်ခု ဖြစ်ဖို့ Instant Messenger ပါရမယ်” ဆိုတဲ့ ဥပဒေသကို Facebook က အပြည့်အဝ လိုက်နာပါတယ်။ Chat သမားတွေကို သူ့ရဲ့ ဆိုဒ်ထဲ ဆွဲထည့်ဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ Group Chat အထိ ခွင့်ပြုပါတယ်၊ အခုဆိုရင် Voice Message တွေပါပို့နိုင်တဲ့ Facebook Messenger app ကို ထုတ်လုပ်ထားသလို Facebook ဖုန်းတွေလည်း ထုတ်လုပ်ဦးမယ်လို့လည်း ဆိုထားပါတယ်။ သိပ်မကြာသေးခင် ကာလမှာပဲ Facebook Messenger ဟာ Viber, Tango, WhatsApp, WeChat တို့လို VOIP လိုင်းကို လျှောက်သွားတော့မယ်လို့ ယူဆရပါတယ်။

အဆိုး (−) ။ Facebook Mail ဆိုတာ ရလို့သာ သုံးလိုက်ရတယ်၊ တကယ့် email အစစ်တစ်ခုတော့ မဟုတ်ပါဘူး၊ အခြားဟာတွော ဘာမှ မပါဘူးဆိုရင်တောင် အနည်းဆုံး spam filter လေးတစ်ခုတော့ ပါသင့်ပါတယ်။

Facebook Messenger ကို အဆင့်မြှင့်လိုက်ပြီ ဆိုပြီး ချီးမွမ်းခန်းဖွင့်နေတဲ့ သူတွေအတွက် မေးခွန်းတစ်ခု အသင့်ရှိပါတယ်။ ခင်ဗျားတို့ Google+ သုံးပြီးပြီလား…. ဆိုတာပါ။ Google+ မှာ Video Live လွှင့်ဖို့အထိ လုပ်ပေးထားပြီး သွားပါပြီ၊ သူများတွေ ပြေးနေတာကို နောက်ကနေ လိုက်တဲ့ အဆင့်ပဲ ရှိသေးတဲ့ Facebook Messenger ဟာ ချီးမွမ်းခန်းတွေနဲ့ ဒီလောက်ကြီးတော့ မထိုက်တန်လှသေးပါဘူး။ Facebook ကို Mobile (or) VOIP ဘက် လှည့်မယ်ဆိုတာ HTC နဲ့ တပူးတွဲတွဲ လုပ်နေတာရယ်၊ WhatsApp ကို အသဲအသန် ဝယ်ဖို့ လုပ်နေတာရယ် ကြည့်ပြီး သိနိုင်ပါတယ်။ အခုအချိန်ဟာ Facebook အနေနဲ့ ဒီထက် ကြိုးစားရမယ့် အချိန်ပါ၊ ခုချိန်ထိတော့ တအံ့တသြ ဖြစ်ရမယ့် အကွက်လေး တစ်ကွက်မှ မမြင်ရသေးပါဘူး။

Facebook Profile ထဲက Relationships and Family

အကောင်း (+) ။ Facebook ရဲ့ အလိုက်သိမှုဟာ လိုအပ်တာထက်တောင် ပိုပါသေးတယ်၊ တကယ်လို့ Facebook မှာ ကိုယ့်ချစ်သူ/ဇနီး၊ ညီ/ညီမ၊ အစ်ကို/အစ်မ၊ အဖေ/အမေ တို့လည်း အသုံးပြုနေတယ်ဆိုရင် သူတို့နဲ့ ကိုယ် ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာကို Facebook Profile ထဲမှာ ထည့်သွင်းပြသနိုင်ပါတယ်။ ပိုင်ရှင်ရှိတယ်… ရှင် ငရဲကြီးမယ်တို့၊ မဏ္ဍပ်တိုင် တက်ပြရတာတို့ …. အဲဒီခေတ်တွေ ကုန်သွားပါပြီ။ Facebook Profile ထဲမှာသာ Relationships and Family ထည့်ထားလိုက်ပါတော့…

အဆိုး (−) ။ ကိုယ့် Facebook Profile ထဲမှာ ဘယ်လို Relationships တွေ ထည့်ထားတယ်ဆိုတာတောင် သတိမထားမိတဲ့ သူတွေ တစ်ပုံတစ်ပင် ရှိနေတာကလည်း စိတ်ကုန်စရာပါပဲ။ အများဆုံးက password ချင်း လဲလှယ် သုံးတတ်ကြတဲ့ ချစ်သူစုံတွဲတွေမှာ ဖြစ်တတ်ကြပါတယ်၊ ကျွန်တော်တို့ ယောက်ျားလေးတွေကလည်း ရယ်တော့ ရယ်ရပါတယ်… ကိုယ့်ကောင်မလေးရဲ့ Profile မှာသာ Relationships ကို ထည့်ချင်ပြီး ကိုယ့် Profile မှာတော့ဘာမှ မထည့်ဘဲ ထားချင်လေ့ရှိကြပါတယ်။

စကားချပ်။ ဒီပိုစ့်ဟာ Facebook ကို စတင် အသုံးပြုနေသူများနဲ့ Facebook အကြောင်း အဆိုး/အကောင်း သိချင်သူများကို ရည်ရွယ်ပါတယ်၊ Facebook ဂရုကြီးများကို မရည်ညွှန်းပါကြောင်း သိစေအပ်ပါတယ်။

IMG Source: www.facebook.com

Exit mobile version