My Native Town

7Day News Hero in YinmarbinTownship

7DayNewsHero in YinmarbinTownship
7Day News ဂျာနယ်မှ ရွေးချယ် ချီးမြှင့်သည့် 7Day News သူရဲကောင်း (7Day News Hero) ဆုကို ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင် ရွာမှ ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်း တို့မှ ရရှိခဲ့ကြကြောင်း သိရှိရပါတယ်။ ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်းတို့ တူဝရီးသည် ယမားချောင်း ရေကြီးစဉ်က မိမိပိုင် ပစ္စည်းများကို ဆယ်ယူရေးထက် ရွာသား ၃၀၀ ကျော်၏ အသက်ကို လှေတစ်စီးဖြင့် ကယ်တင်ခဲ့ ခြင်းကြောင့် ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်းလည်း အောက်ပါအတိုင်း ရေးသား ဖော်ပြထားပါတယ်။

ရွာသား ၃၀၀ ကျော်၏ အသက်ကို လှေတစ်စီးဖြင့် ကယ်တင်ခဲ့သူနှစ်ဦး၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်ညက မုံရွာခရိုင် အတွင်း ပုံတောင်ပုံညာ တောင်တန်းကြီးအား အခြေပြုပြီး ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသော မြောက်ယမားချောင်း ရေကြီးမှုကြောင့် ယင်းမာပင်မြို့နယ် ရွှေပန်းခိုင် ကျေးရွာတွင် ရေများ အလုံးအရင်းနှင့် စီးဝင်ခဲ့သည်။

ထိုအချိန်တွင် ကျေးရွာရှိ ရွာသား ၆၀၀ ကျော်အနက်မှ အသက်အရွယ်ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူနှင့် ကလေးသူငယ်များကို တစ်ရွာလုံးတွင် တစ်စီးတည်းသာ ရှိသော မိမိပိုင် လှေဖြင့် ကယ်တင်ခဲ့သူများမှာ ရွှေပန်းခိုင် ရွာသား တူဝရီးနှစ်ယောက် ဖြစ်သည်။

မိမိပိုင် ပစ္စည်းများကို ဆယ်ယူရေးထက် တစ်ရွာတည်းသားများ၏ အသက် အန္တရာယ်ကို တာဝန်သိသိ ကယ်ဆယ်ခဲ့သော ထို တူဝရီး နှစ်ဦးဖြစ်သည့် ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်း တို့အား 7Day News Hero များအဖြစ် ရွေးချယ်ခဲ့သည်။

7 Day News Hero ဆု ပူးတွဲရရှိသွားသော ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်း တို့ နှစ်ဦးအနက်မှ ဦးအောင်နိုင်လင်း ကသာ ဆု တက်ရောက် ယူနိုင်ခဲ့သည်။ ဆုငွေကိုမူ လက်ခံ ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ သာမန်ပြည်သူများထဲတွင် မိမိကျရာ ကဏ္ဍမှ ကိုယ်ကျိုးမဖက်ဘဲ တာဝန်သိသိ သတ္တိရှိရှိ အများပြည်သူ အကျိုးအတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြသော၊ တာဝန်ကျေသော ပုဂ္ဂိုလ်များကို ရွေးချယ်၍ 7Day News ဂျာနယ်မှ ရွေးချယ် ချီးမြင့်ခဲ့ခြင်း ဖြစ်သည်။ 7Day News သူရဲကောင်းဆု များကို ယခုနှစ် ၂၀၁၁ ခုနှစ်မှ စတင် ရွေးချယ် ချီးမြှင့်ခြင်းဖြစ်ပြီး နှစ်စဉ် ရွေးချယ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 7 Day News Hero ဆုတံဆိပ် နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကိုလည်း အောက်ပါအတိုင်း ဖော်ပြ ထားပါတယ်။

ဆုတံဆိပ်အမြင့် − တစ်ပေ
ဆုတံဆိပ် အလေးချိန် − နှစ်ကီလိုဂရမ်
ဆုတံဆိပ်တန်ဖိုး − ကျပ်နှစ်သိန်းတစ်သောင်းခန့်
ဆုတံဆိပ်အောက်ခြေကို သစ်မာသားဖြင့် ပြုလုပ်ပြီး 7 အမှတ်တံဆိပ်ကို သတ္တုစပ်ဖြင့် ထုလုပ်ထားသည်။
ဆုတံဆိပ် ဖန်တီးသူ − စောစည်သူမိုး
ဆုတံဆိပ်ရရှိသူများကို သီးခြားချီးမြှင့်ငွေ − တစ်ဆုလျှင် ကျပ်သုံးသိန်း (၂၀၁၁ သူရဲကောင်းဆု ရရှိသော မီးသတ်တပ်ဖွဲ့ဝင်များအတွက် ကျဆုံးခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၏ ကျန်ရစ်သူ မိသားစု တစ်စုစီလျှင် ကျပ်နှစ်သိန်းစီနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ်ငါးသောင်းစီ ချီးမြှင့်ပါသည်။)

ထိုအစီအစဉ်ကို စတင်ရန် 7Day News အယ်ဒီတာ အဖွဲ့က လွန်ခဲ့သည့် တစ်နှစ်ခန့်တွင် စဉ်းစား ဆုံးဖြတ်ကာ၊ လက်တွေ့ အကောင်အထည်ဖော် လိုက်ခြင်း ဖြစ်ပြီး သူရဲကောင်းဆုများကို 7DayNews ဂျာနယ် အယ်ဒီတာအဖွဲ့က နယ်ပယ် ပေါင်းစုံကို ဖြန့်ကျက်ကာ ရွေးချယ် ချီးမြင့်ခြင်း ဖြစ်သည်။ ဆုပေးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘက်ပေါင်းစုံတွင် နိမ့်ကျနေသာ မြန်မာနိုင်ငံတွင် သူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်များ ထပ်မံ တိုးပွားလာရန် ဟုလည်း ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ်အတွက် 7Day News သူရဲကောင်းဆု (7Day News Hero) ကို ရရှိသွားသူများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်−

၁။ ယာဉ်ထိန်းရဲ ဒုတပ်ကြပ် ခင်မြင့်မောင်
၂။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ
၃။ ဦးမျိုးလတ်
၄။ ဦးအောင်နိုင်လင်းနှင့် တူ မောင်ထွန်းထွန်းဝင်း
၅။ One More ပရဟိတအဖွဲ့

ဆုပေးပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ညနေခင်းက ရန်ကုန်မြို့၊ ဆူးလေလမ်းပေါ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၌ 7 Day News ဂျာနယ် ဆယ်နှစ်ပြည့် နှစ်ပတ်လည်း အခမ်းအနားနှင့် အတူ ပူးတွဲ ကျင်းပခဲ့ပါတယ်။

Ref: 7 Day News ဂျာနယ် (အတွဲ ၁၁၊ အမှတ် ၂)

Exit mobile version