About Us

ကြာတော့ကြာပြီ…..၊ ကျွန်တော့် Desktop sidebar ထဲက Todo list ထဲမှာ ဒီလိုခေါင်းစဉ်လေးတွေ အမြဲတမ်း ရေးဖြစ်နေတာ…. တကယ်ကို တော်တော်ကြာနေခဲ့ပြီ။ ဒါပေမယ့် အခုတော့ ဒီလိုခေါင်းစဉ်လေးတွေထဲက ထိပ်ဆုံးမှာ ရှိနေတတ်တဲ့တစ်ခုကို ထပ်ရေးဖို့မလိုတော့ဘူး။ ဘာပဲပြောပြော…လုပ်ချင်တာလေးတစ်ခုတော့ လုပ်ဖြစ်သွားပြီ၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လုပ်နိုင်တာ မဟုတ်လို့ စိတ်ထဲမှာ သိပ်တော့မကျေနပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျော်ခိုင်ရော၊ ကျွန်တော်ပါ အွန်လိုင်းကို မတက် နိုင်လောက်အောင် အလုပ်က ရှုပ်နေကြတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ဖြစ်ချင်တာတွေ အားလုံးကို Daystar လက်ထဲကိုပဲ ပုံပေးလိုက်ရတော့တယ်။ ကျွန်တော်တို့အရင်က စုစောင်းထားတာလေးတွေရယ်၊ သူထပ်ရှာထားတာလေးတွေရယ် ပေါင်း လိုက်တော့ မဆိုးဘူးဖြစ်သွားတယ်။

ရယ်တော့ ရယ်ရတယ်…. ၊ ယင်းမာပင်ဆိုဒ်အတွက် CMS ကို တစ်ယောက်တစ်မျိုး လုနေဖြစ်သေးတယ်။ ကျွန်တော်က Drupal ကို ကောင်း တယ်ထင်တယ်။ ကျော်ခိုင် က Joomla ၊Daystar က WordPress ….။ ဒီတော့ ကျွန်တော်နဲ့ Daystar တို့ သုံးခုစလုံးကို စမ်း ကြည့်ကြတယ်၊ကျော်ခိုင်ကတော့ ကွန်ပျူတာရှေ့ကို မရှိနိုင်လို့ သူ့ကိုတော့ လွှတ်ငြိမ်းချမ်းသာခွင့် ပေးထားလိုက် တယ်။ နောက်ဆုံးမှာတော့ Joomla နဲ့ပဲ အတည်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော်လည်း Joomla ကို သဘောကျသွားတယ်၊ Daystar လည်း Drupal ကို မဆိုးဘူးဆိုပြီး လက်ခံသွားတယ်။ နောက်ပိုင်း Daystar က Forum တွေပါ လာပြောနေပြန် လို့ “တော်ပါပြီကွာ၊ Joomla မှာပဲ module ပေါင်းပြီး ထည့်လိုက်တာ ကောင်းပါတယ်။ နောက်မှ ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့…” လို့ ပြောရတယ်။ တော်ကြာ… သူ အရမ်းအား စိုက်လုပ်ထားပြီးမှ ဖြစ်မလာရင် စိတ်ပျက်သွားမှာ စိုးလို့ပါ။ ဒါပေမယ့် သူက Forum ကိစ္စကို အရမ်းလုပ်ချင်နေတော့ မင်းစိတ်တိုင်းကျသာလုပ်တော့ကွာ ဆိုပြီး နောက်ပိုင်းမှာ လွှတ်ပေးလိုက်တယ်။

အွန်လိုင်းပေါ်တက်ပြီး ကိုယ်တိုင်မလုပ်နိုင်ပေမယ့် ယင်းမာပင်မြို့နဲ့ပတ်သက်တဲ့သတင်းတွေ၊ အကြောင်းအရာတွေတွေ့တိုင်း ကျွန်တော် မနေနိုင်ဘူး။ အနည်းဆုံးတော့ ကျွန်တော့်ကွန်ပျူတာထဲကို ထည့်ပြီး မှတ်ထားလိုက်ရမှ ကျေနပ်တယ်။ နောင်အလျဉ်း သင့်မှ ကျွန်တော် တို့ ယင်းမာပင်ဆိုဒ်မှာ တင်ပြီးရေးသွားမယ်လို့ စိတ်ကူးနေမိတာကိုး၊ အဲလို… ဖြစ်မလာသေးတဲ့ ယင်းမာ ပင်ဒေါ့အော့ (Yinmarbin.Org) စာမျက်နှာနဲ့ ပတ်သက်ပြီး အမြဲအလုပ်ရှုပ်နေတတ်တဲ့ ကျွန်တော့်ကို အမြင်ကပ်လာဟန်တူတဲ့ မိတ်ဆွေတစ်ချို့ကတော့ ဒီလို ကောက် ချက်ချကြလေရဲ့…”မင်းမြို့အတွက် website လုပ်ချင်တာထက်… မင်းရဲ့အတ္တကြီးမှု့ကိုပဲ စိတ်ထွက်ပေါက်ရှာနေတာလား မသိပါဘူး ကွာ….” ဟုတ်ပါလိမ့်မယ်၊ ဒါဟာ မရင့်ကျက်သေးတဲ့ လူတစ်ယောက်ရဲ့ မနူးမနပ်သော အတ္တကြီးမှုတစ်ခု ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူတစ်ယောက်တည်းနဲ့တော့ ဒီစာမျက်နှာဟာ ပေါ်မလာ နိုင်တာ သေချာပါတယ်။ အရင်ဆုံး ကျေးဇူးတင်တာကတော့ Daystar ပါပဲ၊ နောက်… အရင် သုံးလေးနှစ်လောက်ကတည်းက ဘလော့ဘဝမှာ ပါဝင် ကူညီခဲ့ဘူးသူတွေ အားလုံးပါ။ Daystar အနေနဲ့ ဘလော့ကို အ များကြီး မှီငြမ်းကိုးကားခဲ့ရတယ်လို့ ဝန်ခံပါတယ်၊ ဒါကြောင့်လည်း ဝမ်းသာကျေနပ်ရသလို ပါဝင်ကူညီခဲ့ကြတဲ့သူတွေကို လည်း ထပ်ပြီး ကျေးဇူးတင်မိတယ်။ နောက်… ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကြီး ကျော်ခိုင် ပါ၊ သူနဲ့ အချိန်အတော်များများကို ဒီ ယင်းမာပင်ဆိုဒ်အတွက် တိုင်ပင်ခဲ့ကြဖူး ပါတယ်။ (တစ်ခါတစ်လေတော့လည်း မိုးအလင်း ငြင်းကြခုန်ကြပေါ့ဗျာ…) တကယ်လုပ်ဖြစ်တော့ လည်း သူက ငွေကြေးတစ်ချို့ တစ်ဝက်ကို ထည့်ဝင်ပေးခဲ့ပြီး သူပေးတဲ့အကြံအတိုင်း .Org ဒိုမိန်းကိုပဲ ယူဖြစ်ခဲ့ပါတယ်။ ဒီအောက်က ပုံလေးကတော့ ယင်းမာပင် ဘလောကို ရေးရင်း www.yinmarbin.org ဆိုတာ ဖြစ်လာဖို့ ညဉ့်နက်သန်းခေါင်ကြီးမှာ အငြင်းပွားနေကြတဲ့ Daywalker နှစ်ယောက်ရဲ့ပုံပါ….. :D/

ဘယ်လိုဖြစ်တယ် မသိပါဘူး၊ ကိုယ့်လုပ်တဲ့ အချိန်ကျမှ ဝါထပ်တယ်လို့ ပြောရမလားပဲ။ အမှန်က၂၀၁၀ အောက်တိုဘာလလောက် ကို Target Date ထားပြီး လုပ်တာပါပဲ။ Domain+Hosting ရပြီးမှ အင်တာနက်က ဒေါင်းသွားတာရယ်၊ တခြား အကြောင်းကြောင်း ရယ်နဲ့ အချိန်အများကြီး နောက်ဆုတ်သွားတယ်။ ကျွန်တော့် အလုပ်ကလည်း နေရာသစ်တစ်ခုကို ပြောင်းရတယ်၊ ကျော်ခိုင်က လည်း အွန်လိုင်းကို လုံးဝ လှည့်မကြည့်နိုင်ဘူး။ Daystar ကလည်းတစ်ယောက်တည်းဆိုတော့ ကျွန်တော်တို့လိုချင်သလောက် မမြန်တော့ဘူးပေါ့၊ ဒါပေ မယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့အိပ်မက်ခဲ့တဲ့ စိတ်ကူးတစ်ခု အကောင်အထည်ပေါ်သွားပါပြီ…။ ယင်းမာပင်ဒေါ့အော့ဆိုတဲ့ ဆိုဒ် ကလေး တကယ်ဖြစ်လာခဲ့ပြီလေ…။

ဒီလိုနဲ့ ယင်းမာပင်ဒေါ့အော့က အွန်လိုင်းပေါ်ရောက်သွားပေမယ့် ကျွန်တော် မကြည့်နိုင်သေးပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ရောက်နေတဲ့ နေရာက အင်တာနက် မရှိနိုင်လို့ပါပဲ။ ဒီလိုနဲ့ ရန်ကုန်ကို အလုပ်ကိစ္စတစ်ခုနဲ့ တက်ဖြစ်တော့မှပဲ ကြည့်ရ ပါ တော့တယ်။ အဲဒီ မှာ ပြဿနာဖြစ်တော့တာပါပဲ၊ ယင်းမာပင်ဒေါ့အော့ ကို ပုံမှန်ကြည့်လိုက်မယ်ဆိုရင် လှတယ်၊ လန်းတယ် လို့ ပြောနိုင်ပေမယ့် တကယ်တမ်းကြည့်မယ်ဆိုရင် Content တွေကို သေချာကိုင်တွယ်နိုင်ခြင်း မရှိသေးဘူးဆိုတာ တွေ့လိုက် ရတယ်။ Daystar ကလည်း သင်တန်း တစ်ဖက်နဲ့မို့ သူလည်းသိနေပေမယ့် အချိန်မပေးနိုင်ဘူး ဖြစ်နေပြန်ပါတယ်။ ယင်းမာ ပင်ဒေါ့အော့ဆိုတဲ့ ဆိုဒ်တစ်ခု တကယ်ဖြစ်လာခဲ့ပေ မယ့်…. တည်ငြိမ်မှုရှိအောင်တော့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ တစ်နှစ် လောက် အချိန်ယူလိုက်ရတယ်။ ကြားထဲမှာ Bandwidth ပြည့် သွားလို့ ဒေါင်းတာတွေလည်း ရှိခဲ့တယ်၊ Content တွေ မတည်ငြိမ်တာလည်း ဖြစ်ခဲ့ တယ်၊ နောက်ဆုံးမှာ… ကျွန်တော်နဲ့ Daystar တို့ စ ကားများတဲ့အထိ ဖြစ်သွားခဲ့သေးတယ်။ ကျွန်တော်ဖြစ်ချင်တာတွေများနေတယ်လို့ ထင်တာပါပဲ…ကျွန်တော်လည်း တော်တော်စိတ်ပျက် သွားမိတယ်။ ပြီးတော့ Unicode Font ကို ပြောင်းလဲအသုံးပြုဖို့ပါပဲတစ်ချိန်အထိ အရှည်တွက်ကြည့်တော့ ကျွန်တော်ပြောင်းသုံးဖို့သာ ဆန္ဒဖြစ်မိပါတယ်။ ဒါဆိုရင် အခုကျွန်တော့်ဘလော့ကို ကျတော့ ဘာလို့ပြောင်း မသုံးလဲလို့ မေးစရာ ရှိပါတယ်၊ ကျွန်တော့်မှာ အချိန်မရှိလို့ Converter လေးပဲ ထည့်လိုက်တာပါ။ အချိန်ရရင်တော့ Content တွေကိုပါ ပြောင်းပစ်လိုက်ပါတယ်။

စာမျက်နှာတစ်ခု ဖြစ်လာတာဟာ တကယ်တော့ ဘာမှမထူးဆန်းပါဘူး။ ဒါဟာ အစပျိုးမှုတစ်ခု သာသာပဲ ရှိပါလိမ့်ဦးမယ်၊ နောက် ပိုင်း… ယင်းမာပင်မြို့မှာ လက်ရှိနေထိုင်နေသူတွေရဲ့ ပိုစ်တွေကိုတွေ့မြင်ရမှာသာ ပြီးပြည့်စုံသွားပါလိမ့်မယ်၊ အခု ဖြစ်နေတာက ကျွန်တော်တို့က တစ်ဆင့်စကားနဲ့ ပြန်ရေးနေရတဲ့ အခြေနေမျိုးပါ။ ကျွန်တော်တို့အဝေးကအမြင်မှာ တစ်မျိုးဖြစ်ကောင်း ဖြစ်နေ နိုင်သလို ပြောင်းလဲသွားတဲ့ အခြေအနေနဲ့လည်း ကိုက်ချင်မှ ကိုက်နိုင်ပါလိမ့်မယ်။ ဘလော့မှာ ကျွန်တော်ရေးခဲ့တုန်းကတော့ သတင်းတွေကို သူငယ်ချင်းတွေဆီ က မေးမြန်းပြီး တင်ခဲ့တာရှိသလို၊ သတင်းစာ/ဂျာနယ်များမှလည်း တစ်ဆင့်ကူးယူ ရေးသား ခဲ့တာမျိုးပါ။ ဒီတော့ သတင်းတွေက ဒိတ်အောက်နေတော့တာပေါ့၊ သမိုင်းကြောင်းလိုဟာမျိုးမှာ ကျွန်တော့်ဘာသာ ရှာဖွေတင်လို့ ရပေမယ့် သတင်းပိုင်းကတော့ လုံးဝအား နည်းပါတယ်။ (ဝမ်း သားစရာလား…၊ ဝမ်းနည်းစရာလားတော့ မသိပါဘူး၊ အခုနောက် ပိုင်းမှာ myanmarbloggers.org ဒိုမိန်း က ဒေါင်းသွားတော့ ကျွန်တော့် ဘလော့ အဟောင်းကိုရော၊ ယင်းမာပင်ဘလော့ကိုပါ သွားလို့ မရတော့ပါဘူး။ အဲဒီအတွက် ကျွန် တော်ရေးခဲ့ဘူးတဲ့ Blog Posts အားလုံး ကို Daystar ကို ပေးလိုက်ပါတယ်။ နောင်ဆို ရင် ယင်းမာပင်ဒေါ့အော့ မှာပဲ ရှိတော့မှာပေါ့။ ထပ်မနေတာလည်း ကောင်းတာပါပဲ၊ နို့မို့ဆို Search result မှာ အများကြီး ဖောင်း ပွနေဦးမယ်လေ… )

နောက်… ကိုယ်မြို့မှာ ဘာတွေလုပ်နေတယ် ဆိုတာကို အဝေးရောက်နေသူတွေ အချိန်နဲ့ တပြေးညီသိနိုင်အောင် လုပ်နိုင်ရင် သိပ်ကောင်းမှာပဲ။ အဲဒီလို လုပ်နိုင်တာ ကတော့ ယင်းမာပင်မြို့မှာ လက်ရှိနေထိုင်နေကြတဲ့သူတွေ ပါဝင်ဆောင်ရွက်မှ ဖြစ် ပါလိမ့်မယ်။ အဝေးက လူတွေအနေနဲ့ ရေးနိုင်မယ်ဆိုရင်တောင် အမြဲနောက်ကျနေပါလိမ့်မယ်။ အကောင်းဆုံးကတော့ ယင်းမာ ပင်ကနေ မုံရွာ မှာ ကျောင်းလာတက်နေကြတဲ့ ညီငယ်/ညီမငယ်တွေ ပါဝင်ကူညီ ရေးသားကြတာပါပဲ။ ဒါမှ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေ လုပ်နေတယ် ဆိုတာကို အဝေးက လူတွေ အလွယ်တကူ သိနိုင်ပြီး ကူညီနိုင်တာရှိရင် လှမ်းကူညီ နိုင်မယ်၊ ပိုပြီးလည်း စည်းလုံးလာမယ်ပေါ့။ အသက်အရွယ်တွေ ဘာတွေဘေးချိတ်ပြီး တစ်မြို့တည်းသားဆိုတဲ့ အသိနဲ့ အချင်းချင်း ပိုပြီး သွေးနီးသွားလိမ့်မယ်လို့ မျှော်လင့်တာပဲ…..။

ကျွန်တော် ယင်းမာပင်မြို့နဲ့ ပတ်သက်ပြီးယုံကြည်မိနေတဲ့ စကားတစ်ခွန်းရှိတယ်၊ ဘယ်သူပြောခဲ့တာလဲ ဆိုတာတော့ မမှတ်မိဘူး။ “ကျွန်တော်တို့မှာ လုပ်ကိုင်ကြဖို့ ခွန်းအားမဲ့နေတာ မဟုတ်ပါဘူး၊ ဆန္ဒမဲ့နေကြတာပါ။”အဲဒါ ဟုတ်လိမ့်မယ်လို့ ထင်တာပဲ၊ ငါဝင်လုပ်လို့ လည်း သိပ်ထူးမသွားလောက်ပါဘူးလို့ ထင်နေတတ်ကြတာမျိုးပါ။ အမှန်က တစ်ယောက်တစ်လက်ပေါ့ဗျာ….၊ ကိုယ်တတ်နိုင်သလောက် ပါဝင်ပူးပေါင်း လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ…။ ဆံချည် တစ်မျှင် စာ လွဲချော်မှုကတောင် ရထားကြီးတစ်စင်းလုံး တိမ်းမှောက်လို့ရရင် လူတစ်ယောက် ပါဝင်လုပ်ဆောင်မှုဟာ ဆံချည်တစ်မျှင်ထက် အဆပေါင်းမျာစွာသာပါတယ်။

ဒီအောက်က ပုံလေးကတော့ ယင်းမာပင်ဒေါ့ အော့ ဆိုဒ်လေး ဖြစ်လာဖို့အတွက် တိုင်ပင်ဖြစ်၊ ပြောဖြစ်ဆိုဖြစ်ကြတဲ့ စကား ဝိုင်းလေးတွေနဲ့ အဲဒီစကားဝိုင်းလေးတွေပါ ပြောဆိုငြင်းခုန်ခဲ့ကြတဲ့ သူတွေအတွက် အမှတ်တရ ကလိထားတာလေးပါ။