ရွာလေးဆီက ကဗျာပဲ့တင်သံ

အခုတလော အလုပ်များတာနဲ့ တစ်လတစ်ခါတင်နေကျ ပိုစ့်လေတောင် မတင်ဖြစ်တော့ဘူး။ သ င်္ကြန်တုန်းက အစ်ကိုတစ်ယောက်ဆီက ရခဲ့တဲ့ တမာပင်ခွ ကဗျာစာအုပ်လေးထဲက ကဗျာလေးကိုဘဲ မျှဝေပေးချင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ အရင်က ကဗျာအနုပညာနဲ့ အလှမ်းဝေးတယ်လို့တောင် ပြောလို့ရပါတယ်။အခုကျွန်တော်အတွက်ကတော့ ကဗျာစာအုပ်တွေထဲမှာ ရည်စားဦးလို့ ခေါ်နိုင်မယ့် စာအုပ်လေးဖြစ်လာပါပြီ။ဘာဖြစ်လိုလဲဆို တော့ ဒီကဗျာစာအုပ်လေးကိုစဖတ်ပြီးမှ ကဗျာလေးတွေကို ခံစားနိုင်သွားလို့ပါ။

ခေတ်သစ်ငဘ
ကမ္ဘာပေါ်မှာ မြန်မာပြည်
တိုင်းထဲမှာ စစ်ကိုင်းတိုင်း
မြို့နယ်ထဲမှာ ယင်းမာပင်
ရွာထဲမှာ တမာပင်ခွ
လူထဲမှာ မင်းအချောဆုံး
အစ်ကိုဖုန်းရဲ့စကား မှတ်သားဖူးပါရဲ့။

ဆယ်တန်းလည်း မအောင်ဘူး
နိုင်ငံရေးလည်း မလုပ်ဖူးဘူး
ထောင်လည်း မကျဖူးဘူး
ဆယ်တန်းမှမအောင်တာ ထောင်က
ဘယ်လက်ခံမှာတုန်း။

ငယ်ငယ်တုန်းက
နိုင်ငံရေး ဒို့အရေးလည်း လုပ်ဖူးတယ်
ကားအလကားစီးပြီး မုံရွာဘုရားကြီးလည်း ဖူးရ
ထမင်းထုပ်လည်း စားရ
ထမင်းတစ်ထုပ် ကြက်ဉတစ်လုံး
အိမ်မှာ ဘယ်စားရမတုံး
ဒို့အရေး ကောင်းတယ်။

လေ(ရေ)ဒီယိုတစ်လုံး နှစ်ထောင် သုံးထောင်
လူတိုင်းသုံးနိုင်အောင် ပေါလာပြီ။
ကိုရင် ဖိုးနီကတော့
ဒါ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး
(အီဗော်လူးရှင်း) ကြောင့်တဲ့။
အမယ် ဟုတ်များ ဟုတ်နေမလား
ကျုပ်လဲ ဘယ်အညံ့ခံမတုန်း
နှစ်ထောင်တန် တစ်လုံးတော့
ကျုပ်လို ခပ်တုံးတုံးတောင် ဝယ်ထားလိုက်တယ်။

စိတ်ကြိုက်တေးနဲ့ သီချင်းတွေ
အများကြီး ဖွင့်ပေးတော့ သိပ်ကြိုက်တာပေါ့။
ကောင်လေး ကောင်မလေးတွေက
ဖုန်းတဂွမ်ဂွမ်နဲ့ ဆက်ကြ၊ တောင်းဆိုကြ
R ဇာနည် လွှင့်ပေးပါ၊ R ဇာနည်လွှင့်ပေးပါ တဲ့
အသံတော့ ချိုသား၊ မာမာအေးသား မှတ်ရ
ကျုပ်သိတဲ့ အာဇာနည်တော့ ဟုတ်ဘူး။
ရုပ်မမြင်ရတော့ ကျုပ်မှာ အနေကျပ်
အဖြေတော့ ရပ်မသွားဘူး။
တစ်နေ့ ကလေးတွေနဲ့ တီဗွီကြည့်မိ
ဘောင်းဘီဖင်ကျပ်နဲ့ ဆံပင်အရှည်ကြီးနဲ့ ကောင်
ဒီကောင် ဘာကောင်တုန်း
ကလေးတွေက အာဂျန်နီ အာဂျန်နီ တဲ့
ပရိတ်သတ်ကြီး မင်္ဂလာပါ
ပရိတ်သတ်ကြီး အဆင်ပြေလားလို့ မေးတဲ့ ကောင်က
R ဇာနည်။


Posted

in

,

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *