Sunday, September 8, 2024
HomeEssayရည်းစားထားချင်တယ်တဲ့

ရည်းစားထားချင်တယ်တဲ့

ပတ္တမြား FM “ချစ်မှုအထွေထွေ ဦးပတ္တမြားအဖြေ” က႑ကနေ… ယင်းမာပင်မြို့က မြင့်မြင့်ရီဆိုပြီး အသက်(၁၈)နှစ်လောက်ရှိတဲ့ ညီမ ငယ်တစ်ယောက်ရဲ့ စာကို ဖြေကြားပေးတာ နားထောင်လိုက်ရတယ်။ ဘာမေးထားတာလဲဆိုတော့ “သမီးက အသက် (၁၈) နှစ်ရှိ တဲ့ ကျောင်းသူတစ်ဦးပါ၊ အခုတလော ရည်းစားထားချင်စိတ် ပေါက်နေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က အပြစ်ပြော မှာကို လည်း ကြောက်တယ်” ဆိုပဲ….။ “ပညာရှာတုန်းမှာ ကြင်ယာမရှာပါနဲ့” ဆိုပြီး ပတ္တမြား FM က ဖြေပေးပါတယ်။ ဒါပေမယ့် စိတ်ထဲ မှာ တော်တော်လေးအောင့်သက်သက်ဖြစ်ပြီး ကျန်နေခဲ့တယ်။ ကျွန်တော် တွေးနေမိတာက ဘာလဲဆိုတော့ ကျွန်တော်တို့ မြို့မှာ ရှိတဲ့ လူငယ်တွေအတွက် အချိန်ပိုတွေ များနေပြီလား၊ အမြင်ကျယ်ဖို့ ဖိအားတွေ မရှိဘူးများ ဖြစ်နေသလားလို့ပါ။

ကျွန်တော်ကပဲ လွန်ကဲနေတာလား မပြောတတ်ပါဘူး၊ အခုအချိန်ဟာ အပြောင်းအလဲအတွက် အသင့်ပြင် ထားရမယ့် အချိန်မျိုးပါ၊ အရာရာဟာ အကုန် ပြောင်းလဲနေပြီ၊ နေစဉ်နဲ့အမျှကမ္ဘာမှာလည်း ပြောင်းလဲနေတာတွေချည်းပါပဲ….။ အနီးစပ်ဆုံးပြောရမယ် ဆိုရင် ကျွန်တော် တို့နိုင်ငံတော်အလံပြောင်းသွားပြီ၊ နိုင်ငံတော် အုပ်ချုပ်မှုပုံစံလည်း ပြောင်းတော့မယ်။ အရင်က အစိုးရပိုင် လုပ်ထားတာတွေ ပုဂ္ဂလိက လုပ်ငန်းတွေအဖြစ် ပြောင်းလဲကုန်လိမ့်မယ်၊ အာဆီယနိုင်ငံတွေရဲ့ ဆက်ဆံမှု ပိုများလာမယ်၊ ပြည် တွင်းကိုလာပြီးတော့ ရင်းနှီးမြုပ်နှံမယ့် Company တွေ အများကြီးပေါ်လာတော့မယ်။ အရင်က အမေရိကန်ရဲ့ပါဝါဟာ တရုတ် ကို ပေးလိုက်ရတော့မှာမို့ တရုတ်နဲ့ကပ်လျက်နေတဲ့ နိုင်ငံတွေရဲ့ပြောင်းလဲမှုတွေက ပိုပြီး ပြင်းထန်လာတော့မယ်။ ဒီလို အပြောင်း အလဲတွေ ကြားမှာ ကိုယ်က ဘယ်နေရာက ပါဝင်မ လဲ….၊ စဉ်စားရင် ရူးသွားနိုင်စရာတောင် ရှိနေတာပါပဲ။ ဒါပေမယ့်ကိုယ့်တို့ ညီမငယ်ကတော့ အေးဆေးပဲ၊ ရည်းစားထားချင်တယ်တဲ့….။

အသက် (၁၈)နှစ် ဆိုတာ ပြောရရင် မငယ်တော့တဲ့ အရွယ်ပါ၊ အခြားနိုင်ငံတွေမှာဆို အိမ်ကနေတောင် ခွဲနေလို့ ရနေတဲ့ အရွယ် ပါ။ ပြောရရင် ဟိုဟာသိချင်၊ ဒါလုပ်ချင်နဲ့ ခေတ်ရဲ့ဖိအားပေးခံနေရမယ့် အချိန်မျိုးပါ။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ အမြင်ကျယ်ဖို့တော့ လိုပါတယ်၊ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ သဘာဝတရားရဲ့ လှုံ့ဆော်မှုအရ ရည်းစားထား၊ အိမ်ထောင်ပြုဖို့ပဲ စိတ်ရောက်သွားမှာ ပါပဲ။ အခု မြင့်မြင့်ရီဆိုတဲ့ ညီ မငယ်ကရော…. အဲလိုတွေ မြင့်ဖို့၊ တွေးဖို့ အင်အားမရှိသလား မသိပါဘူး၊ ရည်းစားထားချင်တယ် တဲ့….။ ဒါပေမယ့် သူ့မှာ ပတ်ဝန်းကျင် ကို ဂရုပြုရမယ်ဆိုတဲ့ အသိလေးရှိသေးလို့ မဆိုးသေးဘူးလို့ ပြောရပါမယ်။ ကျွန်တော်က နယ်စုံသွားပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ တဲ့ မိန်းကလေးအချို့ကိုလည်း တွေ့မြင်နေရသူမို့ သူ့ကို ဒီအချက်လေးမှာတော့ ချီးကျူးလိုက်မိပါတယ်။

နောက်တစ်ခု ကျွန်တော်ပြေးမြင်တာက ရွာက ကျွန်တော့်ညီမဝမ်းကွဲတွေကိုပါ။ သူတို့တော်တော်လေး ငယ်ပါတယ်။ ဒါပေမယ့် အား လုံးယောက်ျားကိုယ်စီနဲ့ ဖတ်သီဖတ်သီ ဖြစ်လို့….။ သူတို့ အရွယ်ရောက် (၁၆ နှစ် ပြည့်သွား) တာနဲ့ အကုန်ယူသွားကြတော့ တာပါပဲ။ ကျွန်တော်ထင်ပါတယ်…၊ ဒါက သဘာဝအရ ဒီအရွယ်မှာ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားကြမှာပဲ၊ စိတ်ကစားတယ် ဆိုရင် ပိုမှန်ပါလိမ့် မယ်။ အဲဒီစိတ်ကို တခြားအရာတစ်ခုနဲ့ လမ်းလွှဲရပါမယ်၊ သဘာဝကို ဆန့်ကျင်တာမျိုးလည်း မဟုတ်တဲ့ လမ်းကြောင်းမျိုးနဲ့ပေါ့၊ ဥပမာ- ဝါသနာပါတာ၊ တိုးတက်ရာ တိုးတက်ကြောင်း ရှာတာ၊ ပညာရေးကို လိုက်စားတာ… အစ သဖြင့်ပေါ့။

စိတ်ကစားတဲ့ အချိန်မှာ စိတ်ကို လွှတ်ပေးလိုက်တာက အမြဲမှားတာမျိုး မဟုတ်ပေမယ့် မှန်တော့မှန်ခဲပါတယ်။ ဒီတော့ တည်ငြိမ် သွားမယ့် အချိန်အတိုင်းအတာ တစ်ခုတော့ ပြန်စောင့်ရင်း အခြားအရာ တစ်ခုနဲ့ လမ်းလွှဲထားသင့်ပါတယ်။ ဒီနေရာမှာ တည်ငြိမ် သွားမယ့် အချိန်အတိုင်းအတာ ဆိုတာကို အချိန်သက်သက်နဲ့ တိုင်းတာခြင်း မဟုတ်ပါဘူး၊ တွေ့ကြုံတဲ့အတွေ့အကြုံနဲ့ အဓိက တိုင်းတာခြင်းပါ။ ဥပမာ- ကိုယ်ကိုယ်တိုင် မကြုံရပေမယ့် ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေကို ကြည့်ပြီးလည်း အတွေ့အကြုံရနိုင် ပါတယ်။

နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ပါပဲ၊ တိုးတက်ရာ တိုးတက်ကြောင်းကို ဖိအားပေးတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ပါပဲ။ အဲလိုမဟုတ်ဘဲ… ဘယ်သူ့ကြည့်ကြည့် ရည်းစားတွဲလဲ၊ ကလေးတွဲလဲနဲ့ ဆိုရင်တော့ အိမ်ထောင်ပြုဖို့ပဲ စိတ်ရောက်သွားပါလိမ့်မယ်။ နယ်တွေ မှာ စောစောအိမ်ထောင်ပြုမှုများပြားကြတာဟာ စိတ်ဝင်စားစရာ များများစားစား မရှိတာနဲ့၊ အမြင်ကျဉ်းမှု့တွေကြောင့်လို့ ထင်တာ ပဲ…။ လူတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မျိုးဆက်အတွက် တာဝန်တစ်ခု ကျေပွန်ခြင်းဆိုပေမယ့် လူ့ဘဝရဲ့ အဓိပ္ပါယ်ဟာ အချိန်တန်အိမ်ထောင်ပြု၊ ကလေးယူ၊ အိုမင်သေဆုံး ဆိုတာမျိုး လောက်နဲ့တော့ အဆုံးမသတ်သင့်ပါဘူး။

စကားချပ်။ ။ပတ္တမြား FM ကို မေးတဲ့ညီမငယ် ရီရီမြင့်စာကို နားထောင်ရင်း စိတ်ထဲမှာ ဆက်တွေးမိတာလေးကို ရေးထားတာပါ၊ ညီမ ငယ်တစ်ယောက်တည်းအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့မြို့က မျိုးဆက်သစ် ညီငယ်/ညီမငယ် အားလုံးအတွက် တွေးမိ တာ လေးတွေနဲ့ ကျွန်တော့်အမြင်ပါ။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular