Monday, September 16, 2024
HomeEssayမိုးတွေက ရစ်သမ်နဲ့မရွာဘူး

မိုးတွေက ရစ်သမ်နဲ့မရွာဘူး

(၁)
အိပ်မက်တွေ အခြေမကျသေးသရွေ့
“အိမ်” ဆိုတာကလည်း
“မက်” လောက်ဖွယ်ရာ လွမ်းဆွတ်မှုကြီးတစ်ခုပဲ ။

(၂)
စိတ်ကူးထဲမတော့
နလံထလာမယ့်ဒွန်နယာ
အာဃာတတွေ ခဝါချတော့မယ့် ဒွန်နယာ
ခပ်ရဲရဲသာ
ကိုယ့်လမ်းကိုယ် ဆက်ဖောက် ဆက်လျှောက်ရဲ့ ။

(၃)
မိုးစက်ရိုင်းတွေ လုယက် တိုးဝေ့နေတဲ့
” ၁၃ ” ရက်ဖွား မွဲမွဲမှိုင်းမှိုင်းတစ်ကောင်ကို
အမှောင်ထဲမှာ လင်းခွင့်ပြုကြပါ ။
အဆီဝေ့ဝေ့ ၊ ပြုံးတမိန့်မိန့် ၊ သိမ့်သိမ့်တုန်ခါ
လျှောက်ခဲ့ဖူးသောလမ်းအသွယ်သွယ်နောက်မှာ
ရက်စက်မှုကံတရားတွေ ကပ်ပါလာတယ် ။

(၄)
အဲသလိုနဲ့
ကိုယ့်အကြာင်းပဲ ကိုယ်တွေးကာ
ကိုယ့်ကဗျာ ကိုယ်ရေးတတ်ခဲ့ ။
ငါ့ လက်မောင်းသွေးနဲ့
ချစ်သူရဲ့ မျက်ရည်စတွေလည်း
ပန်းပွင့်စေရမယ်ကွယ် ။

(၅)
လာ…..
လိုက်ခဲ့
ထာဝရငြိမ်းအေးမှုနဲ့နီးရာ
ရွှေ့ပြောင်းထွက်ခွာတော့မယ့် …..
ပြီးတော့
တိမ်တိုက်တွေကြား ပြေးလွှားနေတဲ့
ဂျစ်ပစီလူရမ်းကားတစ်ယောက်ရဲ့
နောက်ဆုံးစျာပနကို ။ ။

+ ဥက္ကာကိုကို(သံတွဲ) +

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular