Monday, September 16, 2024
HomeYinmarbinယင်းမာပင်မြို့ ဇီဝိတဒါန သွေးလှူရှင် − ဆေးလှူရှင် လူငယ်များအဖွဲ့

ယင်းမာပင်မြို့ ဇီဝိတဒါန သွေးလှူရှင် − ဆေးလှူရှင် လူငယ်များအဖွဲ့

Group

ကျွန်တော် ဒီအဖွဲ့လေး အကြောင်းကို ရေးသားဖို့ အချိန်အတော်ကြာကတည်းက ကြိုးစားနေခဲ့ဖူးကြောင်း “မြို့လေးပေါ်က အရာထင်သမျှ” ပိုစ့် လေးမှာ ရေးသားခဲ့ဖူးပါတယ်။ ပထမဆုံး ကျွန်တော်သိချင်တဲ့ မေးခွန်းက ဒီအဖွဲ့လေး ဘယ်လို စပြီး ဖွဲ့စည်းဖြစ်ခဲ့သလဲ ဆိုတာပါ။ ဒါကြောင့် ကိုထွန်းနဲ့ ကိုဟိန်းတို့ကို တွေ့တဲ့အခါ အဲဒီမေးခွန်းလေးကိုပဲ အရင်စမေးမိပါတယ်။ သူတို့က ရက်အတိအကျကို မပြောနိုင်ပေမယ့် ပေါ်ပေါက်လာပုံ လေးကိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်။

ဖြစ်ပေါ်လာပုံ

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ မှာ ယင်းမာပင်မြို့ “ရွှေပေါက်ပင် သီလရင် စာသင်တိုက်” က ဆရာလေးတွေ သင်္ကန်း မလုံလောက်ဘူး ဆိုတာကို ကြားသိခဲ့ရလို့ “ကောင်းစေ” လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတဲ့ သူငယ်ချင်းတွေ ၅၀၀/၁၀၀၀ စပြီး စုလှူမယ်လို့ တိုင်ပင်ပြီး စုလိုက်ရာကနေစပြီး မြို့ထဲက သူငယ်ချင်းတွေ၊ အလှူရှင်တွေပါ စုပေါင်းပါဝင်လာပြီး လှူကြတဲ့အတွက် သီလရင် အပါး (၃၀) ကျော်အတွက် သင်္ကန်းတစ်စုံစီ အပြင် စောင်အထည် (၃၀) ကျော်၊ ဆန်အိတ် (၂) အိတ် ကိုပါ လှူဒါန်းနိုင်ခဲ့ပါတယ်။

Group
၂၀၁၀ ခုနှစ်အစပိုင်းမှာ ခွဲစိတ်စရိတ် မတတ်နိုင်လို့ ပြန်လှည့်ကျေးရွာက ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဆေးရုံမှာ ရိုးရိုးမွေးပြီး ကလေးရော မိခင်ပါ အသက်ဆုံးရှုံးခဲ့ရတာတွေ၊ အလားတူ အဖြစ်မျိုး (၃)ဦးလောက်ထိ ကြားသိလာရတဲ့အခါ ပိုက်ဆံမရှိလို့ သေရတဲ့လူနာမျိုး မရှိအောင် ငါတို့ လက်ဖက်ရည်ဖိုး၊ ကွမ်းယာဖိုးကို စုပြီး လှူမယ်ဆိုပြီး ၂၀၁၀ ခုနှစ် ဇန်နဝါရီလက စပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့ လူငယ်တွေ ၅၀၀/၁၀၀၀ စုခဲ့ကြပါတယ်၊ အဲဒီလမှာပဲ ငွေလေးသောင်းကျော် ရလာခဲ့ပြီး အဲဒီလမှာပဲ မွေးလူနာ အမျိုးသမီးတစ်ဦးကို လှူလိုက်နိုင်ပြီး ငွေသုံးသောင်းကျော် ကုန်သွားခဲ့ပါတယ်။ အဲဒီကနေစပြီး အားတက်လာကာ လှူလိုက်/စုလိုက် နေလာခဲ့တာ လစဉ် အလှူရှင်၊ သွေးလှူရှင်တွေကို ရရှိလာခဲ့တယ်။

ဦးဆောင်သူများ

ယင်းမာပင်မြို့တွင် ရှိသော လူငယ်များကို စုစည်း၍ ပရဟိတ လုပ်ငန်းများ ဖြစ်သော ချို့တဲ့နွမ်းပါးတဲ့ လူနာများကို ဆေးလှူခြင်း၊ သွေးလှူရှင် များကို စည်းရုံး မှတ်တမ်းတင်ခြင်း၊ နာရေးတွေမှာ ငွေအား/လူအား ကူညီခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသောအခါ ကူညီကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း၊ မြို့ပေါ်တွင် အခါအားလျော်စွာ ကျင်းပသည့် တရားပွဲများတွင် ဦးဆောင်ကူညီဆောင်ရွက်ပေးခြင်း စတဲ့ ကိုယ်ကျိုးမဖက် ပရဟိတသက်သက် လူငယ်အဖွဲ့လေးကို ဦးစီး ဦးဆောင်ပြု ဆောင်ရွက်နေတဲ့ သူတွေကတော့ −

  1. ကိုဟိန်းနေအောင် (၁၉၉၇ ခုနှစ် အောင်)
  2. ကိုကျော်စွာအောင် (၁၉၉၆ ခုနှစ် အောင်)
  3. ကိုထွန်းထွန်းကို (၁၉၉၇ ခုနှစ် အောင်)
  4. ကိုအောင်ချမ်းငြိမ်း (၁၉၉၇ ခုနှစ် အောင်)
  5. ကိုနေမျိုးအောင် (ခ) ကိုငယ်လေး (ကွမ်းယာ) တို့ဖြစ်ကြပါတယ်။

(ဒါကတော့ ကိုဟိန်းရဲ့ ပြောပြချက်များအရ သူတို့အဖွဲ့လေးရဲ့ လုပ်ဆောင်နိုင်ခဲ့တာ လေးတွေနဲ့ နောင်မှာ ဆက်လက် လုပ်ဆောင်သွားမယ့် ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ သူတို့က သွေးလှူရှင် အရေအတွက်တွေ၊ ငွေအလှူရှင် အရေအတွက်တွေကို ပြောပြပေမယ့် ကျွန်တော် သေချာမှတ် မထားမိလိုက်ပါ။ သူတို့အဖွဲ့ရဲ့ လေးလပတ် ဖိုင်ထဲမှာ ပါလိမ့်မယ်လို့ ထင်တာလည်း ပါတယ်၊ ဒါပမေယ့် သူတို့ ပေးတဲ့ လေးလပတ် ရှင်းတမ်းဖိုင်က (၁/၂၀၁၀ မှ ၈/၂၀၁၀ ထိ) လေးလပတ် နှစ်ခုစာသာ ပြုစုထားတဲ့ ဖိုင်ဖြစ်နေတဲ့အတွက် ယခုလက်ရှိ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှု မရှိပါဘူး။ သို့ပေမယ့် ဝမ်းသာကြည်နူးနိုင်ဖို့ အဲဒီလေးလပါတ် နှစ်ခုစာ အခြေအနေ အကျဉ်းချုပ်ကို ရေးသားဖော်ပြလိုက်ပါတယ်။)

ပထမ လေးလပါတ်အတွင်း – မတည် အလှူငွေအဖြစ် – ကိုအောင်မျိုးပိုင်+မထွန်းပပအေး တို့က (၃၀၀၀၀၀ ကျပ်) နဲ့ စတင်ခဲ့ပြီး လစဉ်အလှူရှင်များ (၅၃)ဦး၊ သွေးလှူရှင် (၂၃)ဦး ထိ ရရှိခဲ့ပါတယ်။

ဒုတိယလေးလပါတ် အတွင်းမှာတော့ – လစဉ်အလှူရှင် (၁၄၇)ဦး၊ သွေးလှူရှင် (၈၉)ဦး ထိ ရှိလာခဲ့ ပါတယ်။

အဖွဲ့လေးရဲ့ လုပ်ဆောင်မှုများ

(က) သွေးလှူခြင်း

သွေးလှူတဲ့ နေရာမှာ သွေးလှူရှင်များကို သွေးအမျိုးအစားအလိုက် မှတ်တမ်းတင်ထားပြီး လိုအပ်၍ ဆက်သွယ်လာပါက ချက်ခြင်းလှူဒါန်းပေးခြင်း ဖြစ်ပါတယ်။ သွေးလှူရှင်အတွက် လူနာက ဘာမျှ တုန့်ပြန်စရာ မလိုအပ်ဘဲ သွေးလှူရှင်အတွက် လိုအပ်တဲ့ အဟာရ၊ အားဆေး စတာတွေကို ကိုယ်တို့အဖွဲ့ကပဲ ထောက်ပံ့ပေးပါတယ်။ ချို့တဲ့လူနာတွေအတွက် ဆိုရင်တော့ သွေးခံအိတ် အပါအဝင် လူနာနဲ့ သွေးလှူရှင် အတွက် ဓာတ်ခွဲခန်း ကုန်ကျစရိတ်ကိုပါ အဖွဲ့က လှူဒါန်းပါတယ်။

(ခ) ဆေးလှူခြင်း

ချို့တဲ့နွမ်းပါးတဲ့ လူနာတွေအတွက် ဆေးဝါးအခက်အခဲ မရှိအောင် လူနာရဲ့ ဝေဒနာအပေါ် မူတည်ပြီး အနည်းဆုံး ၂၀၀၀၀ ကျပ်မှစ၍ ဆေးရုံတက်တဲ့ အချိန်ကနေ ဆင်းတဲ့အချိန်ထိ ဆေးဝါးတာဝန်ယူ လှူဒါန်ပေးတာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။

(ဂ) နာရေးကူညီမှု

မြို့ပေါ်မှာ ရှိတဲ့ ဆင်းရဲချို့တဲ့ နာရေးကိစ္စတွေ အတွက် နာရေးမြေကျတဲ့အထိ ငွေအား၊ လူအား ကူညီပေး ပါတယ်။ ဆေးရုံပေါ်မှာ ဆုံးပါးသွားတဲ့ ဧည့်နာရေးကိစ္စတွေကိုလည်း ငွေအား၊ လူအား ကူညီပေးပါတယ်။ လူအားဖြင့် ကူညီခဲ့တဲ့ နာရေးတွေကတော့ ကိုယ်တို့ မြို့လေးက ကျဉ်းတော့ နာရေးအားလုံးနီးပါးကို ကိုယ်တို့အဖွဲ့က ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ ငွေအားရော လူအားပါ လိုအပ်တဲ့ နာရေးတွေကိုလည်း ငွေရောလူပါ ကူညီဆောင်ရွက်ပေးပါတယ်။

(ဃ) အောက်ဆီဂျင်ဘူး ကူညီမှု

ကိုယ်တို့ မြို့ပေါ်မှာပဲ O2 လိုအပ်တဲ့ ဝေဒနာရှင်တွေ အတွက် အောက်ဆီဂျင်ဘူးကိုလည်း (၂၄)နာရီ အခမဲ့ ကူညီပေးပါတယ်။ အခု လောလောဆည်တော့ အောက်ဆီဂျင်ဘူး (၁) ဘူးသာ ရှိသေးပြီး လုံလောက်မှု မရှိသေးတဲ့အတွက် နောင်မှာ ထပ်မံဝယ်ယူသွားဖို့ စီစဉ်ထားပါတယ်။ ဝိုင်းဝန်း ကူညီ လှူဒါန်းမယ့် သူများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။

(င) ရေဘေးအန္တရာယ် ကူညီမှု

၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းက ယင်းမာပင်မြို့မှာ ဂီရိမုန်တိုင်း အဖျားခတ်ခံရပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီရေဘေးမှာ ကိုယ်တို့ အဖွဲ့က လူငယ်တွေအနေနဲ့ ပထမအကြိမ် ရေကြီးမှုမှာ ရေဘေးဒုက္ခသည် (၇၅၀) ကျော်အတွက် နှစ်ရက်စာ ထမင်းထုပ်တွေ ဝေပေးနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရေကြီးမှုမှာ ဒုက္ခသည် (၅၀၀)ကျော် အတွက် ထမင်းထုပ်တွေ ဝေပေးခဲ့ပါတယ်။ ကယ်ဆယ်ရွှေ့ပြောင်းရေး ကိစ္စတွေမှာလည်း ကိုယ်တို့အဖွဲ့က လူငယ်တွေ အနေနဲ့ ရေထဲမှာ နှစ်ရက်နဲ့ တစ်ညတိတိ မအိပ်မနားဘဲ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။

ရေကြီးရေလျှံမှုများ ဖြစ်နေစဉ် ကူညီမှုများ ပြုလုပ်နေစဉ်
 

ရေကြီးရေလျှံမှုများ ဖြစ်နေစဉ် ကူညီမှုများ ပြုလုပ်နေစဉ်
 

ရေကြီးရေလျှံမှုများ ဖြစ်နေစဉ် ကူညီမှုများ ပြုလုပ်နေစဉ်


ရှေ့ဆက် ဆောင်ရွက်မယ့် အစီအစဉ်များ

ကိုယ်တို့ လူငယ်အဖွဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ လုပ်ဆောင်သွားမယ်လို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက် တွေကတော့ −

  • ၁။ မည်သည့် နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်းမှ ပါဝင်ပတ်သက်မှုမရှိတဲ့ အဖြူရောင် လူမှုရေးအဖွဲ့လေး တစ်ဖွဲ့အဖြစ် တရားဝင် ဖွဲ့စည်းသွားမယ်။
  • ၂။ ကိုယ်တို့မြို့လေးအတွက် လိုအပ်နေတဲ့ လူနာတင်ယာဉ် တစ်စီး ဝယ်နိုင်အောင် ကြိုးစားသွားမယ်၊ အားလုံးလည်း ဝိုင်းဝန်းကူညီ လှူဒါန်းပေးနိုင်ကြဖို့ မျှော်လင့်မိပါတယ်။
  • ၃။ နောက်ဆုံးခရီးကို သွားရမယ့်သူတွေအတွက် နိဗ္ဗာန်ယာဉ်တစ်စီးကိုလည်း ဝယ်ယူသွားနိုင်အောင် ကြိုးစားသွားမယ်။

ဆက်သွယ် လှုဒါန်းရန်

ကိုယ်တို့ လူငယ်အဖွဲ့ကို ဆက်သွယ်လှူဒါန်းချင်ရင်တော့ ကိုထွန်းဆီကိုပဲ ဆက်သွယ်နိုင်ပါတယ် –

ကိုထွန်းထွန်းကို

“ကောင်းစေ”ကဖေး

ဖုန်း။ ၀၉-၄၇၀၅၂၂၀၅

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular