Monday, September 16, 2024
HomeChindwinချင်းတွင်းမြစ်အတွင်းနှင့် ဥရုမြစ်အတွင်းရှိ ရေအရည်အသွေး ပိုမိုကျဆင်းလာ

ချင်းတွင်းမြစ်အတွင်းနှင့် ဥရုမြစ်အတွင်းရှိ ရေအရည်အသွေး ပိုမိုကျဆင်းလာ

ချင်းတွင်းမြစ်အတွင်းနှင့် ဥရုမြစ်အတွင်းရှိ ရေအရည်အသွေးများ ပိုမိုကျဆင်းလာကြောင်း သိရှိရသည်။

''ချင်းတွင်းမြစ်ရဲ့ ရေကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် နွေရာသီရေနည်းချိန်မှာ အတော်ကြည်ကြည်လင်လင်ရှိတယ်။ အခုတော့ ချင်းတွင်းမြစ် အထက်ပိုင်းကနေစပြီး အောက်ပိုင်းအထိ သုံးရာသီစလုံး ရေကနောက်နေတယ်။ ၂၀၀၆ ခုနှစ်လောက်က ဟုမ္မလင်းဆိပ်ကမ်းမှာ သောင်ပြင်မပေါ်ဘူး။ မြစ်ဆိပ်ကမ်းမှာ ကျွန်တော်တို့ ရေချိုးခဲ့ရတယ်။ အရင်က ဒီမြစ်ထဲခရီးသွားရင် မြစ်ရေကိုပဲခပ်ပြီး အသုံးပြုကြတာ။ အခုတော့ရေသောက်ဖို့အတွက် ရေသန့်ဘူး ဆောင်သွားရတယ်။ ချင်းတွင်းမြစ်ရေနောက်တာကို သိသာတဲ့နေရာက ချင်းတွင်းမြစ်နဲ့မြစ်သာမြစ်နဲ့ ဆုံတဲ့နေရာမှာပါ။ ကလေးဝမြို့ဘက်ကကြည့်ကြည့်၊ ကျော်ဇင်ကျေးရွာ ဘက်ကကြည့်ကြည့် ရေချင်းမတူတော့ပါဘူး။ မြစ်သာမြစ်မှာက ရွှေရှာတဲ့လုပ်ငန်းမှ မရှိတာ။ ရေကကြည်နေတာပေါ့။ ချင်းတွင်းမြစ်ရေကြောင်း ကောင်းဖို့အတွက် ဆိုပြီး ရေကြောင်းလုပ်ငန်းတွေ လုပ်ရအောင် ရွှေလုပ်ကွက်တွေလုပ်ရင် လုပ်ဖို့ချပေးခဲ့တဲ့အချိန်ကစပြီး ချင်းတွင်းမြစ်ရေက နောက်လာပါတယ်။ ပြီးတော့ ချင်းတွင်းရေကြောင်းကလည်း ပိုမကောင်းပါဘူး။ရေကြောင်းကောင်းဖို့ထက် ရွှေရှာဖို့ကိုပဲ အားသန်ကြလို့ပါ။ တကယ်ချင်းတွင်းရေကြောင်းကို ကောင်းအောင်လုပ်ချင်တယ်ဆိုရင် တခြားနည်းလမ်းကို စဉ်းစားစေချင်ပါတယ်''ဟု အထက်ချင်းတွင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ချင်းတွင်းမြစ်ရေ သာမက အဆိုပါမြစ်အတွင်းသို့ စီးဝင်လျက်ရှိသော ဥရုမြစ်သည် ရေအရည်အသွေး ပိုမိုကျဆင်းလျက်ရှိသည်ဟု သိရသည်။ ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများနှင့်မြို့များသည် ချင်းတွင်းမြစ်ရေကို အဓိကထားအသုံးပြုနေကြသည်ဟု သိရှိရသည်။

''ဥရုမြစ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ဥရုမြစ်ရေဟာ လက်ဖက်ရည်ဆိုင်က ကျဆိမ့်၊ပေါ့ကျ လက်ဖက်ရည် အရောင်အတိုင်းပါပဲ။ ရေကို ဒီအတိုင်းသောက်ဖို့ မလွယ်တဲ့ အခြေအနေပါ။ ဥရုမြစ်ဖျားပိုင်းနဲ့ ဥရုမြစ်ဘေးဝဲယာမှာ ရွှေလုပ်ငန်းတွေကြောင့် ရေအရည်အသွေး ကျဆင်းလာတယ်လို့ သိရပါတယ်။ မြစ်ဘေးမှာနေကြတဲ့ ဒေသခံတွေကတော့ ဒီမြစ်ရေကို သုံးကြတဲ့သူတွေရှိသလို တချို့ လည်း အဝီစိတွင်းများကရေနှင့် ရေတွင်းမှရေကိုပဲ သုံးကြတယ်။ ပိုဆိုးတာက နန်တောကျေးရွာမြစ်ကမ်းမှာနေတဲ့သူတချို့က သူတို့ရဲ့ အညစ် အကြေးပိုက်တွေကို မြစ်ထဲကို ချနေတာပါပဲ။ ရွှေမျောတွေက စီးကျတဲ့ ရေတွေကတော့ မြစ်ထဲကို တိုက်ရိုက်စီးနေတဲ့ ရေကတော်တော်လေး ညစ်ညမ်းနေတာကို တွေ့ခဲ့ရပါတယ်'' ဟု ဥရုမြစ်ဝဲယာသို့ ရောက်ရှိခဲ့သော သတင်းထောက်တစ်ဦးက ပြောကြားသည်။
Via : Eleven Media Group
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular