Monday, September 16, 2024
HomeYinmarbinယင်းမာပင်မြို့နယ် ၂၀၁၀ - ၁၁ ပညာသင်နှစ် ဂုဏ်ပြုဆုချီးမြင့်ပွဲ

ယင်းမာပင်မြို့နယ် ၂၀၁၀ – ၁၁ ပညာသင်နှစ် ဂုဏ်ပြုဆုချီးမြင့်ပွဲ

Ma Htoo Htoo Aung
ယင်းမာပင်မြို့နယ်မှ ၂၀၁၀ ၂၀၁၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြင့်ပွဲနှင့် ဂုဏ်ထူးရရှိအောင် သင်ကြား ပြသပေးကြသော ဆရာ၊ ဆရာမ များအား ဂုဏ်ပြု အခန်းအနားကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့ ပြည်သူ့ခန်းမ၌ ကျင်းပရာ အခန်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကျော်ဆန်း၊ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကံညွန့်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်သိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဒေသခံ ပြည်သူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အခန်းအနားတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦး၊ အလှူရှင် ဦးစိန်ညို - ဒေါ်စန်းရင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဟန်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်သိန်းနှင့် တာဝန်ရှိသူ များက တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြင့်ခဲ့ ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအတွက် ဂုဏ်ပြုငွေကို လည်းကောင်း၊ နိုင်ငံတော် မတည်ငွေဖြင့် စာကြည့်တိုက် ဆောက်လုပ်ရန် ကျေးရွာ နှစ်ရွာ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း မတည်ငွေဖြင့် စာကြည့်တိုက် ဆောက်လုပ်ရန် ကျေးရွာ တစ်ရွာ ပေါင်း ကျေးရွာ သုံးရွာအတွက် ငွေကျပ် သိန်း ၃၀ ကို လည်းကောင်း၊ တည်ထောင်ပြီး ကျေးရွာ စာကြည့်တိုက်များ အတွက် သုတ၊ ရသ စာအုပ် စာစောင်များ ကိုလည်းကောင်း ပေးအပ်လှူဒါန်း ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆုရကျောင်းသား ကျောင်းသူများ ကိုယ်စား လေးဘာသာ ဂုဏ်ထူးရှင်း ကျောင်းသူ မထူးထူးအောင် (ပုံတွင် ဆုလက်ခံနေသူ) က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ စကားချပ် - ညီငယ်၊ ညီမငယ်များအတွက် ဝမ်းသာရကြောင်းပါ။ အင်း... အခု Private School တွေကို ခွင့်ပြုတဲ့ ဥပဒေ ပေါ်လာမှာဆိုတော့ ယင်းမာပင်မြို့က ဘော်ဒါဆောင်တွေလည်း အဲဒီဘက်ကို မျက်စောင်းထိုးသင့် နေပြီ၊ ဒါပေမယ့် ခက်တာက ဥပဒေက ပြဌာန်းထားတဲ့အတိုင်း လုပ်ပေးနိုင်ဖို့ ငွေကြေး အင်အား တော်တော်လေး လိုလိမ့်မယ်။ ဘာပဲပြောပြော ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက မဖွံဖြိုးတဲ့ ဒေသတွေလို အသုံးအနှုန်း ခံနေရတဲ့ မြို့ကလေးကနေ ထူးချွန် ထက်မြက်တဲ့ ကျောင်းသား ကျောင်းသူတွေကို မွေးထုတ်ပေးနိုင်တဲ့ Private School တစ်ခု ရှိမလာနိုင်ဘူးလို့ ဘယ်သူ အတတ် ပြောရဲလို့လဲ... ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ ပုလဲမြို့နယ် မင်းတိုင်ပင် စံပြကျေးရွာမှာ လေးခန်းတွဲ တိုးချဲ့ နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၃) ရက်နေ့ နံနက် (၉) နာရီတွင် လည်းကောင်း၊ ယင်းမာပင်မြို့နယ်ကို အဲဒီနေ့ နေ့လည် (၂) နာရီ မှာ လည်းကောင်း၊ ဆားလင်းကြီးမြို့နယ်ကို ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် (၉) နာရီတွင် လည်းကောင်း ၂၀၁၀ - ၁၁ ပညာသင်နှစ် ထူးချွန် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြင့်ပွဲတွေမှာ တက်ရောက်သွားတာကို တွေ့ရပါတယ်။ ပြည်ထောင်စုဝန်ကြီးဟာ ဒီဇင်ဘာလကျမှ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကို ရောက်လာတာ မဟုတ်ပါဘူး၊ နိုင်ဝင်ဘာလ ကတည်းက ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အစီအစဉ်အရ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ စတဲ့ မြို့နယ် (၄) မြို့နယ်အတွင်း ကျေးလက်အသေးစား ငွေကြေးလုပ်ငန်းများ မတည် ထူထောင် ပေးဖို့ဆိုပြီး ရောက်နေခဲ့တာပါ။ အဲလို အသေးစား ငွေကြေး လုပ်ငန်းများအတွက် (၁) ပုလဲမြို့နယ် - သိန်းတစ်ထောင် (၂) ယင်းမာပင်မြို့နယ် - သိန်းငါးရာ (၃) ဆားလင်းကြီးမြို့နယ် - သိန်းငါးရာ (၄) ကနီမြို့နယ် - သိန်းငါးရာ စုစုပေါင်း ငွေကျပ် နှစ်ထောင့်ငါးရာ ကျပ်ကို ကနဦး မတည်ငွေအဖြစ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ (ဟွန့် .... ;( ပုလဲကျတော့ သိန်းတစ်ထောင်တဲ့၊ ကျန်မြို့နယ်တွေကျ သိန်းငါးရာ တဲ့.... ) ဒီနှစ် ဒီဇင်ဘာလက စပြီး အကောင်အထည်ဖော်သွားမယ့် ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၁၂) ရက် နေ့လည်ပိုင်းမှာ ပုလဲမြို့နယ် ပုလဲရတနာခန်းမမှာ ကျင်းပပြီး ဆွေးနွေးခဲ့ပါတယ်။ အဲဒီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လေးမြို့နယ်က တာဝန်ရှိသူများနဲ့ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ (TV သတင်းထဲမှာ ဆရာကြီး ဦးကျော်ဌေးတို့ကို တွေ့တယ်လို့ ကျော်ခိုင်ကတော့ ပြောပါတယ်။)
အသေးစား ငွေကြေးလုပ်ငန်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး
တိုက်ဆိုင်လို့ ပြောချင်တယ်ဗျာ...၊ ကျွန်တော်တို့ အလုပ်ထဲမှာ ပုလဲသား ဆိုတာနဲ့ လူကြီးက "ဦးကျော်ဆန်း နယ်သားပဲကွ" ဆိုပြီး ပြောလေ့ ရှိတယ်ဗျ။ ကျွန်တော့်ကို မေးတယ်ဗျ၊ ဘယ်နယ်သားလဲ တဲ့။ ကျွန်တော်က ပြောလိုက်တယ်၊ "ယင်းမာပင်သားပါ၊ ဗိုလ်ဖိုးတုပ် နယ်သားပါ" ဆိုပြီးတော့။ လူကြီးလည်း တော်တော် မျက်စိလည် သွားပုံရတယ်။ "ဘယ်က ဗိုလ်ဖိုးတုပ် လဲကွ" ဆိုပြီး ပြန်မေးပါတယ်။ အဲဒီတော့မှ ပြန်ပြောလိုက်တယ် " သီပေါမင်း ပါတော်မူသွားတော့ နယ်ချဲ့တွေကို တော်လှန်ခဲ့တဲ့ သူရဲကောင်းပါ။ ကျွန်တော့်က သူ့နယ်သားပါ" အဲဒီတော့မှ ရယ်ပြီး ပြောတယ်၊ "ငါတော့ ဗိုလ်ဖိုးတုပ်ကို သိပ်မကြားမိ ပါဘူးကွာ။ မင်းကတော့ လုပ်ရောမယ်၊ ယင်းမာပင်သား... ယင်းမာပင်သား... တော်တော် အကြောတင်းတဲ့ ကောင်ပဲ..." တဲ့။ အမှန်က သူ သေချာမသိလို့ ကံကောင်းတာ၊ ဗိုလ်ဖိုးတုပ်ဆိုတာ ယင်းမာပင်သား အစစ်မဟုတ်ဘူး။ တကယ်က ရွာထောင်သားရယ်၊ အခုထိ ယင်းမာပင် သင်္ချိုင်းမှာ သူ့ဂူ ရှိသေးတယ်။ ဂူပေါ်မှာ ဘုရားစေတီလေး ပါတယ်လို့ ပြောတယ်။ ဒီတစ်ခေါက် ပြန်တုန်းက ဓာတ်ပုံ ရိုက်မလို့ဟာ၊ မရိုက် ဖြစ်ခဲ့ဘူး။
Ref : (မြန်မာ့အလင်း သတင်းစာ (ဒီဇင်ဘာ ၆ ရက်၊ အင်္ဂါနေ့၊ အတွဲ ၅၁၊ အမှတ် ၆၇)၊ မြန်မာ့အလင်း သတင်းစာ (နိုဝင်ဘာ ၁၄ ရက်၊ တနင်္လာနေ့၊ အတွဲ ၅၁၊ အမှတ် ၄၅)
RELATED ARTICLES

Most Popular