ကျေးလက်ဘုရားပွဲ

ဘာလိုလိုနဲ့ ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲလည်း ဒီအချိန်ဆို စနေလောက်ပါပြီ။ဒီနေ့ပိတ်ရက်မို့ စာအုပ်ဖတ်ရင်း အညာလွမ်းစိတ်လေးကို
နှစ်သိမ့်နိုင်မယ် စာအုပ်လေးတစ်အုပ်ကိုအမှတ်မထင် တွေ့လိုက်ရပါတယ်။ စာအုပ်လေးကတော့ ဆရာကြီးမြသန်းတင့်ရဲ့“မြသန်းတင့်၏
စာပေါင်းစု” စာအုပ်လေးပါ။အဲဒီထဲက “ကျေးလက်ဘုရား”ပွဲဆိုတာလေးကို ညီအကိုမောင်နှမများ အတွက် မျှဝေလိုက်ပါတယ်။

ကျွန်တော်သိသလောက် အညာစာအုပ်တွေရေးတဲ့ စာရေးဆရာ၊ဆရာမတွေရှိပါတယ်။ နေဝင်းမြင့်၊ ခင်ခင်ထူးတို့ ရေးတဲ့ အညာစာအုပ်တွေကို
ကျွန်တော်တို့ဆီက အညာပုံရိပ်တွေနဲ့ နည်းနည်းကွာတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ အညာပုံရိပ်တွေက မြင်းခြံ၊
မန္တလေးဘက်ကို အခြေခံထားတွေများပါတယ်။ မြသန်းတင့်စာအုပ်တွေကတော့ ကျွန်တော်တို့ဆီက အညာပုံရိပ်နဲ့ တထပ်တည်းကျတယ်လို့
ပြောနိုင်ပါတယ်။“တမာနုချိန်” ဆိုရင်ကျွန်တော်မြို့အဝင်က တမာတန်းလေးကို ဖွဲ့ဆိုထားလားတောင် ဆိုနိုင်ပါတယ်။အခု “ကျေးလက်ဘုရားပွဲ”
ဆိုရင်လည်း ယင်းမာပင်မြို့လေးရဲ့ အမေကြီးပွဲခင်းလေးကို ရောက်ရှိသွားသလိုပါဘဲ။

ကျေးလက်ဘုရားပွဲ

ကျေးလက်မှလူတွေက ကျေးလက်ထွက်ကုန် ပစ္စည်းတွေကို သယ်လာကြသည်။ သစ်ဝါး ထွက်ပစ္စည်းများ၊ လယ်ယာအသုံး
အဆာင်ပစ္စည်းများ၊ မြေအိုး၊ မြေခွက်၊ စဉ့်အိုး၊ စဉ့်ခွက် စသည့် အိုးခွက်ပစ္စည်းများ၊ လယ်သမားသုံး သံထည်ပစ္စည်းများ၊ ကျေးလက်မှ
ထွက်သည့် စားသောက်ဖွယ် အခြောက်အခြေမ်းပစ္စည်းများနှင့် သစ်သီး၀လံများ၊ ကျေးလက်အနုပညာ ပစ္စည်းများ စသည်ဖြင့် လာရောင်း
ကြသည်။

မြို့ပြက ကုန်သည်တွေ၊ စျေးသည်တွေလည်း ဘုရားပွဲသို့ ဆင်းလာကြသည်။ သူတို့နှင့်အတူ အထည်အလိပ်များ၊ကျေးလက်
အိမ်သုံးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများ၊ လက်ဖက်ခြောက်၊ ဆား၊ ငါးပိ၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များ၊ ဘုရားကားနှင့်
ပြက္ခဒိန်များ၊ တရား စာအုပ်များ၊ ရုပ်ပွားတော်များ စသည့်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းများ၊ မိတ်ကပ်ဘူး၊ သနပ်ခါးခဲ၊ နှုတ်ခမ်းနီဆိုးဆေး
စသည့် အလှအပပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အိမ်သုံးဆေး၊ မြန်မာတိုင်းရင်းဆေးစသည့် ဆေးဝါးပစ္စည်းများ၊ ထီး၊ ဖိနပ်၊
ခမောက်၊ ဦးထုပ်၊ ပလတ်စတစ် စသည့် အကာအကွယ်ပစ္စည်များ၊ သွပ်ပုံး၊ သံပုံး၊ ပလက်စတစ်ပုံး စသည့်မြို့ပြမှ ထုတ်လုပ်သော ထည့်
စရာပစ္စည်များ၊ ဂုန်အိတ်၊ မြွေရေခွံအိတ်၊ ကြွတ်ကြွတ်အိတ်၊ ပလတ်စတစ်အိတ်၊ လွယ်အိတ် စသည့် အိတ်များ၊ ဆင်ရုပ်၊ မြင်းရုပ်၊ မော်
တော်ကားရုပ်၊ လူရုပ်၊ အိုးစည်၊ လင်းကွင်း၊ ပလုပ်တုတ် တုတ် စသည့် ကလေးကစားစရာ ပစ္စည်း စသည်စသည်…..

ကျေးလက်က ဘုရားပွဲသည် မြို့ပြနှင့် ကျေးလက်တို့၏ဆုံချက်ဖြစ်သည်။ ဒုန်းစိုး၍ ပြေးလာ နေသော နှစ်ဆယ်တစ်ရာစုနှင့်
နောက်ဆံတငင်ငင်နှင့် ဆုတ်ခွာနေသော နှစ်ဆယ်ရာစုတို့၏ တွေ့ဆုံ နှုတ်ဆက်ပွဲဖြစ်သည်။ တစ်ခါတစ်ရံတွင် မျက်စိလည် လမ်းမှား
ကျန်ရစ်ခဲ့သည့် ဆယ်ကိုးရာစု၏ အရိပ်အရောင်ကိုပင် လှစ်ကနဲ မြင်လိုက်ရသေးသည်။

ကျေးလက်ဘုရားပွဲသည် ထရန်စစ္စတာ ရေဒီယိုနှင့် ဝါးပုလွေတို့ တစ်ဦးကိုတစ်ဦး မျက်စောင်း ထို့ကြည့်ရာ ဖြစ်သည်။
တွံတေးသိန်တန်နှင့် စိတ်ကစားတတ်သည့် အပျိုပေါက်အရွယ် အေးမတို့ ဆုံးစည့်းရာဖြစ်သည်။ ဗွီဒီယို ဇာတ်ကားက သေတ္တာပေါက်
ကလေးထဲ ချောင်းကြည့် ရသည့် လမ်းဘေးအထမ်းရုပ်ရုင်ကို အထင်သေးစွာ ငုံကြည့်သည့် နေရာဖြစ်သည်။ ထိုင်းနိုင်ငံမှ မိတ်ကပ်ဘူးက ကျေးလက်လုံမပျို၏နေလောင်ထားသော ပါးပြင်ကို မျက်စပစ်ခေါ်နေသည့် နေရာဖြစ်သည်။မနူးမနပ်မြို့သားနှင့်ချက်အရက်ပြင်းတို့ စတင်
မိတ်ဆက်ရာဖြစ်သည်။ ဝေဖာနှင့် မုန့်ပျားသလက်တို့ အားပြိုင်ရာ ဖြစ်သည်။ ထုံချိုင်းနှင့် ရဲကိုကိုတို့ အစွမ်းပြရာဖြစ်သည်။ ဒိုင်နာကားနှင့် လှည်းကြမ်းတို့ထိပ်တိုက်တွေ့ရာဖြစ်သည်။ကမ္ဘာလှည့်ခရီးသည်၏ စပို့ရှပ်နှင့် ရှေးဟောင်းမြေဆေးတံတို့ လဲလှယ်ရာဖြစ်သည်။ တရုတ်
ကြွေပန်ကန်နှင့် ရှိန်းမကားစဉ့်အင်တုံတို့ အလှပြိုင်ကာဖြစ်သည်။ ပလတ်စတစ်မော်တော်ကားနှင့် ချိုးရုပ်တို့ အပြိုင်လက်ယပ်ခေါ်ရာ
ဖြစ်သည်။

ကျေးလက်ဘုရားပွဲသည်…
ကျေးလက်၏လုပ်အားနှင့် မြို့ပြ၏အစွန်းထွက်တန်ဖိုးတို့ ရောင်းဝယ်ရာ ဖြစ်သည်။ ကျေးလက်၏ချွေးနှင့် မြို့ပြ၏လောင်စာဆီတို့ စီးဆင်းရာ
ဖြစ်သည်။ ကျေးလက်၏ သင်းပျံ့ ချိုးမွှေးသော ရနံ့နှင့်ဖုန်၊ဓာတ်ဆီနံ့၊မီးခိုး၊ကာဘွန်ဒိုင်အောက်ဆိုက်တို့ ရောယှက်ရာဖြစ်သည်။ စျေးကွက်
စီးပွားရေးဝါဒနှင့်သဘာဝပတ်ဝန်ကျင်ထိန်သိမ်းမှုတို့ ပဋိပက္ခ ဖြစ်ပွားရာ ဖြစ်သည်။ သက္ကရာဇ် နှစ်ထောင်၏အရုဏ်နှင့် အိုးမင်းသော အတိတ်
ဆည်းဆာတို့ ပေါင်းဆုံရာ ဖြစ်သည်။ စက်မှုဝါဒနှင့် ပုဂ္ဂလိက မြေယာတို့ အငြင်းအခုံလုပ်ရာဖြစ်သည်။ မိုးလေဝသဂြိုလ်တု သတင်း ပို့ချချက်နှင့်
သင်္ကြန်စာတို့ ကိုယ်အယူအဆကိုယ်ဝါဒဖြန့်ရာ ဖြစ်သည်။ကျေးလက်ပန်းပဲဆရာနှင့် မက္ကင်းနစ်တို့ စျေးခေါ်ရာဖြစ်သည်။လေလွင့်နေသော အရူးမနှင့် ဆူညံသောင်းကျန်းနေသော ကာလသားတို့ ကစားမြူးတူးရာဖြစ်သည်။ အိမ်တွင်းပုန်းရာမှ ထွက်လာသော ပုန်းမကြည်မနက်နှင့် ပဲပွဲစားတို့
စျေးဆစ်ရာဖြစ်သည်။

ကျေးလက်ဘုရားပွဲသည်…..
ထိုင်းရေမွှေးနှင့် ရှင်မတောင်သနပ်ခါးတို့ အမွှေးပြိင်ရာဖြစ်သည်။ ဖန်လုံအိမ် အာနိသင်နှင့် ပြာသိုအချမ်းတို့ လွန်ဆွဲရာဖြစ်သည်။ ချူးအင်းဂမ်းနှင့်
ကွမ်းယာတို့ အပျင်းပြိုင်ရာ ဖြစ်သည်။ နိုင်ငံခြားသကြားလုံနှင့်ထန်းဖိုးဦးထန်းလျက်တို့ အချိုပြိုင်ရာဖြစ်သည်။ ကြေးနောင်သံနှင့် စေတီဆွဲလွဲ
သံတို့ ဂီတပြိုင်ရာ ဖြစ်သည်။ ကိုကာကိုလာနှင့် ရေချမ်းစဉ်တို့ အားပြိုင်ရာ ဖြစ်သည်။ ပြဇာတ်အော်ပရာနှင့် မိုးအလင်းကြည့် သုံကားတို့ ပရိတ်
သတ်စုရာဖြစ်သည်။ ယွန်းဗျပ်နှင့် စတီးလင်ပန်းတို့ အလှပြိုင်ရာ ဖြစ်သည်။ ဥက္ကလာပါတိတ်နှင့် ပင်နီဖျင်ကြမ်းတို့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ
နေထိုင်ရာဖြစ်သည်။ အလောင်းစည်သူ၏ဖောင်းတော်ဦး စေတီဖောင်းရစ်သို့ မြောက်ဆန် တစ်ဖြစ်လဲ ကြေးထီးတော်ကို ပန်းရထားဖြင့် ပင့်ဆောင်ရာ
ဖြစ်သည်။ နေရှင်နယ်နီယွန်မီးချောင်း နှင့် သံဖြူရေနံချေးမီးခွက်တို့ အလင်းပြိုင်ကြရာ ဖြစ်သည်။

ကျေးလက်ဘုရားပွဲသည်…..
ပြက္ခဒိန်မျက်နှာဖုံနှင့် လမ်းဘေးပန်ချီဆရာ၏ ရှုခင်းပန်းချီကားတို့ ရသပြိုင်ကြရာဖြစ်သည်။ မှန်ကားထဲက လေးအေးစက်နှင့် အညာဆောင်းတို့ အအေးပြိုင်ကြသည့်နေရာဖြစ်သည်။ ပက်ကစီ နှင့် ထန်းရေချို့တို့အချိုပြိုင်ကြသည့် နေရာဖြစ်သည်။ ဂျော်နီဝေါ့ကားတံဆိပ်နီနှင့် တောအရက်တို့
အမူးပြိုင်ကြသည့် နေရာဖြစ်သည်။ ဗလာဆိုင်းနှင့်စတိတ်ရှိုးတို့ အသံပေးပြိုင်ရာ ဖြစ်သည်။ စျေးတန်းမှ မင်းသမီးရုပ်နှင့် ပြက္ခဒိန်မျက်နှာဖုံးပေါ်မှ
အလှမယ်တို့ အလှချင်းပြိုင်ရာဖြစ်သည်။ အလှူခံပုဂ္ဂိုလ်နှင့် ဖုန်းတောင်းယာစကာတို့ မေတ္တာအပို့ ပြိုင်ရာဖြစ်သည်။ ဂျင်းဘောင်းဘီနှင့်
ကင်းတပ်ဆင်ယောလံချည်တို့ အထူပြိုင်ကြရာ ဖြစ်သည်။ ကူးစက်ရောဂါနှင့် ကျေးလက် ကျန်းမာ ရေး ဆေးပေးခန်းတို့ နပန်းသတ်ရာဖြစ်သည်။ လမ်းဘေးမျက်လှည့်ပွဲနှင့် ကြယ်တရာစစ်ပွဲ ရုပ်ရုင်ကားပြတ်တို့ မျက်လှည့်ပြိုင်ရာဖြစ်သည်။

ကျေးလက်ဘုရားပွဲသည်…
ဇီဝဗေဒဆိုင်ရာ အစုအဝေးနှင့် ဓာတုဗေဒဖွဲ့စည်းမှုတို့ ပေါင်းဆုံရာဖြစ်သည်။ လူ၊ နွား၊ မြင်း၊ ခွေး၊ကြွက်၊ပုရွတ်ဆိတ်၊ပိုးဟပ်စသည့်
သတ္တလောကကြီးနှင့် ဝါးလုံးကုလားထိုင်၊ အထည်စ၊ မှန်၊ သစ်သား၊ရွံ့စေး၊ဆန်မှုန့် စသည့်အဝိညာဏက ပစ္စည်းတို့၏စုဝေးဖြစ်သည်။ဂေဟဗေဒ
နှင့် အင်ဒရေး ပိုးသတ်ဆေးတို့ ပဋိ ပက္ခဖြစ်ပွားရာစစ်တလင်းဖြစ်သည်။ ပယောဂကုအတတ်နှင့် ခေတ်သစ်ဆေး သိပ္ပံတို့၏ဆေးချက်ပြိုင်ရာ
ဖြစ်သည်။ အသံချဲစက်နှင့် ဗျို့ဟစ်သံတို့ အသံကျယ်ပြိုင်ကြရာ ဖြစ်သည်။

အေးမြသော မေတ္တာပို့သံနှင့် ပူလောင်သော ရန်ဖြစ်သံကို တစ်ပြိုင်တည်းကြားရသော နေရာဖြစ်သည်။ ဆွတ်ပျံဖွယ် ကြေးစည်သံနှင့်
ငေါ်တူးစူးရှသော မော်တော်ကား ဟွန်းသံကို ကြားရသည့်နေရာဖြစ်သည်။ ခေတ်ပေါ်တည်းခိုရိပ်သာနှင့် သာလာယံဇရပ်တို့ ဘေးချင်းယှဉ်နေသာ
နေရာဖြစ်သည်။ လင်းကြက်တွန်သံနှင့် နှိုးစက်နာရီတို့၏တစ်မနက်ခင်းကို ကြွေးကြော်ရာနေရာ ဖြစ်သည်။ ဆွမ်းကြီးလောင်းပွဲနှင့်လောင်းကစားပွဲတို့
ရှေ့ဆင့်နောက်ဆင့် ကျင်းပရာ ဖြစ်သည်။ မနက်တွင် ဗျောသံကိုကြားရပြီးနေလယ်တွင် စျေးတန်းမှ ပလုတ်တုတ်သံကို ကြားရသော နေရာ
ဖြစ်သည်။ညက ဇီးကွက်၏ကြုံဝါးသံကိုကြားရပြီး နေ့လည်တွင်ကျီးတို့၏ကြွေးကြော်သံကို ကြားရသည့်နေရာဖြစ်သည်။လေထုထဲတွင် ရှိသည့်
အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်များကို ကာဗွန်ဒိုင်အောက်ဆိုက်တို့က မောင်းထုတ်နေသည့်နေရာဖြစ်သည်။

ရှေးဟောင်းဒဏ္ဍရီများထဲက ရက္ခများ၊ဂုမ္ဘာန်များ၊လှည်းဇာတ်ထဲမှ ဇာတ်ရုပ်များအသွင်ဖြင့် လှည်းတန်းကြီးများပေါ်တွင်ကခုန် လိုက်ပါ
လာကြရာ နေရာဖြစ်သည်။ဖုန်တက်နေသော တိုင်ရင်း ဖြစ်ဆေးပုလင်းက မှန်ဗီရိုထဲက နိုင်ငံခြားဆေးဘူးကို အားကျစွာ ငေးကြည့်ရာ နေရာလည်း ဖြစ်သည်။ဗေဒင်လက္ခဏဆရာနှင့် ထီဆိုင်တို့ မဟာမိတ်စာချုပ် ချုပ်ဆိုရာနေရာဖြစ်သည်။

ခေတ်သစ် သူဌေးပေါက်စက ဂဏန်းခြောက်လုံးတန် ရိုးလက်စ်ကိုပတ်ထားရာ နေရလည်းဖြစ်သည်။သဇင်ပန်းနှင့် စက္ကူပန်းတို့သည် အရောင်ချင်းပြိုင်နေကြသည့် နေရာဖြစ်သည်။

ကျေးလက်ဘုရားပွဲသည် ဘ၀ဖြစ်သည်။ ခေတ်ဖြစ်သည်။ လောကဖြစ်သည်။ အစစ်အမှန် ဖြစ်သည်။ အလုံးစုံ လွှမ်းခြုံရာဖြစ်သည်။ ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ဖြစ်တည်မှုဖြစ်သည်။ ပေါင်း စည်းမှု ဖြစ်သည်။ သဟဇာတဖြစ်မှုဖြစ်သည်။ မဟာပွဲသဘင်တစ်ခုဖြစ်သည်။ဒိဌဓမ္မ
ဖြစ်သည်။ နိယာမဖြစ်သည်။ စိတ်ဓာတ်ဖြစ်သ်ည။ အင်းအားအစုအဝေးဖြစ်သည်။ ဟာမိုနီဖြစ်သည်။ ညီညွတ်မှုဖြစ်သည်။

ထိုအထဲတွင် ကွဲပြားမှုတွေရှိသည်။ ဆန့်ကျင်ဘက်တွေရှိသည်။ဝိရောဓီတွေရှိသည်။ ပဋိပက္ခ တွေရှိသည်။ မညီညွတ်မှုတွေရှိသည်။

သို့တိုင်အောင် ထိုကွဲပြားမှုများသည် ပေါင်းစည်းနေကြသည်။ ဆန့်ကျင်ဘက်များသည် စုစည်း နေကြသည်။ မညီမညွတ်မှုများသည်
ညီညွတ်နေကြသည်။ ဝိရောဓီများသည် သမူဟဖြစ်နေကြသည်။
ကျေးလက်ဘုရွားပွဲသည်…….
(ကလျာမဂ္ဂဇင်း၊၁၉၉၄၊ဖေဖော်ဝါရီ)


Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *