Monday, September 16, 2024
Homeယင်းမာပင်မြောက်ယမားချောင်း

မြောက်ယမားချောင်း

ယမားဆိုတာ ဘာလဲဗျ

“အရိုးရှည်တပ်ထာတဲ့ နန်းသုံးယပ်ဝိုင်းတွေကို ယပ်မား ခေါ်ကြတယ်။ အသံထွက်တော့ ယမားလို့ ထွက်ကြတယ်။ ချောင်းရိုး တစ်လျှောက် ယပ်ရိုးလိုစီးလာရာက ချောင်းဝမှာ ယပ်ရွက်လိုကျယ်ပြန့်သွားတဲ့ ချောင်းတွေလို့ သဘောရမယ် ထင်တယ်။”

မြောက်ယမားချောင်း

တောင်ယမားချောင်း၊ မြောက်ယမားချောင်း ဆိုပြီးနှစ်မျိုး ရှိပါသည်။ တောင်ယမားချောင်းက မိုးဦးကျချောင်းဖြစ်၍ ကျန်ရာသီတွေ မှာ ချောင်းခြောက်ဟု ဆိုနိုင်ပါသည်။ မြောက်ယမားချောင်းကတော့ နှစ်ပေါက်ရေရှင် စီးသည့်ချောင်း ဖြစ်ပါသည်။ ရေရှင်ချောင်း ဆိုသော်လည်း အမြဲတမ်းစီးဆင်းနေသော ချောင်းတော့ မဟုတ်ပါဘူး။ ချောင်းတွင်းရေထွက်တွေက စီးသည့် ရေလောက်သာ ရှိပါသည်။ မိုးတွင်းအခါမှာတော့ မြောက်ယမားချောင်းရေတွေ ဝါးလုံးထိုး ဆင်းတတ်ပါသည်။ တောင်ယမားချောင်းရော၊ မြောက် ယမားချောင်းပါ ပုလဲမြို့နယ်ကို နယ်နိမိတ်ကန်သတ်ထားသည့် ချောင်းများဖြစ်ပါသည်။ မြောက်ယမားချောင်းက ပုလဲမြို့နယ်နှင့် ယင်းမာပင်တစ်လျှောက် စီးဆင်း၍ တောင်ယမားချောင်းက ပုလဲမြို့နှင့် မကွေးတိုင်း မြိုင်မြို့နယ်တစ်လျှောက် အနားသတ် စီးဆင်းပါသည်။

မြောက်ယမားချောင်းကြီး ဖြစ်လာဖို့ ပုလဲနယ်အတွင်းမှာ ချောင်းငယ်ကလေးတွေ သဟာယ ဖွဲ့ကြရသေးသည်။ ကနီနယ် အစ သာတောင်ခြေက စီးလာသောချေင်းငယ်နှင့်တစ်နေရာမှ ဆုံကာ စသာချောင်းအဖြစ် စီးလာခဲ့သည်။ တစ်ခါ ပုံတောင်တောင်ခြေ ဘက်စီးလာသော ချောင်းငယ်က ဝက်ကျညောင်ကိုင်းရွာတစ်လျှောက် စီးဆင်းလာကာ ယမားအဖြစ်ပိတောက်ကုန်းမှာ စ သာချောင်းရိုးနှင့်ဆုံသည်။ သည်အခါမှာတော့ မြောက်ယမားချောင်းကြီးအဖြစ် နံ့သာကုန်း၊ ရနောင်(ရွာနောင်)၊ ကမ္ဘားရပ်၊ ပုထိုး သာ ရွာတွေကို ပွတ်တိုက်လာခဲ့ရာက အရှေ့ဘက်ကို စီးဆင်းသည်။ ရွာနောင်ရွာက မြောက်ယမားချောင်း ကမ်းပါးရွာ ဖြစ် သည်။ ချောင်းမကြီး၏ မြောက်ခြမ်းက ယင်းမာပင်မြို့နယ်၊ တောင်ခြမ်းက ပုလဲမြို့နယ်၊ ပြီးမှဆားလင်းကြီး နယ်ကို ဖြတ်သည်။ ချင်းတွင်းကို ဝင်သည်။ ချင်ပြစ်ကျင်းဘက်မှာ ချောင်းဖျားခံသည့် ချောင်းငယ်တစ်ချောင်းကလည်း ချင်ပြစ်ရွာနှင့် မုံသွင်ရွာကြား ကို ဖြတ်၍ ချောင်းမကြီးထဲ ဝင်ပါသေးသည်။

မြောက်ယမားတံတား

မြောက်ယမားတံတားသည် ပေ ၁၀၀၀ နီးပါးရှိသော တံတာရှည်ကြီး ဖြစ်သည်။ မြောက်ယမားတံတားက သံဘေလီကြိုးဆိုင်း တံတားဖြစ်ပြီး မြင်ရသလောက် ချောင်းတစ်လျှောက် စိုစိုဖန့်ဖန့်ရှိသည်။ ချောင်းစိုက်ခင်းတွေဆိုတော့ နုန်းပို့ချတာကိုချည်း မဟုတ်။ သဲကြမ်းနှင့် ကျောက်စရစ်တွေပါ ပို့ချသည့်အတွက်တချို့နေရာတွေမှာ ကမ္မသကာ သဘောထားကြရသည်။ သို့သော် ချောင်းတွင်းစိုက်ခင်းများအဖို့ အောက်ခံရေဓာတ်သည် အဖိုးတန် သဘာဝရင်းမြစ် ဖြစ်သည်။ ကုလားပဲ၊ မြေပဲပင်၊ ပဲလွန်းခင်းတွေကလည်း ချောင်းတစ်လျှောက် များပြားလှသည်။ အတွင်းထဲဝင်လာတော့ မြေတောင်ပို့တွေ တူးဆွထားတာ မြင် ရသည်။မြေတွင်းသတ္တုဓာတ်ကို မြန်မာ့နည်းဖြင့် ရယူနေကြတာ ဖြစ်သည်။ အဂ္ဂိရတ်နည်း၊ လုတ်ရပ်နည်းများသည် မြန်မာ့ chemistry ဖြစ်သည်။ အနားတဝိုက်မှာရွှေတောင်ဦး၊ ခမောက်တောင်၊ စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ၊ ဖိုလ်ဝင်တောင်တွေ ရှိသည်။ မြောက်ယမားချောင်းကတော့ ကျောက်မျက်တောင်အနီး ချင်းတွင်းမြစ်ထဲ ဝင်သည်ဟု ဆိုကြပါ သည်။

Via: နေဝင်းမြင့် (ချစ်သူနှင့်ခရီးသွားခြင်း)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular