Sunday, September 8, 2024
HomeYinmarbinဝန်ကြီးဦးကျော်ဆန်း ပေးအပ်ခဲ့သော ချေးငွေများ ပြန်တောင်း

ဝန်ကြီးဦးကျော်ဆန်း ပေးအပ်ခဲ့သော ချေးငွေများ ပြန်တောင်း

မြန်မာ့အလင်း သတင်းစာ

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလမှာ ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး အစီအစဉ်အရ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ စတဲ့ မြို့နယ် (၄) မြို့နယ်အတွင်း ကျေးလက်အသေးစား ငွေကြေးလုပ်ငန်းများ မတည် ထူထောင် ပေးဖို့ဆိုပြီး ရောက်လာခဲ့ပါတယ်။ အဲလို အသေးစား ငွေကြေး လုပ်ငန်းများအတွက်
(၁) ပုလဲမြို့နယ် – သိန်းတစ်ထောင်
(၂) ယင်းမာပင်မြို့နယ် – သိန်းငါးရာ
(၃) ဆားလင်းကြီးမြို့နယ် – သိန်းငါးရာ
(၄) ကနီမြို့နယ် – သိန်းငါးရာ
စုစုပေါင်း ငွေကျပ် နှစ်ထောင့်ငါးရာ ကျပ်ကို ကနဦး မတည်ငွေအဖြစ် ပေးအပ်ခဲ့ပါတယ်။၂၀၁၁ ဒီဇင်ဘာလက စပြီး အကောင်အထည်ဖော်သွားမယ့် ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း နိုဝင်ဘာလ (၁၂) ရက် နေ့လည်ပိုင်းမှာ ပုလဲမြို့နယ် ပုလဲရတနာခန်းမမှာ ကျင်းပပြီး ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လေးမြို့နယ်က တာဝန်ရှိသူများနဲ့ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ (TV သတင်းတွေထဲမှာ လည်း ဒီသတင်းကို ထည့်သွင်း ပြသခဲ့ပါတယ်။) မြန်မာ့အလင်း သတင်းစာ (နိုဝင်ဘာ ၁၄ ရက်၊ တနင်္လာနေ့၊ အတွဲ ၅၁၊ အမှတ် ၄၅) မှာလည်း မျက်နှာဖုံး သတင်း ခေါင်းကြီးပိုင်း အနေနဲ့ ထည့်သွင်း ဖော်ပြခဲ့ ပါသေးတယ်။

အဲဒီသတင်း နေရာစုံမှာ ပါသွားခဲ့ပြီး မကြာခင်မှာပဲ အသေးစားငွေကြေး လုပ်ငန်းများအတွက် ငွေကြေး အချို့ကို ထုတ်ချေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး… ယင်းမာပင်မြို့နယ် အတွက် ရရှိတဲ့ ကနဦး မတည်ငွေ သိန်း(၅၀၀) ထဲက သိန်း (၁၀၀) မပြည့်သေးခင်မှာပဲ အဲဒီ ချေးငွေ ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ချေးငွေ ထုတ်ပေးထားတဲ့ သူတွေကိုလည်း “နောက်မှ ပြန်ချေးပါ့မယ်၊ အခုတော့ ထုတ်ချေးပေးထားတဲ့ ချေးငွေကို ပြန်အပ်ပါ” ဆိုပြီး ပြန်တောင်းသွားပြန်ပါတယ်။ လုပ်ငန်း လုပ်မယ်ဆိုပြီး ချေးယူထားတဲ့ သူတွေ ခမျာ လုပ်ငန်းလုပ်ဖို့ စိတ်ကူးယုံ ရှိသေး၊ ထုတ်ချေးပေးထားတာလေးတွေကို ပြန်အပ်လိုက်ရပါတယ်။ သူတို့ ပြောသလို နောက်မှ ပြန်ချေးမယ် ဆိုတာကလည်း ကမ္ဘာ့လဆန်း (၁) ရက်နေ့ကို ပြောတာလား မသိ ဖြစ်နေတယ်။

နောက်ဆုံး ကြားသိရသည့် အတည်မပြုရသေးသော သတင်းများ အရ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းဟာ အခြား မြို့နယ်များကို သွားရောက်ရင်း ချေးငွေတွေ ထုတ်ချေး ပေးပါ့မယ်ဟု နှုတ်ကျွံလာခဲ့သည့်အတွက် ယင်းမာပင်မြို့နယ် အပါအဝင် ဖွံဖြိုးမှုနောက်ကျတဲ့ ဒေသတွေလို့ သူကိုယ်တိုင် ပြောခဲ့တဲ့ ချင်းတွင်းမြစ် အနောက်ဘက်ရှိ မြို့နယ် (၄) မြို့နယ်တွင် သူကိုယ်တိုင် ထုတ်ချေးပေး ခဲ့သော ကနဦး မတည်ငွေများကို ပြန်တောင်း သွားတာလို့ သိရပါတယ်။

TV သတင်း၊ FM သတင်း၊ ရေဒီယို သတင်း၊ သတင်းစာ ခေါင်းကြီးပိုင်းသတင်း စတဲ့ သတင်းတွေ များစွာ ရှိသည့်အနက် ဘယ်သတင်းတွေက ဘယ်လောက် မှန်နိုင်ခြေ ရှိပါသလဲ လို့ မေးခွန်း ထုတ်ရမလို ဖြစ်နေတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း ကိုယ်တိုင်က အကွက်ရွေ့ မြန်တာလား…၊ ခု ဆီထမင်း ခု စာကလေးကြော် လုပ်တာလား…၊ ဒါမှမဟုတ် ကြားထဲက တာဝန်ရှိသူတွေရဲ့ အလွဲသုံးစား လုပ်လိုက်တဲ့ ဖြစ်ရပ်လား… ဒါဆိုလည်း သိန်းငါးရာကြီး ဆိုတော့ နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ လုပ်ရဲပါ့မလား…။ ဘယ်လိုကြီးမှန်းကို မသိပါဘူးဗျာ။

ချေးငွေတွေ ထုတ်ပေးခဲ့တဲ့ အဲဒီအချိန်က ရေးသားခဲ့တဲ့ ပိုစ့်အဟောင်းကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Ref: နိုဝင်ဘာ ၁၄ ရက်နေ့ ရုပ်မြင်သံကြား ရေဒီယို FM သတင်းများ၊ မြန်မာ့အလင်း သတင်းစာ (နိုဝင်ဘာ ၁၄ ရက်၊ တနင်္လာနေ့၊ အတွဲ ၅၁၊ အမှတ် ၄၅)

RELATED ARTICLES

1 COMMENT

  1. အညာနယ်မြို့ငယ်ယင်းမာပင်ဆီ ကိုလွမ်းမိတယ် website တင် တဲ့ညီငယ်တွေကိုလည်း Thank …

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular