“မြောက်ယမားချောင်းရေကြောင့် ကျေးရွာနေအိမ်တွေ ပျက်စီးမှု ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာ ငါးရွာအနက် လေးရွာကို ရေလွတ်ရာ ဒေသကို ပြောင်းရွေ့မယ်။ ကျေးရွာသစ် ပြောင်းတဲ့အခါ လယ်ယာမြေ နည်းတဲ့ နေရာတွေမှာ တစ်ဧက ကျပ်သိန်း ၆၀ ထိ စျေးကြီးပေးရတဲ့အတွက် ကျေးရွာသစ်ပြောင်းမယ့် အိမ်ရာသစ် ဆောက်မယ့်သူတွေ အနည်းဆုံး ကျပ်သိန်းနှစ်ဆယ်အထိ မြေစျေးပေးရမယ်။ ကျေးရွာသစ် တည်ဆောက်ရေး လုပ်ငန်းမှာ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့ မြေနေရာကိုလည်း ကျေးရွာအိမ်ခြေနဲ့ တွက်ပြီး မြေဖိုး ပေးဆောင်ရမယ်။ မိမိရဲ့ ဆန္ဒအရ ကျေးရွာဟောင်းမှာ နေခဲ့လည်း ရတယ်။ ဒါပေမယ့် ကျေးရွာသစ် တည်ဆောက်ရေးမှာ စာသင်ကျောင်း၊ စာကြည့်တိုက် စတဲ့ အဆောက်အအုံတွေရဲ့ မြေနေရာ ကုန်ကျစရိတ်တော့ ပေးဆောင်ရမယ်လို့ ပြောတယ်” ဟု ရေကြည်ပင် ကျေးရွာဒေသခံ တောင်သူကြီး တစ်ဦးက ပြောသည်။
မြောက်ယမားချောင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုံတောင်ပုံညာတောင်တန်း အခြေပြု စီးဆင်းပြီး ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာ၊ နတ်ထောက်ကျေးရွာ၊ ရွှေပန်းခိုင်ကျေးရွာ၊ နှုန်းကြီးကျေးရွာနှင့် ဘိန်းနွယ်ချောင် ကျေးရွာတို့အတွင်း ချောင်းရေကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။
ရေကြည်ပင်ကျေးရွာသည် အိမ်ခြေ ၁၄၀ ရှိသည့်အနက် အိမ်ခြေ ၈၀ အား လက်ရှိကျေးရွာဟောင်း၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ မြောက်အိုးချောင် စိုက်ကွင်းအတွင်း ကျေးရွာသစ်အဖြစ် တည်ဆောက်မည် ဖြစ်ပြီး ကျေးရွာသစ် တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေများလည်း ထည့်သွင်းပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။
နတ်ထောက်ကျေးရွာသည် အိမ်ခြေ ၃၀၀ ရှိပြီး အရှေ့ဘက် ကျေးရွာသစ် စီမံကိန်းတွင် ၇၅ ပေ ပတ်လည် မြေကွက်တစ်ကွက်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အိမ်ခြေ ၃၀ ခန့် ပြောင်းရွေ့ တည်ဆောက်လျက် ရှိပြီး အနောက်ဘက် ကျေးရွာသစ်တွင် ၇၅ ပေ ပတ်လည်မြေကွက် တစ်ကွက်လျှင် ကျပ်နှစ်သိန်း နှုန်းဖြင့် အိမ်ခြေ ၁၈ လုံး ပြောင်းရွေ့ တည်ဆောက်လျက် ရှိသည်။
ရွှေပန်းခိုင်ကျေးရွာသည် အိမ်ခြေ ၁၃၃ အိမ်အနက် ၇ အိမ်မှာ ကျေးရွာဟောင်းတွင် ကျန်ရှိခဲ့မည် ဖြစ်ပြီး ကျေးရွာသစ်အား အနောက်ဘက် ကျွန်းယင်းတောင်တွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ရွှေပန်းခိုင် ကျေးရွာသစ် စီမံကိန်းတွင် ၇၅ ပေပတ်လည် မြေကွက်တစ်ကွက်လျှင် ကျပ်ငါးသောင်းနှုန်း သတ်မှတ် ထားကြောင်း သိရသည်။
နှုံးကြီးကျေးရွာသည် အိမ်ခြေ ၁၅၀ အနက် အိမ်ခြေ ၁၂၀ ပြောင်းရွှေ့တည်ဆောက်မည် ဖြစ်ကြောင်း သိရှိရသည်။
ကျေးရွာသစ် တည်ဆောက်ရေးအတွက် ယာမြေတန်ဖိုးမှာ ကျပ်သိန်း ၆၀ ခန့်အထိ မြေစျေးမြင့်တက်မှု့ကြောင့် ပေ ၇၅ ပေပတ်လည် မြေတစ်ကွက်လျှင် ကျပ် ဆယ်သိန်းခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။